Subscribe to our RSS Feed

ရက်ပေါင်း ၇၀ ကျော်ကျင်းပမည့် ရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲကျင်းပ

From : .EMG
မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်း ရက်ပေါင်း ၇၀ ကျော်ကြာ ကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော် စတင်ဖွင့်လှစ်သည့် ဖေဖေ၀ါရီ ၄ ရက်က အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးများဖြင့် စံချိန်တင် စည်ကားခဲ့ကြောင်း ဖွင့်ပွဲသို့ ရောက်ရှိခဲ့သူများထံမှ သိရသည်။
နိုင်ငံတော် သြ၀ါဒစရိယ ဆရာတော်ကြီးများနှင့် မကွေးတိုင်း ၀န်ကြီးချုပ်တို့ ဖွင့်လှစ်ပေးခဲ့သည့် အဆိုပါပွဲတော်သို့ ဖွင့်ပွဲမတိုင်မီ ၁၀ ရက်ကျော်ခန့်မှပင် မြန်မာနိုင်ငံအနှံ့မှ ဘုရားဖူးများ လာရောက်ခဲ့ကြောင်း၊ ဖွင့်ပွဲနေ့တွင် ကားရပ်နားကွင်းနှင့် တဲကျောင်းများ ပြည့်လျှံသည်အထိ ဘုရားဖူးများ လာရောက်ခဲ့ကြောင်း ပွဲတော်အတွင်း လုပ်ငန်းရှင်များထံမှ သိရသည်။

“ပွဲတော်က တစ်နှစ်ထက်တစ်နှစ် ပိုစည်တယ်။ အခုနှစ်မှာတော့ ဘုရားဖူးတွေ အများကြီး လာခဲ့ပေမယ့် ပွဲတော်ဖွင့်ပွဲနေ့အထိ တဲကျောင်းတွေ ဆောက်မပြီးတာလည်းရှိတယ်၊ အထက်စက်တော်ရာမှာလည်း အလှဆင်မီးတွေ တပ်ဆင်လို့မပြီးသေးဘူး” ဟု ရွှေစက်တော်ပွဲတော်တွင် နှစ်စဉ်ဈေးရောင်းလေ့ရှိသူ တစ်ဦးက ပြောကြားသည်။ 

ယင်းပွဲတော်တွင် ယခင်နှစ်များက တဲကျောင်းခ၊ ကားဆိုင်ကယ်အပ်နှံခနှင့် လှေတင်တံတား ဖြတ်သန်းခများအား ဂေါပကအဖွဲ့ သတ်မှတ်ဈေးနှုန်းများထက် ပိုမိုကောက်ခံခဲ့သောကြောင့် ဘုရားဖူးများနှင့် ပွဲတော်သို့ပြေးဆွဲသည့် ယာဉ်မောင်းများက အကြိမ်ကြိမ် ဝေဖန်မှုများ ရှိခဲ့ကြောင်း ယခုနှစ်ပွဲတော်ချိန်တွင် အဆိုပါဈေးနှုန်းများအား သတ်မှတ်ချက်ထက် ပိုမိုမကောက်ခံရန် ကြပ်မတ်၍ ဘုရားဖူးများအတွက် ၀န်မပိစေရန် ဆောင်ရွက်သွားမည်ဟု ရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌကဆိုသည်။

အဆိုပါပွဲတော်မှာ စနေ၊ တနင်္ဂနွေနေ့များ လပြည့်နေ့များနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြီးဆုံးချိန်များတွင် အထူးစည်ကားလေ့ရှိကြောင်း ရွှေစက်တော်သို့ လာရောက်သည့် ဘုရားဖူးအများစုမှာ မကွေးမြသလွန်စေတီ၊ မင်းဘူးစက္ကိန်းတဲစေတီ နဂါးပွက်တောင်နှင့် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာစေတီများသို့လည်း သွားရောက်ဖူးမြော်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“တခြားပွဲတော်တွေမှာဆိုရင် ဆိုင်ခန်းခတို့ မြေနေရာတို့က ကုန်ကျစရိတ် အရမ်းသက်သာတယ်။ ဒီပွဲတော်မှာကျတော့ ဂေါပကအဖွဲ့နဲ့ နီးစပ်တဲ့သူတွေကို မြေနေရာချပေးပြီး အဲဒီကတစ်ဆင့် ဆိုင်ခန်းပြန်ဝယ်ရတယ်ဆိုတော့ ကုန်ကျစရိတ် အဆမတန် ပိုများတယ်။ ဒီနှစ်မှာဆိုရင် ဆိုင်ခန်းတစ်ခန်းကို ၅၅ သိန်းကနေ သိန်း ၇၀ ခန့်ထိ ပေးခဲ့ရတာတွေရှိတယ်။ ဒါကြောင့်မို့လို့ ဆိုင်ခန်းဖွင့်တဲ့သူတွေက တွက်ခြေကိုက်အောင် ဈေးနှုန်းတွေ အဆမတန်တင်ရတော့ ဘုရားဖူးတွေအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေတာပေါ့” ဟု ရွှေစက်တော်ပွဲတော်သို့ နှစ်စဉ်ဆိုင်ခန်းဖွင့်လှစ် ရောင်းချလေ့ရှိသူ ဦးကျော်ခိုင်ဝင်းကဆိုသည်။ 

(အောက်စက်တော်ရာအနီးတွင် ဆီမီးပူဇော်နေသူများအား ဖေဖော်ဝါရီ ၃ ရက်ညပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း))
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်