ရဲကျော်သူရ
မနေ့ကတင်တဲ့ပို့စ်မှာ တိုင်းရင်းသားတစ်ယောက်က ထုံးစံအတိုင်းအထေ့အငေါ့တွေနဲ့ ဝင်လာပြီး ရိနေတာနဲ့ ကျွန်တော့်ပို့စ်ကိုတင်တဲ့ အစ်ကိုလည်း ပြန်ဖြုတ်ပစ်လိုက်ပုံရပါတယ်။
ကိုယ့်ဘက်က မှန်တယ်ထင်ရင် အကြောင်း၊ အကျိုး လျော်ညီစွာ ပညာရှိဆန်ဆန်ပြန်ဖြေရှင်းပေါ့ဗျာ။ ထေ့လုံး၊ ငေါ့လုံးတွေက လမ်းဘေးဆန်လွန်းပါတယ်။ ပြောချင်ရင် အကိုးအကားအထောက်အထားနဲ့ ပြောပါ။
လူမိုက်စကားပြောရင်လည်း ဗမာဆိုတာ စစ်တိုက်လာတာ အနှစ်နှစ်ထောင်ကျော်ပြီလို့ပဲ ပြောချင်ပါတယ်။ အကြိမ် ကြိမ်လူဝင်စားပြီး စစ်သားပြန်ဖြစ်တဲ့ ဗမာတောင် ဘယ်နှယောက်ရှိနေပြီလဲမသိနိုင်ပါဘူး။
မာသာ ထရီဇာ နိုဗဲလ်ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင်တက်ယူတဲ့ အခမ်းနားမှာ မိန့်ခွန်းပြောခဲ့တုန်းက ထည့်ပြောသွား တဲ့ စကားလေးတစ်ခွန်းကို သတိရမိပါတယ်။
St. John says that you are a liar if you say you love God and you don't love your neighbor. How can you love God whom you do not see, if you do not love your neighbor whom you see, whom you touch, with whom you live?
ဘုရားသခင်ကိုတော့ချစ်ပါရဲ့ ကိုယ့်အိမ်နီးချင်းကိုတော့ မချစ်ဘူးလို့ပြောရင် သင်ဟာလူလိမ်ပဲလို့ စိန့်ဂျွန်က ပြောပါ တယ်။ ကိုယ်မြင်နေ၊ ထိတွေ့နေ၊ အတူနေနေရတဲ့ အိမ်နီးချင်းကိုမချစ်နိုင်ရင် မမြင်ရတဲ့ ဘုရားသခင်ကို ဘယ်လို ချစ်နိုင်မလဲ။
တလောက FB ပေါ်မှာ ကိုယ်ယုံကြည်ရာနိုင်ငံရေးအယူအဆတွေအကြောင်းဆွေးနွေးတုန်း စကားဝိုင်းထဲကို တောထဲက (အမှန်တော့ ငြိမ်းချမ်းရေးလုပ်ထားတဲ့အဖွဲ့တွေထဲကပါ။) အဖွဲ့တွေဝင်လာပါတယ်။
လိုရင်းပြောရရင် တော်တော်လေး အစွန်းရောက်နေတဲ့သူတွေများပါတယ်၊ ကျွန်တော်သိသလောက်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ အဲဒီလို အစွန်းရောက်တဲ့သူတွေက များပါတယ်။
နင်တို့ဗမာတွေဟာ အောင်ဆန်းကအစ လူလိမ်တွေ၊ ဗမာနယ်ချဲ့တွေ၊ ဗမာကလိန်ကျစ်တွေ ဆိုပါ တော့။ အသက်သာအသေခံသွားမယ်၊ ဗမာကျွန်မခံဘူးတဲ့။ အားလုံး အသင့်ပြင်ထားကြပေါ့လေ။ မြှောက်ပေးတဲ့ သူကလည်း ဝင်မြှောက်ပေးပါတယ်။
အပေါ်မှာ ခေါင်းဆောင်တွေက ရှေ့ရေးကိုမြှော်မြင်ပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတဲ့ အချိန်မှာ အောက်ခြေက ငယ်သားတွေထဲမှာ ဒီလိုလူမျိုးဘယ်နှယောက်ရှိမလဲ။ ကျွန်တော်တို့ မသိနိုင်ပါဘူး။ အဲဒီအထဲမှာမှ သူတို့အဖွဲ့ထဲက အာဏာရူးနေတဲ့ အစွန်းရောက်ခေါင်းဆောင်တချို့က ဒီလိုလူမျိုးတွေကို အသုံးချပြီး တစ်စင်ထောင်နိုင်ပါသေးတယ်။
