Subscribe to our RSS Feed

စိတ်ဆိုးရင်လည်းမတတ်နိုင်တော့ဘူး

ပေါ့ပ်ဆိုတာ နှာခေါင်းရှုံ့စရာ မဟုတ်ပါဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးဖူးရုံမက ပေါ့ပ်ယဉ်ကျေးမှုဆိုတာ ကိန်းကြီးခမ်းကြီးနိုင်လှတဲ့ အထက်တန်းလွှာလူတစ်စုရဲ့ ဧည့်ခန်းဆောင်ထဲက စိန်ရောင်မြ ရောင်ပိုးဖဲကတ္တီပါရောင်တွေ ရွှန်းလက်တောက်ပနေတာတွေကို ဆန့်ကျင်အရွဲ့တိုက်ရာကပေါ်ထွက်လာတဲ့ လူထုယဉ်ကျေးမှုဖြစ်တဲ့အကြောင်း စာတွေလည်းရေးခဲ့ဖူးပါတယ်။


စောဒကတက်ဖို့သက်သေတွေ

တစ်နေ့တော့လူငယ်တစ်ယောက်က ဂျာနယ်တွေထဲကဖြတ်ညှပ်ပြီး သိမ်းထားတဲ့ ပေါ့ပ်စာမျက်နှာတွေ အထပ်လိုက်ယူချလာပြီး စောဒကတက်ပါတယ်။ သူယူလာတာတွေ ကောက်ကြည့်လိုက်တော့ ‘Celebs’ လို့အတိုကောက်ခေါ်လေ့ရှိတဲ့ ထင်ပေါ်ကျော်ကြားသူများအကြောင်း သတင်းတွေ၊ အင်တာဗျူးတွေ၊ နိုင်ငံခြားဈေးဝယ်ထွက်တဲ့ သတင်းဓာတ်ပုံတွေစုံနေတာ တွေ့ရတယ်။ ဒါ့အပြင် စကတ်တိုနဲ့ ရင်ရှားဂါဝန်ဝတ်ပုံတွေလည်း တစ်ထပ်ကြီးပါလာသေးတယ်။ ဒါတွေကိုနှာခေါင်းမရှုံ့ရတော့ဘူးလားခင်ဗျာလို့လည်း သူကမေးလိုက်ပါတယ်။ နှာခေါင်းရှုံ့ရုံတင်မကပါဘူးကွယ်။ မီးဖိုထဲတောင်ထည့်ပစ်သင့် ပါတယ်လို့ဖြေလိုက်တော့ ဆရာပဲ ပေါ့ပ်ဆိုတာနှာခေါင်းရှုံ့စရာမဟုတ်ပါ လို့ရေးခဲ့တာပဲလို့ပြန်ပြီးချေပပါတယ်။


ကြုံဗျူးတဲ့

သူယူလာတာတွေကိုတစ်ထပ်ချင်းဆွဲထုတ်ပြီး အင်တာဗျူးသပ်သပ်၊ သတင်းသပ်သပ်၊ ဓာတ်ပုံသပ်သပ်သူ့ရှေ့မှာချလိုက်ပါတယ်။ ပြီးတော့ အင်တာဗျူးတွေကိုပြပြီး “ကဲ ဒါတွေဟာသတင်းအင်တာဗျူးတွေ လား” လို့ သူ့ကိုမေးခွန်းထုတ်လိုက်ပါတယ်။ အင်တာဗျူးနာမည်ခံထားတာတွေ ကြည့်ပါဦး။ တစ်စက္ကန့်အင်တာဗျူးတဲ့၊ ကြုံတုန်းဗျူးတဲ့၊ ကြုံဗျူးတဲ့၊ မေးချင်သလိုမေးပြီး ဖြေချင်သလိုဖြေထားတဲ့ အရည်မရ အဖတ်မရ ပေါက်ပန်းဈေးစာတွေ။ မထင်ပေါ်နဲ့ကိုကျော်ကြားများအတွက် အကျိုးမရှိ။ စာဖတ်သူများအတွက်လည်း ပိုက်ဆံပေးဖတ်ရကျိုးမနပ်တာမျိုးတွေချည်းပဲ။


ထိမ်ချန်မှုနဲ့ငြိဦးမယ်

သတင်းဆိုတာတွေကလည်း သတင်းမဟုတ်ပါဘူး။ လူကြော်ငြာတွေပါ။ နောက်ပြီး မထင်ပေါ်နဲ့ကိုကျော်ကြားများက ရှော့ပင်းထွက်တာတွေကို ဖော်ပြပေးနေတာတွေလည်း ဆင်ခြင်သင့်ကြတယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာကိုင်တာတွေ့ရင် အရေးယူလို့ရတယ်ဆိုတာ မသိကြတာလား။ သိရက်နဲ့ ဂရုမစိုက်ကြတာလား။ မသိပေမယ့် တော်ကြာရင် ဂျာနယ်ဆရာပါသိလျက်နဲ့ ထိမ်ချန်မှုနဲ့ငြိနေပါဦးမယ်။ မသိလို့ချိုးဖောက်မိပါတယ်ဆိုလို့ ဥပဒေကချမ်းသာပေးမှာမဟုတ်ဘူး။ နိုင်ငံခြားသွား ရုပ်ရှင်ရိုက်မယ်၊ ကြော်ငြာရိုက်မယ်ဆိုသူတွေလည်း သတိနဲ့ဆင်ခြင်သင့်ကြတယ်။


ပေါ့ပ်ကိုဖျက်တဲ့ပက်ပ်

ပေါက်ပန်းဈေး အရည်မရအဖတ်မရသတင်းတွေကို ပေါ့ပ်သတင်းတွေလို့ ခေါ်နေကြတာဖြစ်တယ်။ တကယ်တော့ ဒါမျိုးတွေဟာ ပေါ့ပ်မဟုတ်သလို ဒါမျိုးတွေထည့်တဲ့ဂျာနယ်တွေကိုလည်း ပေါ့ပ်ဂျာနယ်လို့မခေါ်နိုင်ပါဘူး။ ဒါမျိုးတွေကိုပက်ပ် (Pep)အမှိုက်သရိုက်တွေ၊ အပေါစားတွေလို့ ခေါ်ပါတယ်။ လူထုယဉ်ကျေးမှု (Pop Culture) ကိုပုံပျက်ပန်းပျက်ဖြစ်အောင် တမင်တကာလုပ်တဲ့ (Pep Culture)သာဖြစ်တယ်။ အဲဒီလိုပက်ပ်တွေကို ပေါ့ပ်စစ်စစ် အနုပညာသမားတွေက ဘန်းစကားနဲ့ ‘ရှလော့’ (Schlock)လို့ခေါ်ကြတယ်။ ဒီမှာ အတွေ့ရများတာက ပက်ပ်တွေရှလော့တွေဖြစ်တယ်။ ပေါ့ပ်မဟုတ်ဘူး။


