Subscribe to our RSS Feed

ဓမ္မနဲ့ အဓမ္မကြားမှာ '၀င်း-၀င်း' အဖြေရှိနိုင်သလား

၂၀၀၉ခုနှစ် အတွင်း ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ အစည်းအဝေး မှန်သမျမှာ အလေးထားဆုံး ဆွေးနွေးပွဲခေါင်းစဉ် တစ်ခုကတော့ ကမ္ဘာကြီး ပူနွေးလာမှုကို တားဆီးဖို့ ကာဗွန်ဓာတ် ထုတ်လွှင့်မှု လျော့ချရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို နိုင်ငံတိုင်းက အားသွန်ခွန်စိုက် ဆောင်ရွက်ကြရေး ဖြစ်တယ်။


ထိပ်တန်းဦးစားပေးပြဿနာ

နှစ်စဉ်နှစ်တိုင်း အရေးကြီးဆုံး ပြဿနာများအဖြစ် သဘောထား ဆွေးနွေးခဲ့ကြတဲ့ အစ္စရေး-ပါလက်စတိုင်း ပြဿနာ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးပြဿနာ၊ ဆင်းရဲမွဲတေမှုနဲ့ အငတ်ဘေး ပပျောက်ရေးပြဿနာ၊ နျူကလီးယားလက်နက် ထိန်းချုပ်ရေးပြဿနာ စတဲ့ ခေါင်းစဉ်ဟောင်းများကို ကျော်လွန်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စ ထိပ်ဆုံးဦးစားပေးကိစ္စ ဖြစ်လာတာ ကောင်းပါတယ်။ ၀မ်းသာစရာပါ။ ကမ္ဘာကြီးတစ်ခုလုံးရဲ့ အခြေအနေ တစ်နေ့တခြား ဆိုးသထက်ဆိုးလာ နေတယ်ဆိုတာ ကလေးလူကြီးမကျန် အားလုံးသိနေကြပါပြီ။ အခု ဆောင်းရာသီ ရောက်နေတာတောင် ဆောင်းမှန်းမသိရတော့ပါဘူး။ နှင်းမှုန်မှုန်ထဲ မှာ အနွေးထည်ရောင်စုံတွေ ၀တ်ဆင်ပြီး မနက်အစောကြီး လမ်းလျောက်တဲ့ သူတွေအစား၊ ဘောင်းဘီတို၊ စပို့ရှပ်နဲ့ ချွေးသံရွှဲရွှဲ လမ်းလျောက်နေသူတွေပဲ မြင်တွေ့နေရတော့တယ်။ ညဦးပိုင်းတွေမှာ မိသားစုတစ်ခုလုံး မီးလင်းဖိုဘေး စုဝေး၀ိုင်းထိုင်ရင်း ခေါပုတ်ကင်စား၊ ထန်းပင်မြစ်ဖုတ်စား၊ ပဲမြစ်ပြုတ် စားတဲ့ အခုဆောင်းမြင်ကွင်းတွေ ပျောက်ကွယ်သွားတာလည်း ကြာလှပါပြီ။ ဆောင်းမှာ သိပ်မအေးသလို နွေမှာလည်း သိပ်မပူဘဲ ရာသီဥတုမျတပြီး နေလို့ကောင်းတဲ့ ရန်ကုန်မြို့ကြီးလည်း အခုဆိုမန္တလေးနဲ့ အားလုံး အတူတူဖြစ်နေပြီ။


ပရုတ်နံ့သင်းတဲ့ လေနုအေး

အောက်အရပ်ဒေသတွေသာ ဒီလိုဖြစ်တာမဟုတ်ဘူး။ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်စတဲ့ တောင်ပေါ်ဒေသတွေမှာလည်း အတူတူပါပဲ။ သိသိသာသာ အပူရှိန်တွေမြင့်တက် လာခဲ့တယ်။ ရှေးကမေမြို့(ပြင်ဦးလွင်)တက်တဲ့အခါ နှစ်ဆယ့်တစ်မိုင် စခန်းလွန်တာနဲ့ ပရုတ်နံ့သင်းနေတဲ့ လေနုအေးကလေး ရှုရှိုက်လိုက်ရတာကြောင့် လူတိုင်းလန်းဆန်း ရွှင်မြူး သွားကြမြဲဖြစ်တယ်။အခုတော့ ပြင်ဦးလွင် မြို့ဝင်တဲ့အထိ ပရုတ်နဲ့ ထင်းရှူးနံ့ မရှုရှိုက်ရတော့ဘူး။ ပါးစပ်က အငွေ့တထောင်းထောင်း ထွက်အောင်အေးတဲ့ အရသာလည်း မခံစားရတော့ဘူး။ ပြင်ဦးလွင်ရဲ့ နွေနေ့ခင်းများဟာ မန္တလေး နဲ့အကွာကြီး မဟုတ်တော့ဘူး။ ကောလိပ်ကျောင်းသားဘ၀က ပြင်ဦးလွင် ကိုပဲ လွမ်းနေရတော့တယ်။