သူတို့ဘာဖြစ်ချင်မှန်း ဘာလိုချင်မှန်း ကျွန်တော်တော့ မစဉ်းစားတတ်တော့ပါဘူး။ ယျေဘူယျကောက်ချက်ချလို့ ရတာကတော့ သူတို့ဗမာစကားလုံးဝမပြောချင်ဘူး။ ဗမာတွေနဲ့ပေါင်းမနေနိုင်ဘူး။ သီးသန့်ခွဲထွက်ချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ကောင်းပြီ..။ ဖြစ်နိုင်၊ မဖြစ်နိုင်စဉ်းစားကြည့်ကြရအောင်ပါ။ ဘယ်နေရာကစခွဲထွက်ကြမှာလဲ။ ဘယ်လိုနယ်နိမိတ် သတ်မှတ်ကြမှာလဲ။ ဘယ်သူတွေက လက်ခံမှာလဲ။ လက်ခံရင် ဘာဖြစ်မလဲ။ လက်မခံရင် ဘာဖြစ်မလဲ။ ပြည်တွင်း စစ်အကြီးကြီးထပ်ဖြစ်ပြီး သွေးချောင်းစီးရုံကလွဲလို့ ကျွန်တော်တော့ ဘာအကျိုးမှဖြစ်ထွန်းဖွယ်မမြင်မိရိုးအမှန်ပါ။
ဗမာတွေကို ဘာလို့ဒီလောက်မုန်းနေကြတာလဲ။ ဗမာတွေက ကလိန်ကကျစ်ကျလို့၊ ကတိမတည်လို့၊ လူမျိုးကြီးဝါဒ ကျင့်သုံးလို့၊ သူတို့တိုင်းရင်းသားတွေကို နှိပ်စက်ခဲ့လို့…စသဖြင့် စုံနေမှာပါပဲ။
သမိုင်းကို မှန်မှန်ကန်ကန် ကြည့်ကြရအောင်ဗျာ။ ၁၈၂၄ မှာ အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲပြီးတော့ ရ န္တပိုစာချုပ်နဲ့ အာသံ-မဏိပူရ်၊ တနင်္သာရီနဲ့ ရခိုင်ဒေသကို အင်္ဂလိပ်ကို ပေးလိုက်ရတယ်။
အင်္ဂလိပ်ဟာ ခြေကုပ်ရသွားပြီး ကတည်း က ကရင်တိုင်းသားတွေကို ဘာသာရေးနဲ့ခွဲထုတ်ပြီး ကိုယ့်လူဖြစ်အောင်စည်းရုံးလိုက်တယ်။
ကျွန်တော်အထောက်အထားနဲ့ပြောပါမယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စမစ်ဒွန်းရေးပြီး ၁၉၈၀ မှာ အမေရိကန် ကော်နယ်တက္ကသိုလ်ကထုတ်တဲ့ MEMOIRS OF THE FOUR – FOOT COLONEL စာအုပ် စာမျက်နှာ ၆ မှာ ပါတဲ့ စာကြောင်းအချို့ကို ထုတ်နုတ်ပြပါ့မယ်။
The Karen was the elder brothers. And obtained all the words of God. God formerly loved the Karen nation above all others. But because of their transgressions, He cursed them. And now they have no books. Yet He will again have mercy on them. And love them above all others
"God departed with our younger brothers. The white foreigner. He conducted God away to the West. God gave them power to cross waters and reach lands And to have rulers from among themselves. Then God went up to heaven But He made the white foreigners More skillful than all other nations.