ပညာပေးဖျော်ဖြေမှု

စာနယ်ဇင်းဆိုတာ သတင်းပေးဖို့နဲ့ အသိ(ပညာ)ပေးဖို့သာမက ဖျော်ဖြေမှုပေးဖို့ပါ လိုအပ်တယ်။ လူ့ဦးနှောက်ဟာလည်း အညောင်းဖြေဖို့လိုတယ်။ ဖျော်ဖြေမှုနဲ့ဦးနှောက်ကို လန်းဆန်းအောင်လုပ်ပေးရတယ်။ ဒါပေမဲ့ စာနယ်ဇင်းသမားဆိုတာ ပျော်တော်ဆက် (clown) မဟုတ်ဘူး ဆိုတာလည်း မေ့မထားရဘူး။ စာနယ်ဇင်းရဲ့ ပင်မတာဝန်က သတင်းပေးဖို့နဲ့ အသိ(ပညာ) ပေးဖို့သာဖြစ်တယ်။ ဖျော်ဖြေမှုကို ပညာပေးတာနဲ့ ဆက်စပ်ပြီး ကျွဲကူးရေပါသဘောပေးရမှာဖြစ်တယ်။ ဒါကိုစာနယ်ဇင်းစကားနဲ့ (Edutainment) ပညာပေးဖျော်ဖြေမှုလို့ခေါ်တယ်။ ရှေးအစဉ်အဆက် မြန်မာတွေပြောလေ့ရှိတဲ့ ဇာတ်သမားလာရင် မှတ်သားစရာပါရမယ်။ ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်ရမယ်ဆိုတဲ့ သဘောမျိုးဖြစ်တယ်။


ရှေးကဇာတ်သဘင်ဆိုတာ

ရှေးကမြန်မာဇာတ်သဘင်ဟာ အပျင်းပြေပျော်တော်ဆက်သက်သက် မဟုတ်ဘူး။ နောက်ပိုင်းဇာတ်ထုပ်ကြီးတွေဟာ ကောင်းမှုနဲ့မကောင်းမှု၊ ဓမ္မနဲ့အဓမ္မ အားပြိုင်မှုတွေကိုပြပြီး နောက်ဆုံးမှာ ဓမ္မကအနိုင်ရသွားရတာတွေကို ပညာပေးသွားခဲ့ကြတယ်။ ရတနာပုံခေတ်က ရှေ့တော်မှာကပြခဲ့ကြတဲ့ ၀ိဇယပြဇာတ်၊ ပါပဟိန်နဲ့ရေသည်ပြဇာတ်များဟာ ဖျော်ဖြေရေးသက်သက်မဟုတ်ကြဘူး။ မင်းညီမင်းသားများရဲ့ ရမ်းကားမှုများနဲ့တိုင်းသူပြည်သားများရဲ့ ပကတိအခြေအနေများကို ရွှေနားတော်အရောက်ကြားသိရအောင် ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်။ ပဒေသရာဇ်ခေတ်ကြီးထဲမှာတောင် စာဆိုတော်ကြီးများနဲ့ ဇာတ်သဘင်ပညာရှင်များ တာဝန်ကျေအောင် ဆောင်ရွက်ခဲ့ကြတာ ကြည်ညိုစရာကောင်းလှတယ်။


ဆိုဂျူသောက်တာအတုခိုး

စာနယ်ဇင်းဆရာတွေက ဦးကြင်ဥတို့၊ ဦးပုညတို့ကိုတော့ အတုယူဖို့စိတ်မကူးကြဘဲ အနောက်နိုင်ငံတွေက ပက်ပ်စာစောင်တွေနဲ့ ကိုရီးယားမင်းသား၊ မင်းသမီးတွေအကြောင်း ပုံတူကူးချဖို့လောက်သာ အပြိုင်အဆိုင်ကြိုးစားနေကြတာတွေ့ရတယ်။ ဖျော်ဖြေရေးနယ်ပယ်က မထင်ပေါ်တို့ကိုကျော်ကြားတို့ကလည်း ကိုရီးယားမင်းသား၊ မင်းသမီးများရဲ့ သရုပ်ဆောင်မှုအတတ်ပညာတွေကို အားကျအတုယူရမယ့်အစား ဖင်ပေါ်ရင်ပေါ် ၀တ်တာစားတာတွေနဲ့ ‘ဆိုဂျူ’ သောက်တာလောက်ကိုပဲ အတုခိုးနေကြတယ်။ ပြောလိုက်ရင်တော့ အနုပညာအလုပ်၊ အနုပညာရှင်ဆိုတဲ့ စကားတွေက မိုးမွှန်နေတာပါပဲ။


သံကုန်ဟစ်မှငိုတာမဟုတ်

အားမနာတမ်းပြောရမယ်ဆိုရင် အနုပညာလို့ ခေါ်လောက်တဲ့အဆင့်ကိုရောက်ဖို့ တော်တော်လိုသေးတယ်လို့ပဲ ထင်တယ်။ အများအားဖြင့် ဖျော်ဖြေရေးအဆင့်ထက် မပိုသေးပါ ဘူး။ သရုပ်ဆောင်ပုံကိုကြည့်။ ငိုစရာရှိရင် ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြားသံကုန်ဟစ်အော်ငိုချလိုက်ပြီး နှာရည်တရွှဲရွှဲညှစ်ပြလိုက်တာပဲ။ လူကြမ်းဆိုရင်လည်း အရုပ်ဆိုးဆိုး မျက်နှာကြောတင်းတင်းနဲ့ အော်ဟစ်ကြိမ်းမောင်းလုပ်ပြလိုက်တာပဲ။ ချစ်ခန်းကြိုက်ခန်းဆိုလည်း မင်းသား၊ မင်းသမီးဖက်ပြလိုက်ရုံပဲ။ မျက်ရည်မရွှဲ၊ နှပ်မညှစ်ဘဲမေးကြောလေး တစ်ချက်တင်းရုံ၊ အကြောပြိုင်းပြိုင်းထအောင် လက်သီးဆုပ်လိုက်ရုံနဲ့ ကြည့်သူရဲ့ရင်ထဲမှာ ဆို့နင့်သွားစေနိုင်တယ်ဆိုတာ သဘောပေါက်ပုံမရကြဘူး။ လူဆိုးဆိုတိုင်း အရုပ်ဆိုးတာမဟုတ်ဘူး။ ဗိုလ်အောင်ဒင်လို ဂုဏ်သရေရှိ လူဆိုးကြီးတွေရှိတတ်တာကိုလည်း သိပုံမရကြပါဘူး။


