အကြမ်းဖက်သောင်းကျန်းသူရွက်ဆစ်ကတော့ မြန်မာ့ဂျာနယ်တွေ၊ မီဒီယာတွေကြားမှာ ရေပန်းစားနေသူ တစ်ယောက်အဖြစ် စင်ပေါ်ရောက်နေပြီပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သတင်းထောက်များရဲ့ မေးမြန်းချက် တွေကို လိမ့်ကာပိန့်ကာနှင့် ဖိန့်လုံးတွေသုံးပြီး တကယ့်ငြိမ်းချမ်းရေး စေတမန်ကြီးလို ဇာတ်ရုပ်တွေ ခင်းပြနေတာကို ကျွန်မက အတော်မြင်ပြင်းကပ်နေမိတာပါပဲ။ ခေတ်စကားနှင့် ပြောရလျှင် ရွှီးချက်က 9 လောက်ရှိတယ်လို့ ပြောရမယ်ရှင့်။
ကျွန်မတို့မြို့ကလေးက အေးချမ်းတဲ့ရှမ်းမြို့လေးပါပဲ။ ရှမ်းပြည်နယ် အရှေ့ဖျားက မိုင်းတုံမြို့ကို ရောက်ဖူးသူတိုင်း သိကြပါတယ်။ ရိုးသားတဲ့ရှမ်းတောင်သူတွေနေတဲ့ လောဘ ဒေါသ ကင်းတဲ့ မြို့ကလေးပါ။ တောင်ယာခင်းတွေ၊ လက်ဖက်ခြံတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သူတွေ နေကြပါတယ်။ မြို့ကြီးတွေလို ပညာတတ်တွေမပေါများပေမယ့် ဘာသာတရားရဲ့ အဆုံးအမကြားမှာ ရှင်သန်နေထိုင်ရင်း နှစ်လိုဖွယ်ဘဝတွေကို ပိုင်ဆိုင်ကြပါတယ်။ ရှမ်း၊ လားဟူ၊ လဝ ၊ အခါ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ကြတဲ့ ပြည်ထောင်စုနယ်မြေလေးတစ်ခုပေါ့။
အေးချမ်းပေမယ့် ငြိမ်းချမ်းမှုတော့ သိပ်မရှိလှပါဘူး။ ပြည်တွင်းစစ်ကြောင့် ရောင်းရေးဝယ်တာ ကောင်းလှတဲ့မြို့တော့ မဟုတ်ပါ။ ကြီးမားတဲ့စီးပွားရေးလုပ်ငန်းကြီးတွေ မရှိတာကြောင့် အရွယ်ရောက်သူအတော်များများက ရွာတွေမှာ တောင်ယာအလုပ်လုပ်သူလုပ်၊ အိမ်နီးချင်းထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်သူလုပ်နဲ့ မြို့ပေါ်ကိုတော့ ရောက်လာခဲလှပါတယ်။ မငြိမ်းချမ်းတဲ့ဒေသမို့ ပညာရေးဟာလည်း ထင်သလောက် မဖြစ်ထွန်းပါဘူး။ မြို့ပေါ်ကျောင်းတွေက စာသင်ချိန်မှန်နေပေမယ့် တောရွာလေးတွေမှာတော့ ဆရာကနည်းနည်း၊ ကျောင်းသားလည်းကျဲကျဲနဲ့ မူလတန်းပညာရေးတောင် မပြီးဆုံးကြသူများတဲ့ မြို့နယ်လေးပါ။
ရှမ်းပြည်ပြန်လည်ရရှိရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) က ဦးသိန်းစိန်အစိုးရ လက်ထက် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေပြီလို့ သိရပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတယ်ဆိုတော့ ကျွန်မတို့ဒေသခံတွေ သွားရေးလာရေးလည်း မခက်တော့ဘူးလို့ ဝမ်းသာမိခဲ့ဖူးပါတယ်။ ကျောင်းသစ်လေးတွေလည်း ပေါ်ပေါက်လာပြီး ဆရာသစ်တွေနဲ့ ခေါင်းလောင်းသံ ချိုချိုလေးတွေကြားရတော့မယ်လို့ ထင်ခဲ့မိပါတယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ စာရွက်ပေါ်က ရေးထားတဲ့ သဘေတူညီချက်တွေနဲ့ သူတို့ရဲ့လက်မှတ်တွေဟာ မြေပေါ်မှာတော့ အရာမထင်ခဲ့ဘူးလို့ကျွန်မက ပြောချင်ပါတယ်။

