Subscribe to our RSS Feed

From : Soccer Myanmar



ပွဲမကစားမီည၌ မော်ဒယ်လ်တစ်ဦးကို ဟိုတယ်ခန်းထဲ ခေါ်ယူခဲ့သည့် ဂီရော့ဒ်ကို အာဆင်နယ် အရေးယူရန်စီစဉ်
Monday, February 17, 2014

ပွဲမကစားမီ တစ်ညတွင် အဖော်အချွတ် မော်ဒယ်လ်တစ်ဦးကို ဟိုတယ်ခန်းထဲ ခေါ်သွင်းမှုအတွက် တိုက်စစ်မှူး အိုလီဗီရာ ဂီရော့ဒ်ကို စည်းကမ်းပိုင်းအရ အရေးယူသွားမည်ဟု အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက အတည်ပြု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ (၂)ရက်နေ့က ခရစ္စတယ်လ်ပဲလေ့စ်ကို (၂-၀)ဖြင့် အာဆင်နယ်က အနိုင်ရခဲ့ပြီး ယင်းမတိုင်မီညတွင် ပြင်သစ်လက်ရွေးစင် ဂီရော့ဒ်က ဆီလီယာကေးကို Four Seasons ဟိုတယ်သို့ ခေါ်ယူခဲ့ခြင်းဟု ဆိုသည်။ ဂီရော့ဒ်သည် ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တောက်လျှောက် ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင်မူ ဝင်းဂါးနှင့် ဇနီးဖြစ်သူ ဂျနီဖာဂီရော့ဒ်တို့အား ပြန်လည် တောင်းပန်ခဲ့ကြောင်း သိရသည်။ ယခုအခါ ဝင်းဂါးကိုယ်တိုင်က ဂီရော့ဒ်ကို အရေးယူမှု ပြုလုပ်သွားမည်ဟု အတည်ပြုလာခြင်း ဖြစ်သည်။
"ဒါက အတွင်းရေး ကိစ္စဖြစ်နေတယ်။ ဒါကြောင့် သူ့ရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ထိပါးနိုင်တဲ့ မှတ်ချက်မျိုး ကျွန်တော် ဘာမှမပေးချင်ဘူး"ဟု ဝင်းဂါးက ဆိုသည်။ အဆိုပါ မော်ဒယ်လ်က ဂီရော့ဒ်၏ အတွင်းခံ ဘောင်းဘီနှင့်ပုံကို ဓာတ်ပုံရိုက်ယူခဲ့ပြီး ယင်းဓာတ်ပုံသည် The Sunသတင်းစာထံ ရောက်သွားကာ တနင်္ဂနွေနေ့က ပုံနှိပ်ဖော်ပြခြင်း ခံခဲ့ရသည်။ ဂီရော့ဒ်သည် မငြင်းသာသည့် အခြေအနေတွင် Twitterမှတစ်ဆင့် ဇနီးသည်အား တောင်းပန်ကြောင်း ရေးသားခဲ့သည်။ "ကျွန်တော့်ဇနီး၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အသင်းမန်နေဂျာ၊ အသင်းဖော်တွေ၊ ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ ကျွန်တော် ခုချိန်မှာ မိသားစုနဲ့ ကလပ်အသင်းရဲ့ ခွင့်လွှတ်မှုကို ရယူနိုင်ဖို့ ကြိုးစားနေရပါတယ်။ ခုချိန်မှာ ဒီအချက်ကသာ အရေးအကြီးဆုံးပါပဲ"ဟု ဂီရော့ဒ်က ဖွင့်ဟထားသည်။

ကေးသည် Maximနှင့် FHMတို့ကဲ့သို့ နိုင်ငံတကာ မဂ္ဂဇင်းကြီးများတွင် ကိုယ်ဟန်ပြခဲ့ဖူးသူ ဖြစ်သည်။ ကေးက သူမသည် အရပ်(၆)ပေ၊ (၄)လက်မရှိသော တိုက်စစ်မှူးထံ သွားတွေ့ခဲ့သော်လည်း ကိုယ်လက်နှီးနှောမှု မရှိဟု ပြောဆိုထားသည်။ ကေးနှင့် တွေ့ဆုံသည် ဆိုခြင်းကို အစောပိုင်းတွင် ဂီရော့ဒ်က ငြင်းဆန်ခဲ့ပြီး ကလပ်အသင်း၏ ဒဏ်ရိုက်ခြင်းမှ ရှောင်လွှဲနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အဖြစ်မှန် ပေါ်လာခြင်း ဖြစ်သည်။ "ဂီရော့ဒ်အနေနဲ့ အမှန်တရားကို သိပါတယ်။ ကျွန်မတို့အကြောင်း သူလိမ်တယ် ဆိုတာကတော့ ပျော့ညံ့မှု တစ်ခုပါပဲ"ဟု ကေးက The Sunသို့ ပြောကြားခဲ့သည်။ အာဆင်နယ်သည် အစောပိုင်းက ဂီရော့ဒ်ကို ပေါင်စတာလင် (၂၃၀၀၀၀)ထိ ဒဏ်ရိုက်ရန် စီစဉ်ခဲ့သော်လည်း ကစားသမားက ဖြစ်ရပ်ကို ငြင်းဆန်သည့်နောက် အဆိုပါ အစီအစဉ်ကို ရုပ်သိမ်းထားခဲ့သည်။


 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်