စိတ်ဆိုးရင်လည်းမတတ်နိုင်

ဒီနေ့မြန်မာသရုပ်ဆောင်အများစုရဲ့ သရုပ်ဆောင်ပုံတွေဟာ ဇာတ်ခုံပေါ်မှာ သရုပ်ဆောင်တာနဲ့ အတူတူလိုဖြစ်နေတာ သတိထားမိတယ်။ ရုပ်ရှင်သရုပ်ဆောင်နဲ့လုံးဝမတူပါဘူး။ မျက်နှာအမူအယာတစ်မျိုးတည်းနဲ့ အလွမ်း၊ အသော၊ အချစ်၊ အကြမ်း၊ အရမ်းအမျိုးမျိုး သရုပ်ဆောင်ပြနိုင်စွမ်းရှိတဲ့ ရုပ်ရှင်မင်းသားကျော်ဆွေလို သရုပ်ဆောင်မျိုး တစ်ယောက်မှမရှိဘူးလို့ပြောရင် လွန်မယ်မထင်ဘူး။ အဲဒါကြောင့်အနုပညာလို့ ခေါ်လောက်တဲ့အဆင့်မရောက်သေးဘူး။ ဖျော်ဖြေရေးအဆင့်လောက်ပဲ ရှိသေးတယ်လို့ဆိုခဲ့တာပါ။ စိတ်ဆိုးကြရင်လည်း မတတ်နိုင်တော့ဘူး။


လူထုစိန်ဝင်း


ဒီခေတ်ဂျာနယ်၊ မဂ္ဂဇင်းတွေဖတ် ရတာတော်တော်အကုသိုလ်ဖြစ်ပါတယ်။ မြန်မာမိန်းကလေးတွေရဲ့ ၀တ်ပုံစားပုံ လော်လီတာတွေကြည့်ပြီး စိတ်ထဲက 'ဆတ်ဆလူးမလေးတွေပဲ' အစချီတဲ့ ဖရုဿဝါစာ စကားမျိုးတွေနဲ့ အသံမထွက် ဘဲ ကောက်ချက်ချမိပါတယ်။ ဒီတော့ အလကားနေရင်း အကုသိုလ်မဖြစ်ဘဲ ဘယ်နေတော့မှာလဲ။


လွန်လွန်းနေပြီ

ကဲပုံတွေလည်း ကြည့်ဦးလေ။ ကျောတစ်ပြင်လုံး ခါးထိအောင်ဟာလာ ဟင်းလင်းဝတ်လိုဝတ်၊ အပေါ်ပိုင်းတစ် ခုလုံးဗလာကျင်းထားတဲ့ 'ရင်ရှား'၀တ်စုံ ၀တ်လိုဝတ်နဲ့ သိပ်ကို နိုင်ငံတကာ အဆင့်မီ ဖြစ်နေကြပါတယ်။ နိုက်ကလပ်လိုနေ ရာမျိုးသွားတဲ့ အခါဝတ်ချင်ဝတ်ပါ။ ခုတော့ မင်္ဂလာဆောင်တို့၊ မွေးနေ့ပွဲတို့လို နေ့ခင်းကြောင်တောင် လူပုံလယ်မှာလုပ် တဲ့ ပွဲတွေကိုတောင် ဒါလောက်မျက်နှာ ပြောင်တိုက် ၀တ်ရဲကြတာတော့ တော်တော်ကို အံ့သြမိတယ်။ မော်ဒယ်ရှိုးတွေ မှာ မီးမောင်းတွေ ထိုးထားပြီး ကိုယ်ဟန်
ပြကြတာလည်း အမြင်ရိုင်းလှပါတယ်။ အဘိုးကြီးမို့ဒိတ်အောက်ပြီး 'အန်းတစ်' ဖြစ်နေလို့ ပြောတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အစိတ် သုံးဆယ်လောက်ကတောင် မိန်းကလေးတွေ ဆံပင်တိုတိုညှပ် ပြီး ဘောင်းဘီဝတ်တာကို အားပေး ခဲ့တာပါ။ အခုလည်း ဟစ်ဟော့ဂီတကို နှစ်သက် အားပေးနေသူပါ။ တချို့မိန်းကလေးတွေ အထူးသဖြင့်
ဖျော်ဖြေရေးနယ် ပယ်က မိန်းကလေးတွေ (အနုပညာရှင် လို့မပြောချင်ပါဘူး)ကတော့ လွန်လွန်း အားကြီးနေပြီလို့ ထင်ပါတယ်။


မြန်မာမျက်စိနဲ့ ကြည့်တာ

ဒါထက်ဆိုးတာ ရှိပါသေးတယ်။ အဲဒီနယ်ပယ်က မိန်းကလေးတွေပါပဲ။ လူရှေ့သူရှေ့မရှက်မကြောက် တစ်ယောက်ပြီးတစ်ယောက် 'ထည်လဲ' တွဲ ပြလိုက်ကြ၊ ကွဲပြလိုက်ကြနဲ့မြန်မာ မိန်းကလေး တွေမဟုတ်ကြသလိုပါပဲ။ နက်ဖြန်ယူတော့ မှာလိုလို၊ သန်ဘက်ခါယူတော့မှလိုလိုနဲ့ နောက်လုံးဝမယူဖြစ်တော့ နစ်နာကျန်ရစ်ရတာက ဘယ်သူလဲ။ သူတို့တတွေက'နိုင်ငံတကာ အဆင့်မီ'တွေမို့ ရှက်ရကောင်းမှန်း မသိပေမယ့် ဒီနိုင်ငံကမြန်မာနိုင်ငံ၊ လူမျိုးက မြန်မာလူမျိုးတွေလေ။ ဒီတော့ 'နိုင်ငံ တကာမျက်စိ' နဲ့ဘယ်ကြည့်မလဲ 'မြန်မာ မျက်စိ'နဲ့ ကြည့်ပြီး မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ပဲအကဲဖြတ်ကြမှာပေါ့။ ဒီခေတ်က ပါးစပ်နဲ့ တီးတိုးသတင်းလွှင့်တဲ့ ခေတ်မဟုတ်တော့ဘူး။လက်ကိုင်ဖုန်းနဲ့ ဓာတ်ပုံရော၊ ဗီဒီယိုပါရိုက်ပြီး ချက်ချင်းအင်တာနက်ပေါ်တင်လို့ရတဲ့ ခေတ်ဖြစ်နေပြီလေ။ ဗြောင်လိမ်လို့ရတဲ့ ခေတ်မဟုတ်တော့ဘူး။