မလုံလောက်သေးဘူးထင်တယ်

အခုတလော ၀င်ရိုးစွန်းဒေသ က ရေခဲတောင်ကြီးတွေ အရည်ပျော်ကျမှုနှုန်း ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လာတာကြောင့် ကမ္ဘာ ကြီးတစ်ခုလုံး အပေါ်ကျရောက်လာမယ့် အန္တရာယ်မျိုးစုံကို လျစ်လျူရှု မနေနိုင်ကြတော့ဘူး။ အလေးထား ပြောကြားလာကြရတော့တယ်၊ နိုင်ငံတကာ အစည်းအဝေးတိုင်းမှာလည်း ထည့်သွင်းဆွေးနွေးလာကြတယ်။ တက်ရောက် ပြောကြားတဲ့ ခေါင်းဆောင်တိုင်းကလည်း ဘန်ကီမွန်းအစ အိုဘားမားအလယ် အဘီဆစ်အဆုံး ကာဗွန်ဓာတ်ထုတ်လွှင့်မှု လျော့ချရေးကိစ္စ တစ်ကမ္ဘာလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းကို ထပ်တလဲလဲ ပြောကြားခဲ့ကြတယ်။ ၀မ်းသာပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒါလောက်နဲ့တော့ မလုံလောက်သေးဘူး ထင်ပါတယ်။


စီးပွားရေးသမားအလိုကျ

ကာဗွန်ဓာတ် ထုတ်လွှင့်မှုလျော့ချရေးအတွက် ဆိုပြီး လျပ်စစ်မီးတွေ ပိတ်ထားရုံ၊ လေအေးပေးစက်တွေ မဖွင့်ရုံနဲ့တော့ ကမ္ဘာကြီးရဲ့ အပူတွေလျော့ကျ သွားဖွယ်မရှိပါဘူး။ ပြဿနာတစ်ရပ်ကို ဖြေရှင်းဖို့ဆိုရင် အဲဒီပြဿနာ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို တွေ့အောင်ရှာပြီး ဖယ်ရှားရှင်းလင်းပစ်ရပါတယ်။ အခုဆိုရင် ကာဗွန်ဓာတ်တွေကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဆက် တွေကိုလည်း လက်တွေ့တော်တော်ကြီး ခံစားနေကြရပြီ။ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုလည်း သိနေကြပါပြီ။ ဒါပေမယ့် အခုလို လျပ် စစ်မီးတွေ ပိတ်ထားဖို့ လေအေးပေးစက်တွေ မဖွင့်ဖို့ဆိုတဲ့ 'ထမင်းရေပူ လာလျာလွှဲ'တဲ့ လှုံ့ဆော်မှုတွေ လုပ်တာလောက်ပဲ ရှိနေပါသေးတယ်။ ဖန်လုံအိမ် အာနိသင်လျော့ချရေးဆိုင်ရာ ကျိုတို သဘောတူညီချက်ကြီးကနေ တစ်ဖက်သတ် ဖျက်သိမ်းပြီး အမေရိကန်နိုင်ငံ နုတ်ထွက်သွားတော့ အဲဒီ အချိန်က သမ္မတဂျော့ဘုရှ် ပြောတဲ့စကားက 'ကျိုတိုစာချုပ်ဟာ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတာကြောင့် လက်မခံနိုင်ဘူး' ဆိုတဲ့ စကားဖြစ်ပါတယ်။ ကောင်းပြီကောင်းရဲ့နဲ့ အစက လက်ခံ သဘောတူခဲ့ပြီးမှ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ အလိုကျ မျက်နှာပြောင်တိုက်ပြီး ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။


အလုံးစုံညီညွတ်ရေးဆိုတာမရှိ

ကာဗွန်ဓာတ်ငွေ့ အလုံးအရင်းနဲ့ လွှင့်ထုတ်ပေးနေတဲ့ သူဌေးတွေပိုင် စက်ရုံကြီးတွေကိုတော့ ထိန်းသိမ်းကွပ်ညှပ်ဖို့ မလုပ်ဘဲ အိမ်ထဲမှာ လျပ်စစ်မီးထွန်းတဲ့ သူတွေနဲ့ လေအေးပေးစက် ဖွင့်တဲ့သူတွေကိုသာ လက်ညှိုးထိုးပြနေတဲ့ လုပ်ရပ်ကတော့ တော်တော် ရယ်စရာကောင်းနေပါတယ်။ ကမ္ဘာတစ်ခုလုံးက ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပြီး မီးမထွန်းဘဲ မှောင်ထဲမှာ ငုတ်တုတ်ထိုင်နေကြလို့ ၀င်ရိုးစွန်းက ရေခဲတောင်ကြီးတွေ အရည်ပျော်ကျမှု ရပ်စဲသွားမယ်ဆိုတာ သေချာရင် ကျွန်တော်တို့ မှောင်ထဲမှာနေဖို့ အဆင်သင့်ပါ။ အဲဒီလိုမဟုတ်ဘဲနဲ့ သူဌေးကြီးတွေရဲ့ စက်ရုံကြီးတွေ အရှိန်အဟုန် မပျက်လည်ပတ်နေဖို့ အတွက်တော့ ကျွန်တော်တို့ မီးတွေ မှိတ်မပေးနိုင်ပါဘူး။ အဲဒီလိုမျိုးလုပ်ဖို့လည်း ကျွန်တော်တို့ကို ညီညွတ်ပါ ညီညွတ်ပါလို့ တဖွဖွလှုံ့ဆော်မနေပါနဲ့။ ညီညွတ်မှု ဆိုတာ တူညီတဲ့ အကျိုးစီးပွားတစ်ခု အပေါ်မှာသာ တည်ဆောက်လို့ ရနိုင်တာမျိုးပါ။ အကြွင်းမဲ့ လုံးဝဥဿုံ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ညီညွတ်ရေး ဆိုတာ ဘယ်တော့မှ မရှိနိုင်ပါဘူး။ ဘယ်တုန်းကမှလည်း မရှိခဲ့ပါဘူး။ ဒုတိယ ကမ္ဘာစစ်ကြီးကိုပဲ ကြည့်ပါ။ ဂျာမနီ၊ အီတလီနဲ့ ဂျပန်ဆိုတဲ့ ၀င်ရိုးတန်း သုံးနိုင်ငံက ဖက်ဆစ်ဝါဒဆိုတဲ့ တူညီတဲ့ ဘုံရပ်တည်ချက် တစ်ခုအပေါ်မှာ ရပ်တည်ပြီး အတူတကွ ပူးပေါင်းညီညွတ်ခဲ့ ကြတာဖြစ်သလို၊ အနောက်အရင်း ရှင်နိုင်ငံတွေနဲ့ ဆိုဗီယက် ယူနီယံတို့ကလည်း ဖက်ဆစ်ဝါဒ ဆန့်ကျင်ရေးဆိုတဲ့ ဘုံရပ်တည်ချက်အပေါ်မှာ ပူးပေါင်း ပြီး မဟာမိတ်ဖွဲ့ခဲ့ကြတာ ဖြစ်တယ်။


တူညီချက်အပေါ် ညီညွတ်တာ

မြန်မာနိုင်ငံမှာလည်း အလားတူပါပဲ။ တိုင်းပြည် လွတ်လပ်ရေးဆိုတဲ့ တူညီချက်တစ်ခုအပေါ်မှာ လူကြီးတွေနဲ့ လူငယ်တွေ၊ ဆိုရှယ်လစ်တွေနဲ့ ကွန်မြူနစ်တွေ ပူးပေါင်းညီညွတ်ခဲ့ကြတာ ဖြစ်တယ်။ဒါတောင် အောင်ဆန်းအက်တလီ စာချုပ်ကို ဂဠုန်ဦးစောတို့ ၊သခင်ဗစိန်တို့ က လက်မှတ်မထိုးဘဲနဲ့ ပြန်လာခဲ့ကြသေးတာပါ။ မြန်မာတစ်မျိုးသားလုံးရဲ့ ညီညွတ်ရေး စာချုပ်ကြီးဖြစ်တဲ့ ပင်လုံစာချုပ်ကြီးကို လက်မှတ်မထိုးခဲ့ သူတွေလည်း ရှိခဲ့တာပါပဲ။

မျော်လင့်ချက် မှားမပေးနဲ့

အကြွင်းမဲ့ လုံးဝဥဿုံ ရာနှုန်းပြည့် ညီညွတ်မှုဆိုတာ မရှိနိုင်ပါဘူး။ လောဘသားများရဲ့ လူ့ဘုံခန်းဝါမှာ လူသား အားလုံး သူတော်စင်တွေချည်း မဟုတ်ပါဘူး။ လူတိုင်းကို မိတ်ဆွေသဘောထားလို့ မရနိုင်ပါဘူး။ လောကီလူသား များရဲ့အလယ်မှာ ဓမ္မနဲ့အဓမ္မ၊ အဖြူနဲ့ အမည်း၊ အမှားနဲ့ အမှန်၊ လူဆိုးနဲ့ လူကောင်းဆိုတာ ရှိမြဲဖြစ်တယ်။ ဓမ္မနဲ့ အဖြူ၊ အမှန်နဲ့ လူကောင်းတို့ကို မိတ်ဆွေအဖြစ် ဖက်တွယ်ထားရမှာဖြစ်ပြီး အဓမ္မနဲ့ အမည်း၊ အမှားနဲ့ လူဆိုးကို ရန်သူအဖြစ် ဖယ်ရှားပစ်ရမှာ ဖြစ်တယ်။ ဟစ်တလာလိုလူ၊ ဆက်ဒမ်ဟူစိန်လိုလူ၊ အိုစမာဘင်လာဒင်လို လူတွေကို ပြတ်ပြတ်သားသား လူသတ်သမားတွေ အဖြစ်ရှုတ်ချရမှာဖြစ်တယ်။အမေရိကန်ပြည်သူတွေကို လိမ်၊ လွှတ်တော် ကိုညာ၊ကမ္ဘာတစ်ခုလုံးကို လှည့်စားခဲ့တဲ့နစ်ဆင်လို၊ ရေဂန့်လို၊ ဂျော့ဘုရှ်လို၊ ကလင်တန်လို လူမျိုးတွေကိုလည်း လူလိမ်လူညာတွေ၊ လူဆိုးတွေလို့ ပွင့်ပွင့်လင်းလင်း ပြောရမှာပဲဖြစ်တယ်။ ဒီလိုလူတွေကို လူကြီးလူကောင်းတွေလို မိတ်ဆွေတွေလို သဘောမထားနိုင်ပါဘူး။


မသူတော်မှန်းသိဖို့လို

လောဘသားများရဲ့ လူ့ဘုံခန်းဝါမှာ သူတော်စင်တွေ ရှိသလို မသူတော်တွေလည်း ရှိပါတယ်။ သူတော်စင်ကို သူတော်စင်မှန်းသိဖို့ ၊ မသူတော်ကို မသူတော်မှန်းသိဖို့ အရေးကြီးပါတယ်။ အရိယာပုဂ္ဂိုလ် မဖြစ်သမျ ကာလပတ်လုံး လူသားတိုင်းရဲ့ စိတ်အစဉ်မှာ လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းနေမှာပဲ ဖြစ်တယ်။ အဲဒီတော့ ဓမ္မရှိသလို အဓမ္မလည်းရှိမှာပဲ။ သူတော်စင် သူတော်ကောင်းရှိသလို မသူတော်တွေလည်း ရှိမှာပဲ။လူကောင်းရှိသလို လူဆိုးလည်းရှိမှာပဲ။ အဲဒီတော့ လူတိုင်းဟာ မိတ်ဆွေမဖြစ်နိုင်ဘူး။ ဝေးဝေးက ရှောင်ရှားရမယ့်လူဆိုး၊ လူမိုက်လည်း ရှိမှာပဲ။ အပြီးတိုင်ဖယ်ရှား ရှင်းလင်းပစ်ရမယ့် ဟစ်တလာလိုရန် သူမျိုးလည်းရှိမှာပဲ။ ဟစ်တလာကိုရန် ငါဆိုတဲ့အစွဲကြီးနဲ့ မကြည့်ပါနဲ့ ပြောတာမျိုးကိုတော့ ဘယ်တော့မှ လက်မခံပါဘူး။ခုခေတ်မြို့ကြီးသား လူတွင်ကျယ် အီလစ်တွေ ခံတွင်းတွေ့နေကြတဲ့ win-win အဖြေဆိုတာ ရှိနိုင်ပါသလား လို့ပဲ မေးလိုက်ချင်ပါတော့တယ်။


လူထုစိန်ဝင်း

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်