Subscribe to our RSS Feed

အမျိုးသားလုံခြုံရေးနှင့် အကဲဆတ်ပွိုင့်

From :  https://www.facebook.com/photo.php?fbid=560865580677201&set=a.101379746625789.2560.100002612916066&type=1&relevant_count=1&ref=nf


● ဧကန်မဲ့ မြန်မာ့နိုင်ငံရေး

National Endowment for Democracy ၀ါရင့် ဒါ့ရိုက်တာ ဘရိုင်ယန် ဂျိုးဇက်ဖ်ကတော့ မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၏ အနာဂတ်သည် လမ်းကြောင်းဟူ၍ တိတိပပ ခန့်မှန်းနိုင်ခြင်းမရှိဘဲ ဧကန် မဲ့မှုများ ဖုံးလွှမ်းနေသည် ဟု ဆိုသည်။ ထို့ကြောင့်လည်း အနောက်နိုင်ငံများက နောက်ကြောင်းပြန်နိုင် သလား ဟူသော သံသယကို ကြားခံထားကြခြင်း ဖြစ်သည်။ မြန်မာရောက် လာရီဒိုင်းမွန်းကတော့ အသွင် ကူးပြောင်းရေး ချောမွေ့စေရန် နိုင်ငံရေးပဋိဥာဉ်တစ်ရပ် လိုသည်၊ နိုင်ငံရေး ပဋိဥာဉ် မရှိသေးပါက ဧကန်မဲ့မှု နှင့် တိုးမည် ဟု ကောက်ချက်ချသည်။ နိုင်ငံရေးခေါင်းဆောင်များအကြား ထားရှိအပ်သော ပဋိဥာဉ်ကို ဆို လိုဟန်ရှိသည်။ ဤတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည်နေသော နိုင်ငံရေး မိုးလေများအရ အကဲဆတ်ပွိုင့်သည် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ဟု အတော်များများက သတ်မှတ်ထားကြသည်။

၂၀၁၄ ခုနှစ်အတွင်း ဖြတ်သန်းရမည့် နိုင်ငံရေးပုစ္ဆာများမှာ -

(၁) ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် (အခြေခံဥပဒေ ဇယား ၁၊ ၂၊ ၃ နှင့် ၅)
(၂) အချုပ်အခြာအာဏာနှင့် စံနှုန်း (အခြေခံဥပဒေ အခန်း-၃) ဟူ၍ ဖြစ်သည်။ 

ဤပုစ္ဆာ(၂)ရပ်တွင် မည်သို့ အဖြေထွက်မည်ကို တွက်ချက်ကြည့်လျှင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်မှာ အတော်အတန်ပင် ပြေလည်သွားမည့် သဘောရှိသည်။ ဒုတိယပုစ္ဆာမှာမူ မည်သို့အဖြေထွက် လာပြီး မည်သို့သော အခင်းအကျင်းများ ဖြစ်လာမည်ကို မသိတတ်သေးသည့် အနေအထား ဖြစ်သည်။ အကဲဆတ်ပွိုင့်မှာ ဤ(၂)ခုတည်းတော့ မဟုတ်ပါ။

● ဒူချီရာတန်း မီးတောက်များ

ရခိုင်ပြည်နယ်သည် တင်းမာမှုများ လျော့ပါးလာစေရန်၊ မယုံကြည်မှုများ နည်းပါးသွားစေရန်၊ မငြိမ် သက်မှုများ တည်ငြိမ်သွားစေရန် အချိန်ယူ တည်ဆောက်နေရသည့် အနေအထား ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော ပုစ္ဆာ(၂)ရပ်မှာ နိုင်ငံရေးအရ အကဲဆတ်ပွိုင့်များဟု ဆိုလျှင် ရခိုင်ပြည်နယ်မှာ အမျိုးသားရေး အကဲဆန်ပွိုင့်ဟု ဆိုနိုင်သည်။ လောလောလတ်လတ် ဖြစ်ပွားခဲ့သော ဒူချီရာတန်းကျေးရွာဖြစ်စဉ်တွင် မည် ရွေ့မည်မျှ အကဲဆတ်သည်ကို အထင်အရှား မြင်တွေ့လာရခြင်းလည်း ဖြစ်သည်။ 