ရှောင်မလွတ်ပုံတွေ

'မမြင်ချင်ရင်မကြည့်နဲ့'လို့ ပြောလည်း စာနယ်ဇင်းတွေ မဖတ်ဘဲ မနေနိုင် တော့ဝယ်ရဖတ်ရတာပဲ။ စာနယ်ဇင်း အဖုံးတွေမှာကို အဲဒီလို 'ရင်ရှား' ပုံ တွေပါနေတော့မကြည့် ဘဲလည်းမြင်နေရပါတယ်။ အတွင်းမှာလည်း ကိုယ်ဖတ် ချင်တဲ့ စာကို အဲဒီလိုမျက်နှာပြည့် ရောင်စုံပုံတွေကြားမှာ မနည်းလိုက်ရှာပြီး ဖတ် နေရတာဆိုတော့ရှောင်လို့ကို မရနိုင်ပါ ဘူး။ ဖက်ရှင်ဆိုတာ ဒီလိုပါပဲ။ ခေတ်စားလိုက်ပျောက်သွားလိုက် ဖြစ်နေမှာပါ။ ရေး ကြီးခွင်ကျယ် လုပ်ပြောမနေပါနဲ့လို့ ဆိုသူတွေရှိပေမယ့် မပြောဘဲနေဖို့ မသင့်ပါဘူး။ ဂျာနယ် မဂ္ဂဇင်းတွေ ထဲပါနေတယ်ဆိုတော့လူတိုင်းမြင်တွေ့နေရတာဖြစ်တယ်။ ပြီးတော့ ဖျော်ဖြေရေးနယ်ပယ်က လူတွေဆိုတော့ကလေးတွေက လိုက်အတုခိုး တတ်ကြပါတယ်။ ၀တ်ပုံစားပုံအတုခိုးရုံ တင်မကစာနယ်ဇင်းတွေထဲ အမြဲပါနေတဲ့ ဖျော်ဖြေရေးသမားတွေရဲ့'ထည်လဲထည် ချွတ်'ကိစ္စတွေ၊တွဲလိုက်ခွဲလိုက်နောက်တစ်ယောက် ထပ်တွဲလိုက် ကိစ္စတွေကိုပါ အတုမြင်အတတ်သင်ဖြစ်ကုန်မှာစိုးရပါ တယ်။ ဒါကြောင့် ပြောရတာပါ။


ဘီကီနီနဲ့ အားကစား

ဒီလိုအ၀တ်အစား လော်လီကြတာ မြန်မာမိန်းကလေးတွေတင်မဟုတ်ပါဘူး။ သူတို့အနောက်နိုင်ငံ သူတွေလည်း အတူ တူပါပဲ။ ပိုတောင် ကဲပါသေးတယ်။ တစ်လောကကျင်းပပြီးစီးသွားတဲ့ နိုင်ငံတကာ ပြေးခုန်ပစ်ပြိုင်ပွဲ တစ်ခုမှာဝါသနာပါတဲ့မီတာ၁၀၀ပြိုင်ပွဲ နဲ့အမြင့်ခုန်တုတ်ထောက် ခုန်ပြိုင်ပွဲတွေကို ကြည့်ဖြစ်ပါတယ်။အဲဒီမှာ သတိထားမိတာ တစ်ခုက ယောက်ျားအား ကစားသမားတွေက အားကစားဘောင်းဘီ၊အင်္ကျီတွေနဲ့ လုံလုံခြုံခြုံဝတ်ကြပေမယ့် အမျိုးသမီးတွေကတော့ အပြေးသမား တွေကလည်းဘီကီနီဝတ်စုံနဲ့ အခုန်သမား တွေကလည်း ဘီကီနီဝတ်စုံနဲ့ ချည်းဖြစ် နေပါတယ်။နောက်တစ်ခါစောင့်ကြည့် လေ့ရှိတဲ့ ကမ္ဘာ့ပတ်လည် တင်းနစ်ကစားပွဲ တွေမှာလည်းဖက်ဒါရာတို့၊ နာဒယ်လ်တို့ လိုယောက်ျားတွေက ဘောင်းဘီနဲ့စပို့ရှပ် နဲ့တင့်တင့်တယ်တယ် ခင်ဗျ။ ၀ီလျံညီ အစ်မတို့၊ ရှာရာပိုဗာတို့လို အမျိုးသမီးတွေကတော့ တင်ပါးကိုဖုံးရုံသာရှိတဲ့ စကတ် တိုနံ့နံ့လေးနဲ့ ချက်ပေါ်ဗိုက်ပေါ်အင်္ကျီမျိုးဝတ်ကြတယ်။ တင်ပါးဖုံးရုံသာဖုံးတဲ့ စကတ်တိုနဲ့ ကုန်းလိုက်ကွလိုက်ဘောလုံးရိုက်တဲ့ မြင်ကွင်းဟာ ဘယ်လိုမှကို မတင့်တယ်ပါဘူး။


မိန်းမဆိုတာ ရောင်းကုန်မဟုတ်

ဒီခေတ်ကြီးမှာ မိန်းကလေး တွေက ဘာကြောင့်များ ယောက်ျားလေးတွေထက် ပိုပြီးအရှက်နည်း နေရသလဲ ဆိုတာစဉ်းစားလို့ကိုမရပါဘူး။ မိန်းမသားများရဲ့ နောက်ဆုံးရည်မှန်းချက် ပန်းတိုင်ဟာ လင်ကောင်း သားကောင်းရဖို့ဆိုတဲ့ ရှေးခေတ်ကဆိုထားပါတော့ နားလည်နိုင်သေးတယ်။ အခု ခေတ်ကမိန်းမတွေ ပညာသင်အလုပ်လုပ်ပြီးငွေရှာနိုင်တဲ့ ခေတ်ဖြစ်နေပြီလေ။ ယောက်ျားတွေကိုဆွဲဆောင်ငြှို့ယူဖမ်းစားဖို့ ကိုယ့်ကိုယ်ကိုယ် ရောင်းကုန်ပစ္စည်းလိုခင်းကျင်းပြသနေဖို့ မလိုတော့ပါဘူး။ မိန်းကလေးတွေ ကိုယ်တိုင်က ဒါကိုသဘောမပေါက်ကြ သေးတာလားမပြော တတ်တော့ပါဘူး။ အမျိုးသမီးအခွင့် အရေးတို့အမျိုးသမီးလွတ်မြောက်ရေးတို့ ကျယ်ကျယ်အော်နေတဲ့ အနောက်နိုင်ငံ တွေမှာတောင်မယ်စကြ၀ဠာပြိုင်ပွဲလို ပွဲကြီးတွေ လုပ်နေကြတာ နားမလည်နိုင် တော့ပါဘူး။ဒီလိုပြိုင်ပွဲတွေကို မြင်တိုင်း မျက်စိထဲမှာတော့'နွားပွဲ'တွေကိုပဲ ပြေးပြေးပြီးမြင် နေမိပါတော့တယ်။


