Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂၀၁၄ ခုနှစ်၊ (၆၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသဝဏ်လွှာ

From : Hmuu Zaw


ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-
 ယနေ့အချိန်အခါသည် ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ်ပြုထားသည့် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ ဤနေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ချစ်ခင်ရင်းနှီးစွာ မှီတင်းနေထိုင်လျက် ရှိကြကုန်သော တိုင်းရင်းသားပြည်သူ အပေါင်းတို့ ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းဖြင့် နှုတ်ခွန်းဆက်သအပ်ပါသည်။



ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-
သမိုင်း အစဉ်အလာကြီးမားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသား ညီအစ်ကို မောင်နှမ တို့သည် ရှေး ပဝေသဏီကပင် ဥမကွဲ၊ သိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံသို့ ကိုလိုနီ နယ်ချဲ့တို့ ကျူးကျော် ဝင်ရောက်လာသဖြင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရပြီး နယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ်သည့် စနစ်ကြောင့် တိုင်းရင်းသားအချင်းချင်း အထင် အမြင်လွဲမှားကာ စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ရသည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ တိုင်းရင်းသား ခေါင်းဆောင် များ၏ ကြိုးပမ်းမှုကြောင့် တိုင်းရင်းသား သွေးစည်းညီညွတ်မှုကို ပြန်လည် ရရှိကာ ၁၉၄၇ ခု ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ် ကို ချုပ်ဆိုင်နိုင်ခဲ့ပြီး စုပေါင်းညီညွတ်သည့် အင်အားဖြင့် လွတ်လပ်ရေးကို ရယူနိုင်ခဲ့ပေသည်။

လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ကိုလိုနီစနစ်၏ လက်ကျန်အမွေဆိုးများ ပြီးပြတ် ချုပ်ငြိမ်းသွားခြင်းမရှိဘဲ တိုင်းရင်းသား ညီအစ် ကိုမောင်နှမများအကြား သံသယနှင့် ပဋိပက္ခများ နှစ်ရှည်ကြာစွာ ဖြစ်ပေါ်ခဲ့ရသည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း တိုင်းရင်းသား အချင်းချင်းကြားတွင် ဖြစ်ပေါ်ခဲ့သည့် သံသယနှင့် ပဋိပက္ခများကြောင့် မိမိတို့နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက် တွင် အိမ်နီးချင်း နိုင်ငံများထက် နောက်ကျ ခဲ့ရသည်။ လွတ်လပ်ရေး နှင့်အချုပ်အခြာ အာဏာပိုင်စိုးရေးအတွက် နယ်ချဲ့နှင့် ဖက်ဆစ်တို့ကို တိုင်းရင်းသား ညီအစ်ကိုမောင်နှမတို့၏ အသက်နှင့်သွေးများကိုရင်းကာ တွန်းလှန် တိုက်ခိုက် ခဲ့ရခြင်းကို ရင်ထဲတွင် အမြဲအမှတ်ရပြီး မြန်မာ့သမိုင်းတစ်လျှောက်ကြုံတွေ့ခဲ့ ရသည့် ခါးသီးသော အတွေ့အကြုံများကို သင်ခန်းစာယူ လျက် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေး တို့အတွက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအား လုံး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ပေသည်။




ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား-
နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်မှု တိုးတက် ခိုင်မာစေရေး အတွက် တိုင်းရင်းသား ပြည်သူ တစ်ရပ် လုံးနှင့်လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိပေသည်။ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ် နိုင်မည့် ညှိနှိုင်းဆွေးနွေးမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ရလဒ်ကောင်းများ ရရှိနေပြီ ဖြစ်ပါသည်။ ငြိမ်း ချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လိုင်ဇာဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသား လူမျိုး ပေါင်းစုံပါဝင် သည့် ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်တွင် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပေသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင် သွားရန်အတွက် ကြိုးပမ်းမှုအားလုံးကို အင်တိုက်အား တိုက် ထောက်ခံသွားမည် ဖြစ်ပေသည်။
ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် တည်ထောင်ရာ တွင် တွေ့ ကြုံရမည့် ပြည်တွင်း ပြည်ပမှ စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများနှင့် နှောင့်ယှက်မှုများကို တိုင်းရင်းသား ညီအစ်ကိုမောင်နှ မများ၏ စုပေါင်း ညီညွတ်သည့် အင်အားဖြင့် တွန်းလှန်နိုင်မည် ဖြစ်သည်ကို ယုံကြည်ပါသည်။

အထူးသဖြင့် မျက်မှောက်ကာလတွင် အရှိန်အဟုန်မြင့်မားစွာ တိုးတက်လာသည့် နည်းပညာ၏ ကောင်းကျိုးများကို အတူတကွ မျှဝေခံစားကြပြီး ဘေးထွက် ဆိုးကျိုးများ ကိုလည်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကျော်လွှားနိုင်ရန် အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပေသည်။


ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ပူးပေါင်း ဆောင်ရွက် မှုကြောင့် နိုင်ငံေ တ်ာကြီး အေးချမ်း သာယာပြီး အဘက်ဘက်မှ ခေတ်မီ ဖွံ့ဖြိုးတိုးတက် လျက်ရှိနေပြီဖြစ်ပြီး နိုင်ငံတကာ အလယ်တွင် မျက်နှာပွင့် လန်းနေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်မှ စတင်ပြီး အာဆီယံ အဖွဲ့သို့ဝင်ရောက်ခဲ့ရာ ယခုနှစ်တွင် ၁၇ နှစ်ပြည့်ေ မြာက် ခဲ့ပြီဖြစ်သည်။ ၁၇ ခုနှစ်အတွင်း အာဆီယံဥက္ကဋ္ဌရာထူးကို ပထမဆုံး အကြိမ် လက်ခံရယူနိုင်ခဲ့ပြီး ယခုနှစ်အတွင်းကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးများ၊ ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပ နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ကို ဆောင်ရွက်လျက်ရှိပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ယဉ်ကျေး သိမ်မွေ့မှု၊ ဖော်ရွေ ပျူငှာမှု၊ ကူညီစောင့်ရှောက်တတ်မှု၊ ကိုယ်ကျင့်တရားမြင့်မားမှု စသည့်နိုင်ငံနှင့်လူမျိုး၏ မြင့်မားသည့်ပုံရိပ်ကို ဖော်ထုတ်ပြသနိုင်ခဲ့ပေသည်။ ထိုသို့ ပြသနိုင်ခဲ့ခြင်းသည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ပြည်ထောင်စု စိတ်ဓာတ်နှင့် စစ်မှန်သည့် မျိုးချစ်စိတ် တို့ကြောင့်ပင် ဖြစ်ပေသည်။

ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-
ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် တိုင်းရင်းသားအားလုံး တန်းတူရည်တူ ပါဝင်ဖော်ဆောင်နိုင်မှုသည် အရေးကြီးလှပါသည်။ ထိုသို့ပါဝင်ဖော်ဆောင်နိုင်သည့်အတွက် ရရှိလာသည့် အောင်မြင်မှု အသီးအပွင့် ရလဒ်ကောင်းများကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့နေကြရပြီဖြစ်ပါသည်။ တိုင်းရင်းသား သွေးစည်းညီညွတ်မှု၊ အမျိုးသား ပြန်လည် သင့်မြတ်မှုကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်နိုင်သည်နှင့်အမျှ ငြိမ်းချမ်း သာယာ ၀ပြောသည့် ခေတ်တစ်ခေတ်ကို တည်ဆောက်နိုင်မည်မှာ မလွဲမသွေ ဖြစ်ပေသည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ များအားလုံး ရရှိပြီးသော အခြေခံကောင်း များဖြင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာ၌ ခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ်၊ စစ်မှန်သည့်မျိုး ချစ်စိတ် တို့ဖြင့် သွေးစည်းညီညွတ်စွာ တက်ညီ လက်ညီ ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ကြပါရန် မင်္ဂလာရှိသော ပြည်ထောင်စုနေ့ အခါသမယတွင် တိုက်တွန်းနှိုးဆော် လိုက်ပါသည်။


 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်