ပထမဦးစွာ ဤပြဿနာသည် မမျှော်လင့်ဘဲ ပေါ်ပေါက်လာခဲ့သော သမိုင်းနှင့်ချီ၍ ပြာဖုံးနေသည့် မီးခဲများ ဖြစ်သည်ကို အသိအမှတ်ပြုရပေမည်။ အကြောင်း တိုက်ဆိုင်တိုင်း ပေါ်ပေါက်လာတတ်သော အနာမကျက်နိုင်သေးသည့် ဒဏ်ရာဟောင်းလည်း ဖြစ်သည်။ 

ဒုတိယအချက်အနေဖြင့် ဤပြဿနာသည် “လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေုးပြဿနာ” ဖြစ်ပြီး ပြည်တွင်းရှိ ဘာသာခြားများနှင့် မည်သို့မျှ သက်ဆိုင်မှု မရှိကြောင်း လက်ခံနိုင်ရန် လိုအပ်ပါမည်။ 

တတိယအချက်အနေဖြင့် ဤပြဿနာသည် ဤနိုင်ငံအတွင်း၌ ဥပဒေနှင့် အညီ အေးအေးချမ်းချမ်း မှီတင်းနေထိုင်ကြသော နိုင်ငံသားများ(အားလုံး)၏ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်လျက် ရှိသော အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ် ဖြစ်သည်ကို နားလည်နိုင်ရန် အရေးကြီးပေသည်။ 

● နိုင်ငံသားနှင့် တိုင်းရင်းသားကိစ္စ

ပြဿနာများ၏ ဇစ်မြစ်ကို လေ့လာကြည့်လျှင် “နိုင်ငံသားအခွင့်အရေး” က စတင်သည်ကို သတိပြု ကြဖို့ လိုအပ်သည်။ တစ်ဘက်မှ တောင်းဆိုလှုပ်ရှားမှုများမှာ နိုင်ငံသားထက်ပိုသော “တိုင်းရင်းသားအခွင့် အရေး” ဖြစ်နေသည်။ တိုင်းရင်းသားသည် ၁၉၈၂ ခုနှစ် ဥပဒေအရ ဇာတိနိုင်ငံသားများကိုသာ ဆိုလိုပြီး နိုင်ငံသားတွင် ဇာတိနိုင်ငံသားရော ပ၀တ္တိနိုင်ငံသားပါ ရောနှောပါဝင်နေသည်။ 
ရိုးရိုးရှင်းရှင်း စဉ်းစားကြည့်လျှင် နိုင်ငံသားကိစ္စမှာပင် ပြင်းထန်သော ဆန့်ကျင်မှုများ ကြုံတွေ့နေရ ခြင်းကြောင့် တိုင်းရင်းသားဖြစ်ရေးကိစ္စမှာ မဖြစ်နိုင်သော ရည်မှန်းချက်သာ ဖြစ်သည်။ ပြည်ပရှိ တက်ကြွ လှုပ်ရှားသူတို့က တိုင်းပြည်တကာလှည့်လည်သွားလာရေး “အခွင့်အရေးတောင်းဆိုပွဲများ” ဆောင်ရွက် လေလေ ပြည်တွင်းရှိ နိုင်ငံသားများအားလုံး စိတ်ဝယ်၌ ခြိမ်းခြောက်လာလေလေ ဖြစ်နေသဖြင့် အမည် နာမ၊ အခေါ်အဝေါ်များ တရားဝင်ရေးသည် မဖြစ်နိုင်သော တောင်းဆိုမှုသာ ဖြစ်သည်။ 

တစ်ဖန် နိုင်ငံသားကိစ္စ အငြင်းပွားမှုကိုလည်း ရှင်းရှင်းလင်းလင်း သိရန် လိုအပ်ပေသည်။ နိုင်ငံတော်သမ္မတကြီးအနေဖြင့် နိုင်ငံသားအခွင့်အရေးကို တစ်ဘက်ပိတ်ငြင်းပယ်နေခြင်း မဟုတ်ပေ။ “၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် ညီညွတ်သူများအားလုံးကို နိုင်ငံသားပေးမည်” ဟူ၍ ကမ္ဘာသိ အတိ အလင်းကြေညာထားပြီး ဖြစ်သည်။

“နိုင်ငံသားကိစ္စ” သည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ အစိတ် အပိုင်းတစ်ရပ် ဖြစ်၍ မည်သည့်နိုင်ငံတွင်မဆို သီးသန့်ဥပဒေများ ပြဌာန်းထားစမြဲသာ ဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့် တည်ဆဲဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်။ ယင်းဥပဒေ နှင့် ညီသူများကို နိုင်ငံသားပေးမည်။ မညီသူများကိုတော့ နိုင်ငံသားမပေးနိုင် ဟူသော အဖြေမှာ ရှင်းသည်။ 

အငြင်းပွားဖွယ်ရာ ဖြစ်လာနိုင်သည်မှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အပေါ် အားလုံးက ယုံကြည်မှု ရှိစေရေးပင် ဖြစ်သည်။ ဤတွင် အစိုးရ၊ နှစ်ဘက်လူ့အဖွဲ့အစည်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင် သော နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တစ်ရပ် ချမှတ်ခဲ့သည်။ ဤလုပ်ငန်းစဉ်အရ ပွင့်လင်းမြင်သာမှု ရှိရှိ စိစစ်နိုင်ခဲ့လျှင် ဤမျှအထိ နိုင်ငံသား စစ်-မစစ် ပြဿနာများ ရှုပ်လာစရာ မရှိပါ။ သို့သော် နိုင်ငံသား စိစစ် ရေးအဖွဲ့များ ကွင်းဆင်းသွားရောက်သည့်အခါ (တောင်းဆိုနေသော လူမျိုးအမည်)အော်ဟစ်၍ စာရင်းတွင် ယင်လူမျိုးအမည်ကိုသာ ဖြည့်မည် ဟူသော အကျပ်ကိုင်မှုများကြောင့် စိစစ်ရေးလုပ်ငန်း ရပ်ဆိုင်းခဲ့ရသည်။ 

လူမျိုးအမည်ကို လူအုပ်စုအားဖြင့် ဆန့်ကျင်တောင်းဆိုခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အကျပ်ကိုင်ဖိအားပေးခြင်းသာ ဖြစ်ပြီး လက်ရှိအစိုးရအနေဖြင့် မည်သို့မျှ လိုက်လျောပေးနိုင်မည် မဟုတ် ပါ။ 

● တက်ကြွလှုပ်ရှားသူများ၏ မဟာဗျူဟာ

ယင်းသို့ လူမျိုးအမည်ကို လူအုပ်စုဖြင့် တောင်းဆိုရုံနှင့် မရနိုင်မှန်းသိလျက်ဖြင့် မည်သည့် အတွက်ကြောင့် တောင်းဆိုကြပါသနည်း။ ဖြစ်နိုင်ချေတစ်ခုမှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် ရပ်ဆိုင်းသွား ရေးသာ ဖြစ်သည်။ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းမျိုးစုံကလည်း နိုင်ငံသားအခွင့်အရေး ငြင်းပယ် ခြင်းကို ပြစ်တင်ဝေဖန်ကြပြီး နိုင်ငံသားအခွင့်အရေး ပေးနိုင်ရေးအတွက် ဆောင်ရွက်သော စိစစ်ရေးလုပ် ငန်းစဉ် နှောက်ယှက်ခဲ့ခြင်းကို အပြစ်မမြင်ခဲ့ကြ။ ဤသည်မှာလည်း အံ့သြစရာတော့ မဟုတ်။ မြန်မာနိုင်ငံ သည် နှစ်ပေါင်း(၂၀)ကျော် လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် နိုင်ငံတကာအလယ်တွင် တပင်တိုင်မင်း သားကြီးအသွင်ဖြင့် ဝေဖန်ပြစ်တင်မှုများ နားမဆံ့အောင် ကြုံခဲ့ရသော နိုင်ငံငယ်လေးသာ ဖြစ်သည်။ နိုင်ငံ တော်သမ္မတကြီးလက်ထက် နိုင်ငံ့ပုံရိပ်နှင့် ဂုဏ်သိက္ခာ ပြန်လည်ဆယ်တင်လာနိုင်ခဲ့သည်မှာ (၃)နှစ်ပင် မပြည့်တတ်သေး။ ဆယ်စုနှစ်နှင့်ချီ၍ တည်ဆောက်ခဲ့သော လူ့အခွင့်အရေးကန်ပိန်းများဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများအကြား နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ထိုးဖောက်ခဲ့သော ကွန်ယက်သည် လက်ရှိအချိန်တွင် ပိုမိုအားကောင်းလာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးနီးပါး ပြန်လည်လွတ်မြောက်လာခဲ့ခြင်း၊ စာနယ်ဇင်းဆင်ဆာစနစ်ပယ်ဖျက်ပေးခြင်း၊ အလုပ်သမားသမဂ္ဂနှင့် လယ် သမားအဖွဲ့အစည်းများဖွဲ့စည်းခွင့် ပြုခဲ့ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်များ ရရှိခဲ့ခြင်း၊ ပြည်တွင်းငြိမ်းချမ်း မျှော်လင့်ချက်မြင့်မားလာခြင်း စသည်အကြောင်းအချက်များအရ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ရှုထောင့်မှ ပြစ်ချက်ရှာကြရာ၌ ဘင်္ဂလီကိစ္စသည် တစ်ခုတည်းသော ပစ်မှတ် ဖြစ်နေခဲ့သည်။ 

နိုင်ငံတကာတွင်သာမက အမေရိကန်အပါအ၀င် နိုင်ငံကြီးများ၏ နိုင်ငံရေးလောကတွင်ပါ လူ့အခွင့် အရေးကိစ္စသည် သည်းခြေကြိုက်ကိစ္စ ဖြစ်နေလေရာ အော်ဟစ်၍ကောင်း၊ ရန်ပုံငွေအရှာကောင်းသော ကိစ္စကြီး ဖြစ်လေရာ မြန်မာနိုင်ငံဆိုလျှင် ဘင်္ဂလီကိစ္စတံဆိပ်ကပ်၍ ထုကြထောင်းကြလေတော့သတည်း ဟူသော အခြေအနေသို့ ရောက်ရှိခဲ့သည်။ 

ဤနေရာတွင် ပြည်တွင်းရှိ ဘာသာခြား နိုင်ငံသားများ အနေဖြင့် အမျိုးသားလုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေးကို ခွဲခြားသိမြင်ကြရန် အထူးအရေးကြီးသည်။ 

အမေရိကန် ပြည်ထောင်စုသည် လင်ကွန်းလက်ထက်၌ ကျွန်စနစ်ဖျက်သိမ်းခဲ့ပြီးနောက် အဖြူ-အမည်း ပြဿနာ ကြီးမားစွာ ကြုံတွေ့ခဲ့ရသည်။ “ကေသုံးလုံး” အမည်ရှိ လူဖြူအစွန်းရောက်ဂိုဏ်းတစ်ဂိုဏ်းသည် အမေရိက တစ်နိုင်ငံလုံးရှိ လူမည်းများကို လုပ်ကြံသတ်ဖြတ်သည်အထိ အဖြစ်ဆိုးခဲ့ရသည်။ မည်မျှအထိ ခွဲခြားခဲ့ သနည်း ဆိုလျှင် ဥပဒေများထုတ်ပြန်၍ပင် လူမည်းများကို နှိမ်ထားခဲ့ကြခြင်း ဖြစ်သည်။ “လူမည်းနှင့် ခွေးမ၀င်ရ” ဟူသော ဆိုင်းဘုတ်များသည် အိုလံပစ်ရွှေခါးပတ် ရယူခဲ့သော မိုဟာမက်အလီကိုလည်း ချမ်းသာ မပေးခဲ့ပါ။ ဘတ်စ်ကားစီး၍ လူဖြူများ ကားပေါ်တက်လာပြီး ထိုင်စရာ ထိုင်ခုံ မရှိပါက ထိုင်နေ သော လူမည်းများက နေရာဖယ်ပေးရသည်အထိ ဥပဒေများ ပြဌာန်းထားခဲ့သည်။ လူမည်း အခွင့်အရေး တောင်းဆိုခဲ့ရာ၌ နိုဗယ်ဆု ရရှိခဲ့သော မာတင်လူသာကင်း အသက်ပေးပြီး နှစ်ပေါင်းများစွာ ကြာမြင့်သည့် ၂၀၀၈ ခုနှစ် ရောက်တော့မှ ဘားရတ်အိုဘား အမေရိကန်သမ္မတ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ မာတင်လူသာ ကင်းသည် တန်းတူရေးအိပ်မက်ကို လက်ဆင့်ကမ်းခဲ့ရာ အိုဘားမားလက်ထက်၌သာ ယင်းအိပ်မက်တို့ အကောင်အထည်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ဤသို့သော ရုန်းကန် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသော သမိုင်းနှင့် ဆက်စပ်၍ လူ့အခွင့်အရေးချန်ပီယံ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အများအပြားရှိနေကြပါ၏။ 

ဤသို့ဖြင့် နိုင်ငံတော်သမ္မတကြီးလက်ထက် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုတွင် ဘင်္ဂလီကိစ္စ သည် အဖြူထဲက အမည်းစက်တစ်စက် ဖြစ်ခဲ့ရသည်။ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ပွင့်လင်းစ၊ တံခါးဖွင့်စ ဒီမိုကရေစီထွန်းသစ်စ အခြေအနေကို အခွင့်ကောင်းယူ၍ ဘင်္ဂလီကိစ္စတွင် ဖိအားပေးမှု၊ တိုက် တွန်းမှုများသာမက စွက်ဖက်မှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းလာခဲ့ကြသည်များလည်း တွေ့ရှိရသည်။ မြန်မာ နိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်သည်သာမက ဥပဒေများမှာလည်း ပြည်သူကရွေးချယ်တင်မြှောက်သူများက ရေးဆွဲပြဌာန်းနေကြခြင်းသာ ဖြစ်သည်။ ကိုလိုနီလက်အောက်မှာ လွတ်မြောက်လာခဲ့သည်မှာ နှစ်ပေါင်း(၆၀)ကျော် ကြာမြင့်ခဲ့ပြီ 
ဆိုသည်ကို အချို့သောနိုင်ငံများက သတိ လက်လွတ်ဖြစ်နေပုံရသည်။ 

နိုင်ငံတော်သမ္မတကြီး ချမှတ်ထားသော နိုင်ငံခြားဆက်ဆံရေးမူဝါဒမှာ ရှင်းရှင်းလေး ဖြစ်သည်။ 
နံပတ်(၁)နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရ၊ 
(၂) အမျိုးသားအကျိုးစီးပွား မထိခိုက်စေရ၊ 
(၃) ပြည်သူများ၏ အကျိုးစီးပွားမထိခိုက်စေရ၊ 
(၄) နိုင်ငံခြားရေးမူဝါဒ မထိခိုက်စေရ ဟူ၍ ဖြစ်သည်။ 

ယင်း မူ(၄)ချက်ကို ထိပါးလာလျှင် လက်ခံမည် မဟုတ်ပေ။ နိုင်ငံသားကိစ္စသည် အချုပ်အခြာအာဏာ၏ အစိတ် အပိုင်းတစ်ရပ် ဟု ဆိုထားပြီး ဖြစ်ရာ ယင်းကိစ္စကိုလည်း ကြားဝင်စွက်ဖက်ခြင်း၊ ဖိအားပေးခြင်း စသည်တို့ ကို လုံးဝ လက်ခံမည် မဟုတ်ပေ။ 

● တိုက်တွန်းချက်

ဒူချီရာတန်းဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကြိုတင်စီစဉ်ပြီး လူအုပ်စုဖြင့် အကြမ်းဖက် တိုက် ခိုက်ခြင်းသည် ဇစ်မြစ်ဖြစ်သည်။ ယင်းကိစ္စသည် မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရမျိုးကမှ ခွင့်လွှတ်လက်ခံ နိုင်သည့် ကိစ္စ မဟုတ်ပေ။ သို့သော် တက်ကြွလှုပ်ရှားသူများ၏ ကွန်ယက်များက နိုင်ငံတကာအဖွဲ့အစည်း များနှင့် ချိတ်ဆက်၍ သတင်းမှားကြီးတစ်ခု လုပ်ကြံဖန်တီးလေသောအခါ “ဘင်္ဂလီဒါဇင်နှင့်ချီ၍ သတ်ဖြတ် ခြင်းခံရ” ဟူသော သတင်းက ပြန့်နှံ့သွားပြီး ရဲတပ်ကြပ်ကြီးသေဆုံးသော ဖြစ်စဉ် မှေးမှိန်ပျောက်ကွယ် သွားစေခဲ့သည်။ ထိုမျှနှင့်မပြီးသေး။ သတင်းမှားကို အမှန်ဟု ထင်မြင်ယူဆလျက် စုံစမ်းစစ်ဆေး ဖော်ထုတ် ပေးရန် ခပ်တည်တည်နှင့် တောင်းဆိုကြပြီး ကြေညာချက်ထုတ်ကြ၊ အော်ကြ ဟစ်ကြနှင့် အလုပ်ရှုပ်ကြရ လေ၏။ ဤမှာဘက်တွင် အစိုးရအနေဖြင့် ရဲတပ်ကြပ်ကြီးကိစ္စကို အကြောင်းပြု၍ ပဋိပက္ခများ ပြည်တွင်း၌ ကူးစက်မှုမရှိစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေရသည်ကိုလည်း နားမလည်။ ဒိုနာများနှင့် စပွန် ဆာများထံ မျက်နှာကောင်းရရှိရေးအတွက် သတင်းမှားသည်၊ မှန်သည်မထိ ဦးအောင်အော်ဖို့သာကြည့်ခဲ့ ကြပါ၏။ 

နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုရော၊ ပြည်တွင်းပြည်ပ ဘင်္ဂလီတက်ကြွလှုပ်ရှားသူများအနေဖြင့် ဘင်္ဂလီအရေး ဖြေရှင်းနိုင်ရေး အစိုးရက ဆောင်ရွက်လျက်ရှိရာ ပြဿနာဇစ်မြစ်ဖြစ်သော နိုင်ငံသားစိစစ် ရေးလုပ်ငန်းစဉ်ကို ၀ိုင်းဝန်းကူညီရန် မဆိုထားနှင့် စကားထဲပင် ထည့်မပြောခဲ့ကြပေ။ အမှန် ဖြစ်သင့် သည်မှာ နိုင်ငံသားအခွင့်အရေးတောင်းဆိုနေကြသူများ နိုင်ငံသားအခွင့်အရေး ရရှိရေးအတွက် ဤ စိစစ် ရေးကို လက်ခံရန် ၀ိုင်းဝန်းကူညီရမည်၊ တိုက်တွန်းရမည်၊ ပံ့ပိုးကြမည်သာ။ ယင်းတို့ တိုက်တွန်းနေသော အခွင့်အရေးရရန် အစိုးရက လုပ်ဆောင်နေခြင်း မဟုတ်လော။ 

တစ်ဖန် သတင်းထုတ်ပြန်ကြရာ၌၊ ဖိအားပေးကြရာ၌ အစဉ်အဆက် တင်ရှိခဲ့သော မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းဟောင်းနှင့် တိုက်ဆိုင်ကား ဘင်္ဂလီတက်ကြွလှုပ်ရှားသူများ၏ သတင်းအချက် အလက်ကိုသာ တစ်ဘက်ပိတ်ယုံကြည်ကြမည် ဆိုလျှင် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် များ စွာ ခက်ခဲစေပါမည်။ 

တစ်ဖန် အကဲဆတ်ပွိုင့်မှ အလွန်တရာ အကဲဆတ်ပွိုင့် ဖြစ်နေသော ရခိုင်ပြည်နယ်နှင့် ပတ်သက်လျှင် မသိနားမလည်ဘဲ ၀င်မရှုပ်ကြသည်က ပိုမိုကောင်းမွန်ပေလိမ့်မည်။ မှန်သလား၊ မှား သလား စိစစ်ရမည့် ကျင့်ဝတ်၊ စည်းမျဉ်းများကို လျစ်လျူရှု၍ ဒိုနာ၊ စပွန်ဆာနှင့် လော်ဘီများ မျက်နှာသာ ရရေးအတွက်၊ ပရောဂျက်၊ ပရိုပိုဆယ်များ ရရှိရေး သူများထက်ဦးအောင် အော်ဟစ်ဖိအားပေးလိုသည် ဆိုလျှင် ပြည်တွင်း၌ မလိုလားအပ်သော ဆိုးကျိုးများ ဖန်တီးမိလျက်သား ဖြစ်သွားပြီး ပြည်တွင်းပဋိပက္ခ တရားခံအဖြစ်သို့ ရောက်ရှိသွားနိုင်သည်ကို သတိပြုကြရန် လိုအပ်ပေမည်။

အချုပ်ဆိုရသော် ဂလိုဘယ်လိုက်ဇေးရှင်းအရ ကမ္ဘာမှုပြုခဲ့ပြီ ဆိုသော်လည်း- 

- အကဲဆတ်ပွိုင့်ကို အကဲဆတ်ပွိုင့်ဟု နားလည်ရန်၊ ပြည်တွင်းရေးကို ပြည်တွင်းရေး ဟု သဘောပေါက်ရန် အထူးပဲ အရေးကြီး နေပြီ ဖြစ်ကြောင်း၊

- ပြည်တွင်းရှိ နိုင်ငံသားအားလုံးအနေဖြင့်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားလုံ ခြုံရေးပြဿနာကို မိမိတို့နှင် သီသန့်ဖြစ်သည်ကို သတိပြုကြရန် အရေးကြီးကြောင်း မီးမောင်းထိုး တင်ပြ အပ်ပေသည်။ 

[Source : The Voice Weekly]
(မှူးဇော်)

1 comments:

I still doubt about this voice weekly article. It was implicitly accusing the violation of human rights toward other minorities by Tat-Ma-Daw and SLORC.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်