ကျွန်မတို့မြို့နယ်မှာ RCSS/SSA စစ်ဒေသ(၂) က လှုပ်ရှားပါတယ်။ အပစ်အခတ်မရပ်ခင် ကာလကတော့ သိပ်ပေါ်ပေါ်ထင်ထင် လှုပ်ရှားမှုမရှိပေမယ့် တောင်ပေါ်ရွာတွေမှာတော့ ခြေရှုပ်တတ်ပါတယ်။ အစိုးရတပ်တွေတက်လာတယ်သတင်းကြားရင် ခြေရာဖျောက်လိုက်၊ တွေ့ရင်တိုက်ပွဲတွေဖြစ်လိုက်ပေါ့။ တောရွာကို အမှီပြုပြီး ကျွန်မတို့မိဘတွေက ပွဲရုံလုပ်တော့ ကျေးလက်သတင်းတွေကို အမြဲကြားရတတ်ပါတယ်။
ခုလည်းကြားရပြန်ပါတယ်။ ကောင်းသတင်းတော့မဟုတ်ပါ။ ပြီးခဲ့တဲ့ကာလက လူသစ်တွေစုလို့ အင်တာနက်သတင်းတွေမှာ မီဒီယာတွေရဲ့ ထိုးနှက်မှုကိုခံလိုက်ရတဲ့ RCSS/SSA တွေငြိမ်သွား တယ်ထင်ခဲ့မိတာ ကျွန်မအတွက်မှားသွားခဲ့ပါတယ်။ လူသစ်စုယုံမက လူဟောင်းတွေကိုပါ ပြန်ခေါ်ပြီး စစ်ရေးပြင်နေတာတွေ ဖြစ်လာပါတယ်။ ငြိမ်းချမ်းရေးစကားတွေပြောပြီး စစ်ရေးပြင်နေတာဟာ စိုးရိမ်ဖွယ် အခြေအနေတစ်ခုဆိုတာ ကျွန်မသဘောပေါက်လိုက်ပါတယ်။ သူတို့လိုချင်တာ တောင်းမရရင်ပြန်တိုက်ဖို့ လူအင်အားပြင်ဆင်တဲ့ သဘောပါပဲ။ ဒါဆိုရင် စစ်ပွဲတွေထပ်ဖြစ်ကြဦးမှာပေါ့ ။ သတင်ဂျာနယ်တွေမှာတော့ စကားလုံးလှလှတွေနှင့် ပြောနေတဲ့ သောင်းကျန်းသူ SSA အကြမ်းဖက်သမား ရွက်ဆစ်က ရှေ့နောက်မညီ ပလီပလာလုပ်ပြီး အမေစုတောင် ဆွဲစိကာ အာဏာသိမ်းဖို့ကြံနေတာလား မသိပါဘူး။
တလောကပဲ NLD နဲ့ပေါင်းပြီး နိုင်ငံရေးပဲဦးတည်တော့မလို အသံတွေပေးပြီး ခုလည်းစစ်ပြင်နေပြီ ဆိုတော့ သူ့က ပုဆိုးခေါင်းခြုံပြီး လမ်းဘေးအိမ်သာတက်သလို ဖြစ်နေပြီထင်တာပဲ။ ကျွန်မတို့ ပွဲရုံကတော့ သူ့စိတ်ရူးပေါက်ပြီး လုပ်တာနဲ့ဒုက္ခရောက်ဦးမယ်ထင်တာပါပဲ။ စိတ်လည်းညစ်လှပါတယ်။ တောမှာ စစ်ဖြစ်ရင် တောင်သူတွေပဲ မစိုက်နိုင်မပျိုးနိုင်ဖြစ်ရတာ မဟုတ်လား။ တောင်ယာသွားတဲ့ ကလေးတွေကို ဖမ်းပြီး SSA ထဲဝင်ခိုင်းတော့ ကလေးတွေထွက်ပြေးတာ အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် လိုက်ဖမ်းပြီး နှိပ်စက်၊ မိန်းကလေးတွေကိုပေါ်တာခေါ်သလို ပြန်ပေးဆွဲသလို မောင်မလာရင် နှမကို ဖမ်းတာတော့ လူမဆန်လှပါဘူး။ ဒီဘက်ခေတ်မှာ စော်ဘွားလို တွေ့ကရာကောက်လို့ရတဲ့ ခေတ်မှ မဟုတ်တာ။ ပြီးတော့ စော်ဘွားရူးရွက်ဆစ်ရဲ့ လက်မရွံ့ ရှမ်းသောင်းကျန်းသူဘိန်းပွဲစားတွေက စော်ဘွားစော်ကန်လုပ်ပြီး မြို့စားယောင်ယောင် ရွာစား ယောင်ယောင် ထင်တိုင်းကျဲနေတာ မျက်မုန်းကျိုးစရာပါ။ အပစ်အခတ်ရပ်စဲပြီးနောက် ပိုဆိုးနေသေးတယ်။