"When God had departed The Karen became slaves to the Burmans, Became sons of the forest and children of poverty; Were scattered everywhere. The Burmans made them labour bitterly, Till many dropped down dead in the jungle, Or they twisted their arms behind them, Beat them with stripes, and pounded them with the elbow, Days without end.
မြန်မာပြည် အင်္ဂလိပ်လက်အောက်မှာ ရှိစဉ်က ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ တိုင်းရင်းသားတွေကိုပဲ စစ်ထဲ ဝင်ခွင့်ပြုခဲ့တာပါ။
ဗမာတွေဟာ ရိုးရိုးစစ်သားအဖြစ်နဲ့တောင်ဝင်ဖို့ မလွယ်ပါဘူး။ ဝင်ချင်ရင် သာဒင်ကနေ မိုက်ကယ်သာဒင်လုပ်ရပါတယ်။ ဘခင်ကနေ အဲရစ်ဘခင်လုပ်ရပါတယ်။ ဒါ့ကြောင့် စစ်တပ်နဲ့ ပုလိပ်အဖွဲ့အစည်း တွေမှာ ကရင်၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသားတွေများပါတယ်။
ပြီးတော့ ဗမာကို အရိုင်းအစိုင်း လို့သတ်မှတ်ထားတဲ့ အင်္ဂလိပ်ဟာ ခရစ်ယာန်ဘာသာထဲသွပ်သွင်းလို့မရတာကို တော်တော်အစာမကျေဖြစ်ပုံရပါတယ်။
တနသာင်္ရီတိုင်းမှာ ကျွန်တော် အနှစ်နှစ်ဆယ်နီးပါး နေခဲ့ပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက KNDO ရော KNU ပါ တနသာင်္ရီတိုင်းမှာ ပုလောနဲ့ မြိတ်ကို ဝင်သိမ်းဖို့ ကြိုးစားခဲ့ကြဖူးပေမဲ့ ထားဝယ်ကို ဝင်သိမ်းဖို့ကြိုးစားတာ တစ်ခါမှ မတွေ့ရပါဘူး။
၁၉၅၁ ခုနှစ် အောက်တိုဘာလား၊ နိုဝင်ဘာလားမမှတ်မိ ၁၅ ရက်နေ့မှာ ကရင်သောင်းကျန်းသူတွေ မြိတ်ကို ဝင်သိမ်း တာ မအောင်မြင်ပါဘူး။ အဲဒီကာလက မြိတ်သားတွေ မြို့ထဲမှာ တစ်ညလုံး ကပ်ပါး (ရဲတင်းကို မြိတ်လို ကပ်ပါးလို့ ခေါ်ပါတယ်။) သွေးပြီး စောင့်နေကြတာပါ။ အဲဒီတိုက်ပွဲမှာ မြို့ပိုင် ထိပ်တင်ထွေး ကျဆုံးခဲ့ပါတယ်။
ထိပ်တင်ထွေးကိုဖမ်းပြီး ဘန်ကိုကာကွယ်နေတဲ့ ရဲတပ်ဖွဲ့ကို လက်နက်ချခိုင်းရာမှာ ထိပ်တင်ထွေးဟာ လုံးဝ လက်နက်မချဖို့နဲ့ သူ့ကိုမငဲ့ဖို့ ရဲတပ်ဖွဲ့ကို လှမ်းအော်ပြောလိုက်တော့ သူ့ကို အဲဒီနေရာမှာတင် ပစ်သတ်လိုက်တာပါ။ တာဝန်ကျေတဲ့ ရဲတပ်ဖွဲ့ကလည်း လုံးဝလက်နက်မချဘဲ ဆက်လက်ခုခံကာကွယ်ခဲ့ကြပါတယ်။
ပုလောနဲ့ KNDO - KNU ကတော့ တစောင်းနဲ့မျက်ချေးပါပဲ။ ဦးတဲ့သူချကြတာပါ။
အဲ…ကျွန်တော်ပြောသလို ထားဝယ်ကို မချဘူးဆိုတာက နိုင်ငံတော်က ထားဝယ်အပါအဝင် တနင်္သာရီတိုင်းသားအားလုံးကို ဗမာမှတ်ပုံတင် ပေးထားပေမဲ့ ထားဝယ်သားအများစုက သူတို့ကိုယ်သူတို့ ဗမာလို့ မခံယူပါဘူး။
ထားဝယ်ဆိုတာ လူမျိုးတစ်မျိုး အဖြစ် ခံယူထားတာ များပါတယ်။ ဒါဆို ကရင်သောင်းကျန်းသူ အဆက်ဆက် ထားဝယ်ကို ဘာဖြစ်လို့ သိမ်းဖို့ မကြိုးစားသလဲဆိုတာ တွေးတတ်မှာပါ။ ထားပါတော့…။
ဆိုခဲ့တဲ့အတိုင်း ကိုလိုနီခေတ်မှာ အင်္ဂလိပ်ကို ရရာလက်နက်စွဲကိုင်ပြီးတော်လှန်တဲ့ ဗမာတွေကို ဖမ်းဆီးပြီး နည်း အမျိုးမျိုးနဲ့ နှိပ်စက်တာ ကရင်၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသားတွေပါ။
သာယာဝတီထောင်ရှေ့မှာ ခင်းကျင်း ပြသ ထားတဲ့ ဗမာ့တော်လှန်ရေးသမားတွေရဲ့ ခေါင်းပြတ်တွေကို ဖြတ်ခဲ့တာ အင်္ဂလိပ်တွေ ကိုယ်တိုင်ဖြတ်ခဲ့တာ မဟုတ်ပါ ဘူး။ အင်္ဂလိပ်ခန့်ထားတဲ့ တိုင်းရင်းသား တွေ ဖြတ်ခဲ့တာပါ။
ပြောချင်တာက အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်အားကိုးနဲ့ တိုင်းရင်းသားတွေရဲ့ နှိပ်စက်မှုဒါဏ်တွေကို ခံခဲ့ရတာ ဗမာ တော်လှန်ရေးသမားတွေပါ။ ဗမာတွေပါ။
ဒါတွေကို အစိုးရအဆက်ဆက်က ကျွန်တော်တို့ကျောင်းသင်ခန်းစာ သမိုင်း ထဲမှာ ထည့်မသင်ခိုင်းပါဘူး။
ဒါတွေကို အခဲမကျေလို့ ပြောနေတာမဟုတ်ပါ။ ဗမာတွေဟာ သူတို့ကို နည်းပေါင်းစုံနဲ့ နှိပ်စက်ခဲ့တဲ့ ဖက်စစ်ဂျပန် တွေကိုတောင် ခွင့်လွှတ်နိုင်ပါတယ်။ တိုင်းရင်းသားတွေ ပြောသလို ပဒေသရာဇ်ခေတ်က ဗမာတွေနှိပ်စက်တာကို ခံခဲ့ရတယ်ဆိုရင်တောင် အခုအချိန်ဟာ ဒါတွေကို အကြောင်းပြုပြီး အမုန်းပွားရမယ့်အချိန်မဟုတ်တော့ပါဘူး။
တကယ်က ပဒေသရာဇ်ခေတ်ရဲ့ဒါဏ်ကို ဗမာတွေလည်းခံခဲ့ကြရတာပါပဲ။ တိုင်းရင်းသားတွေမှ ထူးပြီး ခံရတာ မဟုတ်ပါဘူး။ ဒါကိုပဲ မပြီးနိုင်မစီးနိုင် သံသရာရှည် အမုန်းပွားနေလို့ကတော့ ကျွန်တော်တို့ တိုင်းပြည်လည်း ဘယ်တော့မှ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။
ဗမာတွေကိုမုန်းပြီး ