Subscribe to our RSS Feed

တအာင်း(ပလောင်)တပ်မတော်မှ စစ်သားများ စုဆောင်းနေခြင်းကြောင့် တိုင်းရင်းသားများ ထွက်ပြေးတမ်းရှောင်နေရ

From : The Myanma Age


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)မှ စစ်ကြောင်းမှူး အိုက်ဖုန်းဦးဆောင်အဖွဲ့သည် ပလောင်တိုင်းရင်းသားများကို စစ်မှုထမ်းမှုရန် စစ်သား စုဆောင်းနေခြင်းကြောင့် စစ်မှုမထမ်းလိုသည့် ပလောင်တိုင်းရင်းသားများတချို့မှာ ထွက်ပြေးတိမ်းရှောင်နေရင်း မိသားစုနေရေး အခက်ဒုက္ခတွေ့နေရကြောင်း ၎င်းထွက်ပြေးတိမ်းရှောင်သူ ပလောင်တိုင်းရင်းသားများကဖေဖော်ဝါရီ ၂၀ရက်နေ့က ပြောကြားခဲ့သည်။ စစ်မှုမထမ်းလိုသည့်ထွက်ပြေးလာသူ ပလောင်တိုင်းရင်းသားများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ ဟိုချောင်းကျေးရွာ၊ ကယားလမ်းရှိ ဇယန်းကြီးကျေးရွာနှင့် ဇယန်းမြောက်အရပ်ရွာသားများဖြစ်သည်ဟု သိရပြီး စစ်မက်ဖြစ်ပွားခြင်းကို စိတ်ပျက်လာ၍ ယခုလိုထွက်ပြေးတိမ်းရှောင်ရသည်ဟုလည်း သိရသည်။

ထွက်ပြေးလာသူပလောင်တိုင်းရင်းသား တစ်ဦးက “ကျွန်တော့်အနေနဲ့ စစ်ပွဲတွေကို မမြင်ချင်တော့ဘူး။ ကျွန်တော့်တို့ ပလောင်တပ်မတော်(TNLA)က စစ်မှုထမ်းရမယ်လို့ လွန်ခဲ့တဲ့သုံး/လေးနှစ်က ထုတ်ပြန်ကြေငြာထားပါတယ်။ ကျွန်တော့်သားနှစ်ယောက်ရဲ့ အနာဂတ်ရှေ့ရေးကိုကြည့်ရင်း စိုးရိမ်ပူပန်မိတာကြောင့် အခုလိုတိမ်းရှောင် ထွက်ပြေးရတာပါ။ အလုပ်အကိုင်တွေပစ်ပြီးလာရတော့ ဒုက္ခရောက်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ နေ့စဉ်လို တိုက်ပွဲတွေကြားထဲမှာဘဲ စိုးရိမ်ပူပန်နေခဲ့ရတယ်။ မိသားစုဆွေမျိုးသားတွေလည်း အမျိုးမျိုးသေကွဲ၊ ကွဲခဲ့ရပြီးပြီ။ ထပ်ပြီးမဖြစ်ချင်တော့ဘူးလေ။ အခုလိုနီးစပ်ရာမြို့တွေမှာ ရောက်နေရတာပါ၊”ဟု ၎င်းတိုင်းရင်းသားကဆိုသည်။

တအာင်း(ပလောင်)တပ်မတော်(TNLA)သည် လွန်ခဲ့သည့်၂၀၁၂ခုနှစ်၌ ရှမ်းမြောက်/ပလောင်အုပ်ချုပ်ခွင့်နယ်မြေများအား တစ်ရွာလျှင် ပလောင်အမျိုးသား(၂၀)ဦးကျ စစ်မှုထမ်းရမည်ဟု သတ်မှတ်ထားပြီး အိမ်ထောင်မိသားစုတခုတွင် အမျိုးသားသုံးဦးရှိက နှစ်ဦးစစ်မှုထမ်းရန်၊ နှစ်ဦးရှိကတစ်ဦးစစ်မှုထမ်းရန်ဖြစ်ပြီး အသက်(၁၈)နှစ်မှ အသက်(၃၅) နှစ်အောက်အတွင်း စစ်မှုထမ်းရမည်ဟု ထုတ်ပြန်ကြေငြာထားကြောင်း၊ ၎င်းတပ်မတော်၏ ရည်ရယ်ချက်အရ မြန်မာအစိုးရနှင့် ယုံကြည်မှုအပြည့်အ၀တည်ဆောက်ထားသည့် အဆင့် မရှိသေး၍ ပလောင်တိုင်းရင်းသားများ၏ ကိုင်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်စီမံခွင့်၊ အစိုးရနှင့်ရပိုင်ခွင့်အလန်းအာဏာများကိုခွဲဝေပိုင်ဆိုင်ကျင့်သုံးခွင့် မရရှိသေးသောကြောင့် ယခုလို တိုင်းရင်းသားဘ၀လုံခြုံရေးအတွက် ကာကွယ်ရေးအင်အားဖြည့်ဆီးနေခြင်းဖြစ်ကြောင်း၊ အဓိက ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးနှင့် ဘုံတိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ခိုင်မာစေရန် ရည်ရွယ်၍ စစ်မှုထမ်းနေရခြင်းဖြစ်သည်ဟု တအောင်းအမျိုးသား နိုင်ငံရေးလေ့လာသူများက ပြောသည်။

အထက်ပါစစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်သူ ပလောင်တိုင်းရင်းသားများမှာ ယမန်နေ့ဖေဖော်ဝါရီ၁၅ရက်က ထွက်ပြေးလာသူများဖြစ်သည်။ စစ်ပွဲအနိဌာရုံအမျိုးမျိုးကြုံခဲ့ရပြီး စားဝတ်နေရေး အလုပ်အကိုင် အခွင့်အလမ်းများ ပျက်ဆီးကျဆင်းကာ စစ်မက်ဖြစ်ပွားရေးကို ကြောက်ရွံ့မုန်းတီးနေခြင်းကြောင့် မိသားစုအရေးကိုကြည့်ပြီး ယခုလို ထွက်ပြေးတိမ်းရှောင်နေခြင်းဟု ဆက်လက် သိရသည်။

ယင်းအပြင်ပလောင်တိုင်းရင်းသားများ၏ အဓိကရိုးရာဓါးမဦးချ လုပ်ငန်းမှာ ရွှေဖီလက်ဖက်စိုက်ပျိုးရေး လုပ်ငန်းဖြစ်သည်။ တောင်ပေါ်/တောင်အောက်ချိုင့်ဝှမ်းများတွင် လက်ဖက်ပင်များကို စိုက်ပျိုးလုပ်ကိုင်ရင်း စားဝတ်နေရေးအတွက် ရုန်းကန်နေကြခြင်းဖြစ်ကြောင်း၊ ယခုလိုမြန်မာအစိုးရနှင့် ပလောင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ မကြာခဏဖြစ်နေပြီး တိုင်းရင်းသားများဘ၀လုံခြုံရေး အခြေအနေမကောင်း၍ စစ်နဲ့ဝေးးရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ၎င်းတိမ်းရှောင်သူ ပလောင်တိုင်းရင်းသားများက ဆိုထားသည်။

၂၀၁၃ခုနှစ်အတွင်း တအာင်း(ပလောင်)တပ်မတော်နှင့် မြန်မာအစိုးရတို့ အပစ်အခတ် ရပ်ဆဲရေးဆွေးနွေးခဲ့သော်လည်း ယခုလပိုင်း၌ ရှမ်းပြည်မြောက်ပိုင်း မိုးကုတ်၊ မိုးမိတ်မြို့နယ်ဝန်းကျင် အနီးတွင် အစိုးရနှင့်TNLAတို့ တိုက်ပွဲများ မကြာခဏဖြစ်နေကြောင်း၊ ပလောင်နယ်မြေရှိ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲ၊ နမ့်ခမ်းတလျှောက်တွင်လည်း နယ်မြေတိုက်ပွဲများ မငြိမ်းချမ်းသေးကြောင်း၊ ယင်းတိုက်ပွဲများဖြစ်ပေါ်မှုကြောင့် လုပ်ကိုင်စားသောက်နေကြသည့် ပလောင်တိုင်းရင်းသား မိသားစုများမှာ ဘ၀လုံခြုံမှုမအေးသည့်အပြင် လုပ်ရင်းအလုပ်အကိုင်များပစ်ကာ ထွက်ပြေးဒုက္ခရောက်ရသည်ဟု သိရပြီး၊ မြန်မာစစ်တပ်မှတိုက်ပွဲများ အရှိန်လျှော့ပါက ယခုလို ဒုက္ခရောက်မည် မဟုတ်ဟုလည်း ထွက်ပြေးတိမ်းရှောင်သူများက ဆိုသည်။

ယင်းကြောင့် စစ်မှုမထမ်းလိုသော ပလောင်တိုင်းရင်းသားများမှာ နီးစပ်ရာကျောက်မဲ၊ သီပေါ၊ နောင်ချို၊ ပြင်ဦးလွင်မြို့များ၌ တိမ်းရှောင်နေရ၍ နေရေးအခက်ကြုံနေရကြောင်း သိရသည်။

ထွန်းထွန်း(လားရှိုး)

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်