ခုလည်းနှစ်ကူးလို့မှ လတောင် မစွန်းသေးဘူး ၂၀၁၄ မှာ ဘာညာအော်ပြီး လူသစ်ထပ်ဆွဲပြန်ပြီလေ။ ကျွန်မတို့မိုင်းတုံက မြို့မရပ်မှာ ကိုစိုင်းဖန်းဆိုတာ လူသိများပါတယ်။ သူ့ကို ၂၀၁၀ လောက်က ခရီးသွားတုန်း လမ်းမှာ SSA ဆွဲသွားတာ အတော်ကြာပါတယ်။ ရှမ်းစစ်သားလုပ်ခိုင်းလို့ တစ်နှစ်ကျော် SSAမှာစစ်သား လုပ်ပေးလိုက်ရပါသေးတယ်။ တော်လှန်ရေးလုပ်တယ်ပြောပြီး ဘိန်းကုန်ကူးနေတဲ့သူတွေကြားမှာ မနေချင်တာနဲ့ မြို့ကို ပြန်ပြေးပြီး မြို့ပေါ်က ဘယ်မှမသွားရဲတော့ပါဘူး။ မြို့က ထွက်တာနဲ့ သတ်ခံရမှာလေ။ ဒါပေမယ့် ကိုစိုင်းဖန်း ကံမကောင်းပါဘူး။ သူ့ဆီကို SSA စစ်ဒေသ(၂)က ဘထွန်းရဲ့ စာရောက်လာပါတယ်။

၅-၂-၂၀၁၄ ရက်နေ့မှာ ဗဟိုဌာနချုပ်ကိုအရောက်လာပြီး တာဝန်ထမ်းဆောင်ဖို့နဲ့ မလာရင် SSA က ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ရေးထားပါတယ်။ သူ့အပြင် မိုင်းတုံမြို့တွင်းက အခြား ၂ ယောက်လည်းပါပါတယ်။ စစ်ဒေသ(၂) နယ်မြေအတွင်းက ဆိုရင် ပုံပါကျင်မြို့နယ်ခွဲအပါအဝင်
စုစုပေါင်း ၂၃ ယောက်ကို စာပို့တာလို့လည်း ပြောပါတယ်။ ခွင့်ပြန်သူ၊ ထွက်ပြေးသူအားလုံးကို ပြန်စုတာဆိုတော့ ငြိမ်းချမ်းရေးသမားကြီး ရွက်ဆစ်ဦးစီးပြီး SSA အင်အားနဲ့ ဆန္ဒထုတ်ဖော် လမ်းလျှောက်မှာတော့ မဟုတ်တာသေချာပါတယ်။
ဒါဆို စစ်ပြင်ဆင်ပြီး ဘယ်နေရာကို တိုက်ဦးမှာလဲ မသိပါဘူး။
အစိုးရဘက်ကလည်း ငြိမ်းချမ်းရေးအတွက် ရေရှည်ကိုမျှော်မှန်းပြီး စိတ်ရှည်ရှည်နဲ့စောင့်ကြည့်နေတာ တွေ့ရပါတယ်။ ဒီအတိုင်း ငြိမ်းချမ်းရေးခုတုံးလုပ်ပြီး SSA ပြုသမျှ ပြည်သူပဲခေါင်းငုံ့ခံရမယ့် အနေအထားပါ။ ဒါကို ဘာကြောင့်များ ဒီမိုကရေစီကို ယုံကြည်သူလို့ ရွက်ဆစ်က ကြွေးကြော်တာလဲ။ ဂျာနယ်တွေက ဘာလို့ နတ်ရူးကို ဗုံဆော်ရတာလဲ။ ကျွန်မတို့ကတော့ အာဏာရူးကို မြှောက်ပေးနေတယ်လို့ပဲ မြင်မိပါတယ်။

တခါတလေတော့လည်း အစိုးရဘက်က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေများ ရွက်ဆစ်လှည့်သမျှပတ်သမျှ ခံနေရလားလို့တောင် တွေးမိ ပါတယ်။
ဒါကလည်း ထင်စရာပါပဲ။ ကြည့်လေ… ကျော်ဟိန်းလို မျက်မှန်ကြီးတပ်ပြီး
မီဒီယာတွေကို သြဝါဒ ချွေနေလိုက်တာ တကယ့်ငြိမ်းချမ်းရေးသမား၊
ဒီမိုကရေစီရဲ့ တမန်တော်ကြီးလိုပဲ။ တကယ်ပါပဲရှင်…
သူ့စကားတွေ ကတော့ ရွှီးချက်က 9 လောက်ရှိတယ်။ မယုံကြပါနဲ့။
စစ်ဖြစ်ခဲ့ရင် ပြေးစရာအထုပ်သာပြင်ထားတော့ အကိုတို့ရေ…
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်