ယောက်ျားက အိမ်ဦးနတ်မဟုတ်

အမျိုးသမီးလွတ်မြောက်ရေးဆို တာ သူများဆီက တောင်းယူလို့မရပါ ဘူး။ အမျိုးသမီးတွေကိုယ်တိုင် သူတို့ခေါင်းထဲမှာ အမြစ်တွယ်နေတဲ့ 'ရောင်းကုန်' စိတ်ဓာတ်ကိုဖယ်ရှားသုတ်သင်ပစ်ရပါမယ်။ ယောက်ျားက အိမ်ထောင်ဦးစီး၊ မိန်းမကအိမ်ရှင်မဆို တဲ့အယူအဆကိုလည်း စွန့်လွှတ်ရပါ မယ်။ ဒီခေတ်မှာလင်ရော၊ မယားပါ အလုပ်လုပ်၊ ပိုက်ဆံရှာနေကြရတာဖြစ် လေတော့ အိမ်ထောင့် တာဝန်ကိုလည်း ခွဲဝေယူကြရမှာ ဖြစ်ပါတယ်။ ယောက်ျားက အိမ်ဦးနတ်ဆိုပြီး အိမ်ဦးခန်းမှာ မိန့်မိန့်ကြီးထိုင်ပြီး သတင်းစာဖတ်နေလို့မရတော့ပါဘူး။ ရုံးချိန်အမီ ထမင်း ချိုင့်ယူသွားနိုင်အောင် ငရုတ်သီးဝင်ထောင်းဖို့ လိုရင်ထောင်းပေး၊ ချိုင့်ဆေးဖို့ လိုရင်ဆေးပေးလုပ်ရမှာပါပဲ။ ဒါမှရာသက်ပန် သာယာခိုင်မြဲတဲ့ အိမ်ထောင်ဖြစ်မှာပါ။


လုပ်အားခွဲဝေမှု

မိန်းမတွေက သူတို့စိတ်ထဲက 'ရောင်းကုန်' စိတ်ဓာတ်ဖျောက်ပစ်ဖို့ လိုသလို၊ယောက်ျားတွေကလည်း 'အိမ်ဦးနတ်'ဆိုတဲ့ အစွဲကြီး ဖျောက်ပစ်ဖို့လိုပါ တယ်။ ဒီနေ့ကမ္ဘာတစ်ခုလုံးမှာ ရှေးကလို 'ရာသက်ပန်ရိုးမြေကျ' ဆိုတာမျိုးကိုတော့ သိပ်အလေးမထားကြတော့ဘဲ လင်မယားကွာရှင်းတာကို ထမင်းစားရေ သောက်သဘောထားပြီး ကွာလိုက်ကြ၊ထပ်ယူလိုက်ကြ၊ ထပ်ကွာလိုက်ကြဆိုတဲ့ ကိစ္စမျိုးတွေ အလွန်အင်မတန်ကို များပြားနေပါတယ်။ အများအားဖြင့်တော့ အိမ်ထောင်ရေးမှာ'လုပ်အားခွဲဝေမှု' (Divi-sion ofLabor)မရှိတဲ့အတွက် ဖြစ် ကြရတာလို့ ယူဆပါတယ်။


မကြိုက်ရင်သွားလို့ရတယ်

ဘယ်လိုအကြောင်း ကြောင့်ဖြစ်ဖြစ် သူတို့အနောက် လူ့အဖွဲ့အစည်းတွေမှာ တော့အိမ်ထောင်ရေးကိစ္စတို့၊ ဖိုမကိစ္စ တို့ဆိုတာ ထမင်းစားရေသောက် ကိစ္စ လောက်ပဲသဘောထားကြတာ ဖြစ်လေ တော့ ဘယ်သူ့ဘယ်သူမှအပြစ်တင် မနေကြတော့ပါဘူး။သူကြိုက်တာသူလုပ်၊ ကိုယ်ကြိုက်တာကိုယ်လုပ်ပဲလေ။ ဒါပေ မယ့်မြန်မာနိုင်ငံမှာနေတဲ့ မြန်မာလူမျိုးဆို ရင်တော့ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံး စံတွေကို ပစ်ပယ်လို့မရပါဘူး။ မကြိုက် လည်း လိုက်နာရမှာပါပဲ။ မလိုက်နာနိုင်ဘူးဆိုရင်လည်းရပါတယ်။ ကြိုက်တဲ့နေရာသွားပြီး နေချင်သလို နေပါ။ ခုခေတ်ပတ်စ်ပို့ရဖို့မခက်ပါဘူး။”ရည်းစား တစ်ထောင် လင်ကောင် တစ်ယောက် ” ဆိုတဲ့ မြန်မာစကားက
အမျိုးကောင်းသမီး များကို ပြောတာ မဟုတ်ဘူးဆိုတာတော့ မြန်မာပြည်မှာ နေရင်သိထားကြဖို့ လိုတယ်လို့ သတိပေးလိုက်ချင် ပါတယ်။


လူထုစိန်ဝင်း

၂၂ နှစ် နှင့် ရှေ့ တစ်လက်မခရီး





Myanmar Express

ဆန်ကာ သုံးခု

ပါးစပ်သရမ်း၊ စည်းကမ်းမရှိ ပြောချင်ရာ ပြောနေကြသော ဒေါ်လာစား အတိုက်အခံများနှင့် ကိုယ့်ထမင်းကိုယ်စား အတိုက်အခံ ပေါင်းတို့.....


ကိုယ်ကိုယ်တိုင် ဒီကနေ့ထိ နိုင်ငံတော် အတွက်ဆိုပြီး ဘာတစ်ခုမှ မလုပ်နိုင်ပဲ သူများတွေကို ဝေဖန်၊ လေကန်၊ အတင်းပြောနေရင်း သာယာနေတဲ့ အသင်တို့၏ ဘဝ ကြီးကို အသင်တို့ စက်ဆုတ်ရွံ့ရှာသင့်ပါပြီ....


အမှန်တကယ် နိုင်ငံတော်အတွက် တစ်စုံတစ်ခု လုပ်ပေးချင်ရင် အပြောလေးတွေလျှော့ပြီး အလုပ်လေးတွေနဲ့ သက်သေပြဖို့ အချိန်ရောက်ပါပြီ။ ခုချိန်က နိုင်ငံတော်အတွက် အရေးကြီးတဲ့ ကြီးမားတဲ့ ပြောင်းလဲမှုနဲ့ ကြုံချိန်ပါ။ အပြုသဘောဆောင်တဲ့ တိုးတက်မှုအတွက် ဆောင်ရွက်နေချိန်မှာ အပျက်သဘောဆောင်တဲ့ စကားတွေကို ခုံမင်မနေကြပါနဲ့တော့ .....


အတင်းတွေ၊ အဖျင်းတွေ အမြဲပြောနေခြင်း၊ ဆိုးသတင်းတွေ ကို ခင်တွယ်ခြင်း၊ လုပ်ကြံဝေဖန်ရေးသားခြင်း၊ မှားမှန်းမှန်မှန်း မဆန်းစစ်ပဲ အစိုးရနဲ့ နိုင်ငံတော် အဖွဲ့အစည်းတွေကို မကောင်းကြောင်းဟူသမျှ ချဲ့ကားရေးသားခြင်းတွေ နေ့စဉ်လုပ်နေခြင်းသည် အသင်တို့ ၏ ရခဲလှသော လူ့ဘဝကြီးအား ပညာနှင့် သိက္ခာမဲ့စွာ ကုန်ဆုံးအောင် ဖန်တီးနေခြင်းပင်ဖြစ်ပေသည်။
တစ်ခါက ဆိုကရေးတီးရဲ့ တပည့်တစ်ယောက်က သူ့ဆီကို ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” လို့ ပျာပျာသလဲပြောခဲ့တယ်။

ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” လို့ မေးခဲ့တယ်။ ဆိုကရေးတီးရဲ့ ဆိုလိုချက်ကို သဘောမပေါက်တဲ့ တပည့်က ခေါင်းခါပြတယ်။ အသင် ပညာမဲ့ အတိုက်အခံများလိုပေါ့......

ဆိုကရေးတီးက ဆက်ပြီး “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား”

“မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့” (အသင် တို့ ပြောနေကြ အာလုဝ်စကားအတိုင်ပေါ့)

“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”

“မဟုတ်ဘူး” (အသင်တို့ လုပ်နေကြ မကောင်းကြောင်း စုစည်း ပြောဆိုမှုပေါ့)

“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား”

“မကြီးပါဘူး” (အသင်တို့ ပြောနေကြ တင်နေကြအတိုင်း ဘယ်တစ်စုံတစ်ယောက်မှ သေရေးရှင်းရး မထိခိုက်တဲ့ သွားပုပ်လေလွင့် သတင်းတွေပေါ့)

“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ... ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့ ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မ၀င်စေနဲ့။ သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။ အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်”

အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။ တစ်ခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။ စကားကို လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်း တွေကို လူတိုင်း မပြောတတ်ကြဘူး။


ဒေါ်လာစား အတိုက်အခံအပေါင်းတို့ သေချာ မှတ်သားပါ....

အရေးကြီးသောကိစ္စ စကားကို ဖြည်းဖြည်းပြောပါ။
ပြဿနာကြီးမားပါက စကားအား သေချာပြောပါ။
ပြဿနာသေးလျှင် စကားကို ဟာသနှော၍ပြောပါ။
မယုံကြည်ရသောကိစ္စ စကားကို ဆင်ခြင်ပြောပါ။
မဖြစ်ပွားသေးသောကိစ္စ အဓိပ္ပါယ်မဲ့ မပြောပါနှင့်။
မလုပ်နိုင်သောကိစ္စ လျောက်မပြောပါနှင့်။
လူတစ်ဖက်သား ထိခိုက်စေသောစကား မပြောပါနှင့်။
မပျော်ရွှင်သောကိစ္စ စိတ်တူသောလူနှင့်ပြောပါ။
ပျော်ရွှင်စရာကိစ္စ အခြေအနေကြည့်ပြီးပြောပါ။
စိတ်ထိခိုက်စရာကိစ္စ လူတွေ့တိုင်းမပြောပါနှင့်။
သူတစ်ပါးကိစ္စ သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ တစ်ပါးသူ ဘယ်လိုပြောလဲ နားထောင်ပါ။
သက်ကြီးသူကိစ္စ များများနားထောင်ပြီး နည်းနည်းသာပြောပါ။
လင်မယားကိစ္စ တိုင်ပင်ပြီးပြောပါ။
သားသမီးကိစ္စ လမ်းညွှန်ပြီးပြောပါ။


ကဲကဲ ဒီလောက်ဆို ပညာရည် မနိမ့်တဲ့ သူတွေ အားလုံးတော့ နားလည် လောက်ပါပြီ။ ပြင်ဆင်မယ်ဆိုရင် အချိန်မနှောင်းသေးပါဘူး။ ဘုရားရှိခိုးနေတဲ့ လူကို နောက်ပြောင်ပြောဆိုတာတွေ၊ လက်အုပ်ချီနေတဲ့လူ၊ ပုတီးစိပ်နေတဲ့လူရဲ့ ဓာတ်ပုံကို အောက်တန်းကျကျ လှောင်ပြောင်တာတွေဟာ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့လည်း မလုပ်သင့်တဲ့ အလုပ်တွေပါ...။ ပြဿနာ သေးရင် ဟာသနောပြီး ပြောရမယ့်အစား ပြဿနာ လုံးဝမဟုတ်တာကို ပြဿနာ မဖြစ် ဖြစ်အောင်လုပ်နေကြတာ ဘာကြောင့်လဲ....။ ဘာပဲဖြစ်ဖြစ် မှီတော့ မှီပါသေးတယ်။ အကျိုးမရှိတဲ့ အောက်တန်းကျတဲ့ လှောင်ပြောင်မှုတွေ၊ ဆိုးသတင်းတွေ၊ မှန်လား မှားလား မသိတဲ့ မကောင်းကြောင်းတွေ၊ အတင်းတွေ အမြဲပြောဆိုနေတဲ့ အသင်တို့ ပါးစပ်၊ အမြဲ ရိုက်နေတဲ့ အသင်တို့ လက်တွေကို သိမ်ဖျင်းတဲ့ ဘဝကနေ ဆွဲတင်သင့်ပါပြီ.....။ အမြန်ဆုံး အမြင်မှန်ရကြပါစေ။


Myanmar Express

အမှန်တရားဆိုတာ တစ်ခုတည်းပဲ ရှိတယ်

ဒီမိုကရေစီနဲ့ ဗဟုဝါဒ ဆိုတဲ့ စကားလုံးတွေ ခေတ်စားနေတဲ့ အချိန်မှာ အလားတူ လူပြောများတဲ့ တခြား စကားလုံး တစ်ခု ရှိပါသေးတယ်။ အမှန်တရား ဆိုတာ တစ်ခုတည်း ရှိတာ မဟုတ်ဘူး။ ကြည့်တဲ့ သူတွေရဲ့ ရှုထောင့်ကို လိုက်ပြီး အမှန် တရားအမျိုးမျိုး ကွဲပြားခြားနားစွာ တည်ရှိနေတယ် ဆိုတဲ့ စကားဖြစ်တယ်။


မရေရာမှုတွေနဲ့ခေတ်

အမှန်တရားဆိုတဲ့ အပေါ်မှာကို သံသယပွားသူ တချို့လည်း ရှိသေးတယ်။ လူ့လောကမှာ သေချာ ရေရာတဲ့ အရာဆိုတာ ဘာမှမရှိဘူး။ မသေချာ မရေရာမှုတွေ ကြားမှာ မျက်မမြင် ပုဏ္ဏားများ ဆင်စမ်းသလို စမ်းတဝါးဝါးနဲ့ ကိုယ်ထင်တာ ကိုယ် ပြောနေကြတာပဲ ဖြစ်တယ်လို့ ဆိုသူက ဆိုကြတယ်။ အဲဒီအဆိုရဲ့ နောက်ဆက်တွဲ အဖြစ် အမှန်တရားကို ကိုင်စွဲတယ်။ အမှန်တရား အတွက် စွန့်လွှတ် အနစ်နာခံတယ် ဆိုတဲ့ သူများကို တစ်ယူသန် အယူသည်းသူ၊ မျက်ကန်းများ အဖြစ် ပြက်ရယ် ပြုတာတွေ ကပ်ပါလာလေ့ရှိတယ်။


အားပေးရာကျတယ်

အမှန်တရားကို ကိုင်စွဲလို့ ပျက်ရယ် ပြုတာက ကိစ္စမရှိဘူး။ ထင်ရာစိုင်းပြီး မမှန်မကန် လုပ်နေတာ တွေကို သူတို့လည်း သူတို့ရှုထောင့်က အမှန်တရားလို့ ယူဆပြီး လုပ်နေကြတာပဲ။ အပြစ်ပြောလို့ မရဘူးဆိုတဲ့ သဘောထား မျိုးကတော့ မဟုတ်တာကို အားပေး အားမြှောက် ပြုလုပ်ရာ ကျတယ်။ သဘော မတူနိုင်ဘူး။ လူ့လောကမှာ အယူဝါဒမျိုးစုံ ရှိနေကြ တာမှန်တယ်။ မတူကွဲပြားတဲ့ အယူဝါဒ အမျိုးမျိုးကို သည်းခံပြီး လူတိုင်းရဲ့ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်မှုကို လေးစား စွာ အတူတကွ ယှဉ်တွဲ နေထိုင်ခြင်းကို လူ့ယဉ်ကျေးမှုလို့ သတ်မှတ်ခေါ်ဆို ခဲ့ကြတာ ဖြစ်တယ်။ အဲဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်တယ်။


တောင်တက်လမ်း အသွယ်သွယ်

တောင်တစ်တောင်ကို တက်ဖို့ လမ်းကြောင်း အသွယ်သွယ် ရှိနိုင်တယ်။ အယူဝါဒ မျိုးစုံဟာ တောင်တက် လမ်းကြောင်း အသွယ်သွယ်နဲ့ တူတယ်။ ဘယ်လမ်းကြောင်းက တက်မှ မှန်တယ်လို့ သတ်မှတ်လို့ မရဘူး။ ဘယ်လမ်းကြောင်း ကပဲ တက်တက် မလျော့သော ဇွဲသတ္တိနဲ့ မမှိတ်မသုံ တက်ရင် နောက်ဆုံးမှာ တောင်ထိပ်ဖျားကို ရောက်မှာ သေချာတယ်။ တောင်ထိပ်ကို ရောက်အောင် တက်မယ် ဆိုတဲ့ ပြတ်သား ရေရာတဲ့ ဦးတည်ချက်နဲ့ ခိုင်မြဲတဲ့ ဇွဲသတ္တိ မရှိဘဲ လမ်းတစ်ဝက် က နောက်ပြန် လှည့်တတ်တဲ့ လူစားမျိုးကတော့ တောင်ထိပ်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး။ လမ်းသွယ်တွေ များတာက အကြောင်း မဟုတ်ဘူး။ အဆုံးထိ ရောက်အောင် တက်ဖို့သာ အရေးကြီးတယ်။

ထိပ်ဖျားဆိုတာ တစ်ခုပဲ ရှိတယ်

တောင်တက်လမ်းတွေ ဘယ်လောက်ပဲ များများ တောင်ထိပ် ဖျားကတော့ တစ်ခုပဲရှိတယ်။ နှစ်ခု ရှိနေတယ် ဆိုရင် တောင်ထိပ်ဖျားလို့ မခေါ်နိုင်ဘူး။ မမှိတ်မသုန် ခိုင်ကျည်တဲ့ ဇွဲသတ္တိနဲ့ တက်လာရင် ဘယ်လမ်းကြောင်းကပဲ တက်လာ တက်လာ တောင်ထိပ်ဖျားကို မလွဲဧကန် ရောက်မှာ သေချာတယ်။ ဗဟုဝါဒဆိုတဲ့ အယူဝါဒ မျိုးစုံဟာ အမှန်တရား ဆိုတဲ့ တောင်ထွတ်ဖျားကို ရောက်အောင် တက်တဲ့ လမ်းသွယ်တွေပဲ။ မရေမတွက်နိုင် လောက်အောင် အများကြီး ရှိနိုင်တယ်။ ဒါပေမယ့် တောင်ထိပ်ဖျား အခေါင်အထွတ် ဆိုတာကတော့ တစ်ခုပဲ ရှိနိုင်တယ်။ ဒါကြောင့် အခေါင်အထွတ်လို့ ခေါ်တာ ဖြစ်တယ်။


အမှန်တရား တစ်ခုတည်း

အမှန်တရား ဆိုတာ နှစ်ခု မရှိနိုင်ဘူး။ တစ်ခုတည်း ရှိလို့ အမှန်တရားကို သတ်မှတ်တာ ဖြစ်တယ်။ အနောက်တိုင်း ရှုထောင့် အမှန်တရား၊ အရှေ့တိုင်း ရှုထောင့် အမှန်တရား ရယ်လို့ မရှိဘူး။ လူ့လောက အမှန်တရားဆိုတာ တစ်ခုတည်းပဲ ရှိတယ်။ အနောက် ရှုထောင့်၊ အရှေ့ရှုထောင့်၊ အမှန်တရား တောင်ထွတ်များကို သွားတဲ့ ချဉ်းကပ် လမ်းကြောင်း၊ လမ်း သွယ်တွေသာ ဖြစ်တယ်။ အမှန်တရား မဟုတ်ဘူး။ အရှေ့တိုင်းသား များက ၃၂ ကောဋ္ဌာသနဲ့ ဖွဲ့စည်းထားပြီး အနောက် တိုင်းသား တွေက ၃၆ ကောဋ္ဌာသ အစုအဖွဲ့ကြီးသာ ဖြစ်ပြီး အောက်ဆီဂျင်ကို ရှုသွင်းပြီး အသက်ရှင် နေကြတာ အတူတူ ဖြစ်တယ်။


လူယဉ်ကျေးဆိုတာ

တောင်ထွတ်ကို ရောက်ဖို့ လမ်းကြောင်းတွေ အသွယ်သွယ်ရှိတာကို လက်ခံ အသိ အမှတ်ပြုပြီး တခြား လမ်းကြောင်း တွေက တက်နေကြသူများကို တောင်တက်ဖော် များ အဖြစ် သဘောထား နိုင်သူများကို လူ့ယဉ်ကျေးလို့ သတ်မှတ်ကြ တယ်။


အလိုတူအလိုပါပဲ

လမ်းကြောင်းနဲ့ ပန်းတိုင်ကို ရောထွေးပြီး အမှန်တရားဆိုတာ တစ်ခုတည်း ရှိတာ မဟုတ်ဘူးလို့ ပြောနေကြတာ ဖြစ်တယ် ။ လူ့လောကမှာ လူဆိုးနဲ့ လူကောင်းရယ်လို့ ခွဲခြား သတ်မှတ်ထားတဲ့ နှုန်းစံတွေ ရှိပြီးသား ဖြစ်တယ်။ ဒါကို မရှုပ် မရှုပ် အောင် ကောင်းတယ် ဆိုးတယ် ဆိုတာ ပုံသေကားချ သတ်မှတ်ထားလို့ မရဘူး။ သူ့ဘက်က အမှန်နဲ့ ကိုယ့်ဘက်က အမှန် မတူကြဘူး။ အမှန်တရား အများကြီး ရှိတယ် စသဖြင့် ပြောနေကြတာ လူဆိုးတွေ ဘက်က ရှေ့နေ လိုက်ပေး နေကြတာ ဖြစ်တယ်။ အလိုတူ အလိုပါပဲ ဖြစ်တယ်။


ရောင်တော်ပြန် ရောလွှတ်တာ

ဒီမိုကရေစီနဲ့ ဗဟုဝါဒ စကားလုံးတွေ ခေတ်စား နေတာနဲ့ ရောင်တော်ပြန် ရောပြီး လူမသမာ တွေက လူဆိုး လူကောင်း ဆိုတဲ့ နှုန်းစံတွေ မတူကွဲပြား အမျိုးမျိုး အစားအစား ရှိတယ်။ အမှန်တရား ဆိုတာလည်း အများကြီး ရှိတယ်လို့ ကြွေး ကြော် ဝါဒဖြန့် နေကြတာ ဖြစ်တယ်။ လူ့လောကမှာ မရေရာ မသေချာမှုတွေ ပြည့်နှက် နေပေမယ့် ရေရာ သေချာတာ တွေလည်း အများကြီး ရှိပါတယ်။ မတရားမှုနဲ့ တရားမှုကို တိကျ ပြတ်သားစွာ ခွဲခြား သတ်မှတ်ချက်တွေ နိုင်ငံတိုင်း လူမျိုး တိုင်းမှာ ရှိပါတယ်။ တာလီဘန်တွေက ဈေးထဲမှာ ဗုံးခွဲတိုက်ခိုက်တာဟာ ရက်စက် ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုလို့ ယဉ်ကျေးတဲ့ လူသားတိုင်းက သတ်မှတ် ထားကြပါတယ်။


ရက်စက်ကြမ်းကြုတ်မှုပဲ

အလားတူပဲ အာဖဂန်နိုင်ငံက မူလတန်း ကျောင်းသားပေါ် ကျချင်ကျ၊ လူအိုရုံပေါ် ကျချင်ကျ၊ ဆေးရုံပေါ် ကျချင်ကျ၊ ဈေးထဲ ကျချင်ကျ၊ ဘယ်နေရာကျကျ လူတွေ ကြောက်လန့်သွားရင် ပြီးရောဆိုတဲ့ သဘောနဲ့ လူမပါတဲ့ လေယာဉ်တွေ ပေါ်က ဗုံးတွေ ဒလစပ် ကြဲချနေတဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေဟာလည်း လူမဆန်တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေပဲ ဖြစ်တယ်လို့ လူ့ယဉ်ကျေးတိုင်းက သတ်မှတ်ကြပါတယ်။ အပြစ်မဲ့တဲ့ အရပ်သူ အရပ်သားတွေကို သတ်ဖြတ်တာဟာ ဘယ်လို အကြောင်း ပြချက်မျိုးနဲ့မှ တရားတယ်လို့ သဘော မထားနိုင်ပါဘူး။ ဒီလိုလုပ်ရပ်ကို မှန်တယ်လို့လည်း ဘယ်သူ ကမှ လက်မခံနိုင်ပါဘူး။


ဗြောင်လိမ်နေတာ

ဒီလို ရက်စက် ကြမ်းကြုတ် မှုကြီးတွေကို ပြောင်ပြောင် တင်းတင်း ကျူးလွန် နေကြသူများက သူတို့ရဲ့ ရာဇဝတ်မှု တွေကို ဖုံးကွယ်ဖို့ အတွက် အမှန်တရား ဆိုတာ တစ်ခုတည်း ရှိတာ မဟုတ်ဘူးဆိုတဲ့ အယူအဆကို ဝါဒဖြန့် ကြွေးကြော်နေတာ ဖြစ်တယ်။ သူတို့ ရှုထောင့်က ကြည့်တဲ့ အမှန်တရား အတိုင်း ဆောင်ရွက်တာ ဖြစ်လို့ သူတို့ မလွန်ဘူး။ မမှားဘူး။ အမှန် တရားဆိုတာ လောကမှာ တစ်ခုတည်းပဲ ရှိပါတယ်။ သွားတဲ့ လမ်းကြောင်းတွေသာ အသွယ်သွယ် များနေတာ ဖြစ်တယ် ဆိုတဲ့ အချက်ကို သဘောပေါက်ထားဖို့ လိုပါတယ်။ အယူဝါဒတွေ အမျိုးမျိုး ရှိနေတာနဲ့ အမှန်တရားတွေ အများကြီး ရှိတယ်လို့ နားမယောင်သင့်ဘူး။ အယူဝါဒတွေက အမှန်တရား မဟုတ်ဘူး။ အမှန်တရားကို သွားရာ လမ်းကြောင်း တွေသာ ဖြစ်တယ်။ အမှန်တရားဆိုတာ နှစ်ခု မရှိနိုင်ပါဘူး။


လူထုစိန်ဝင်း
(၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ထုတ် the Hot News ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ )