Subscribe to our RSS Feed

ထိုင်းနိုင်ငံမှ ဘင်္ဂလီ ၁၃၀၀ ခန့် ပြန်လည်ပို့ဆောင်ရေး မြန်မာနိုင်ငံအစိုးရနှင့် ညှိနှိုင်းခဲ့မှု၊ မြန်မာနိုင်ငံက သဘောတူလက်ခံခဲ့မှု တစ်စုံတစ်ရာ လုံးဝမရှိ

From : Hmuu Zaw


Photo : Popular News
● ထိုင်းနိုင်ငံတစ်ဝှမ်းရှိ ထိန်းသိမ်းရေး စခန်းများနှင့် ဒုက္ခသည်စခန်းများမှ ဘင်္ဂလီ ၁၃၀၀ ခန့်ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည် ဟူသော သတင်းကို နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြပါရှိလာခဲ့ကြောင်း တွေ့ရှိရသည်။

● အဆိုပါသတင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သည်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည်လည်း ကောင်း၊ ဘန်ကောက်ရှိ မြန်မာနိုင်ငံသံရုံးသည်လည်းကောင်း သဘောတူဆောင်ရွက် ခဲ့ခြင်း၊ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း အလျဉ်း မရှိကြောင်း သိရှိရသည်။

● လူမှောင်ခို ကူးသူများနှင့် တရားမ၀င် ချိတ်ဆက် ဆက်သွယ်လျက် ပြန်လည်ပို့ဆောင်ခြင်းများ ရှိနိုင်သော်လည်း လူမှောင်ခိုများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံအစိုးရအာဏာပိုင်များ ဟူ၍ တရားလက်လွတ် ပြောရုံမျှဖြင့် မြန်မာနိုင်ငံက လက်ခံမည် မဟုတ်ပါ။ 

● "နိုင်ငံသားကိစ္စသည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ အစိတ်အပိုင်းတစ်ရပ်" ဟူသော ဆောင်ပုဒ်မှာ အကြောင်းမဲ့ ထားရှိခြင်း မဟုတ်ပါ။ ပြည်ပနိုင်ငံတစ်နိုင်ငံသို့ ရောက်ရှိသွားသူတစ်ဦးက မြန်မာနိုင်ငံသား ဖြစ်ပါသည်၊ မြန်မာနိုင်ငံကလာပါသည် ဟု ထုတ်ဖော်ပြောကြားရုံမျှဖြင့် မြန်မာနိုင်ငံသား ဖြစ်လာမည် မဟုတ်ပါ။ 

● နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ရရှိရန် သက်ဆိုင်ရာ ဥပဒေ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ ပြဌာန်းသတ်မှတ်ထားလေ့ ရှိပါသည်။ ဥပဒေပြုရေးအာဏာက ထိုဥပဒေကို ပြဌာန်းပေးပြီး အုပ်ချုပ်ရေးအာဏာက ယင်းဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရပါသည်။ ဥပဒေနှင့် မညီသူများကို အရေးယူဆောင်ရွက်မှု ပြုရပါသည်။ နိုင်ငံသား မဟုတ်လျှင် မဟုတ်သည့်အတိုင်း အရေးယူဆောင်ရွက်ရာ၌ တရားစီရင်ရေးအာဏာဖြင့် စီရင်မှု ပြုရပါသည်။ ထို့ကြောင့် နိုင်ငံသားကိစ္စသည် အချုပ်အခြာအာဏာ၏ အစိတ်အပိုင်း ဖြစ်သည် ဟု ဆိုရခြင်း ဖြစ်ပါသည်။ 

● အခြားသောနိုင်ငံများက ထိုင်း၊ မလေးရှား၊ သြစတြေးလျ စသည့် ဒေသတွင်း နိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်နေထိုင်ကြရာ၌ မြန်မာနိုင်ငံသား ဟု နှုတ်မှ ပြောရုံမျှဖြင့်၊ အိမ်ရှင်နိုင်ငံများက ယင်းတို့၏ပြောကြားချက်အတိုင်း လက်ခံရုံမျှဖြင့် မြန်မာနိုင်ငံသား မဖြစ်နိုင်ပါ။ မြန်မာနိုင်ငံသား ပြည်ပသို့ သွားရောက်သည် မှန်လျှင် မြန်မာနိုင်ငံ ပတ်စ်ပို့ ရှိရပါမည်။ UNHCR ကဒ် ကိုင်ဆောင်ထားသူများက မြန်မာနိုင်ငံသား ဟု ပြောတိုင်းလည်း မြန်မာနိုင်ငံသား ဖြစ်လာမည် မဟုတ်ဘဲ UNHCR ကဒ် ကိုင်ဆောင်ထားသူသာ ဖြစ်သည်။

● နယ်ခြားနယ်နိမိတ်ထိစပ်မှုနှင့် သွားလာရ လွယ်ကူမှု၊ လူကုန်ကူးမှု စသည်တို့အရ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ရောက်ရှိနေခဲ့သော မြန်မာနိုင်ငံသားများနှင့် စပ်လျဉ်း၍ လည်း ယင်းတို့ ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အ၀ ရရှိရေး၊ မိမိနိုင်ငံသား များကို ကူညီစောင့်ရှောက်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်သမ္မတကြီး လက်ထက်တွင် နှစ်နိုင်ငံညှိနှိုင်းကာ နိုင်ငံသားအသိအမှတ်ပြု ကဒ်များ ထုတ်ပေးနိုင်ရန် နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့သည်။ ယင်းသို့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် အပြီးအပြတ်ဆောင်ရွက်ပြီး ခိုင်မာသော အထောက်အထားများ ရှိမှသာ နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံခြင်း ဖြစ်သည်။ နှုတ်မှ မြန်မာ ဟု ပြောတိုင်း လက်ခံခဲ့ခြင်း မဟုတ်ပါ။ 

● လက်ရှိအချိန်တွင် ပြည်တွင်း၌ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ပင်လယ်ရေကြောင်းမှတစ်ဆင့် နိုင်ငံအတော်များများသို့ တိုးဝင်နေသည့် ဘင်္ဂလီကိစ္စ အားလုံးကို မြန်မာနိုင်ငံအား လက်ညိုးထိုး၍ ဘောလီဘောပုတ်လာသည့် "မြန်မာအခက်-ဘင်္ဂလီအချက် နည်းဗျူဟာ" များကို တိုးမြင့်တွေ့ရှိလာခဲ့သည်။ သို့သော် မြန်မာနိုင်ငံအနေဖြင့် သတင်းများတွင် ဖော်ပြပါရှိသော "လူမျိုးစုအမည်ဇြင့် ဘင်္ဂလီ"များကို မည်သည့်အခါကမျှ အသိအမှတ်ပြုခြင်း၊ လက်ခံခြင်း မရှိခဲ့ပါ။

● ဤသို့ ဆို၍ မြန်မာနိုင်ငံသည် ဘင်္ဂလီအားလုံးကို နိုင်ငံသား ဖြစ်ခွင့် မပေးဘဲ မျက်စေ့စုံမှိတ် ငြင်းဆန်နေခြင်း မဟုတ်ပါ။ နိုင်ငံသားဖြစ်ခွင့်သည် နိုင်ငံသား ဥပဒေနှင့် အညီသာ ဖြစ်ရပါမည်။ ဥပဒေနှင့်မညီသော၊ ခိုင်လုံသောအထောက်အထားမရှိသော ဘင်္ဂလီများကိုမူ နိုင်ငံသား ဟူ၍ လုံးဝ လက်ခံနိုင်မည် မဟုတ်ပါ။ နိုင်ငံသားဥပဒေသည် ဤနိုင်ငံသား အားလုံးက လိုက်နာရမည့် ဥပဒေ ဖြစ်ပြီး မည်သည့်အစိုးရ အုပ်ချုပ်သည် ဖြစ်စေ၊ ဤဥပဒေကို ကျော်လွန်၍ ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါ။ 

● ပြည်ပ ဖိအားပေးမှုများကြောင့် အဆိုပါနိုင်ငံသားဥပဒေကို ကျော်လွန်၍ ဆောင်ရွက်ပေးခဲ့ပါလျှင် အချုပ်အခြာအာဏာကျိုးပေါက်သည့် အခြေအနေသို့ ရောက်ရှိစေမည် ဖြစ်ပါသည်။ ဤသည်ကိုလည်း နိုင်ငံတကာဆက်ဆံရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး ချမှတ်ထားသော မူဝါဒ(၄)ရပ်တွင် "နိုင်ငံတော်၏အချုပ်အခြာ အာဏာ မထိပါးစေရ" ဟူ၍ ပြတ်ပြတ်သားသား ကြေညာထားပြီး ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။ 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်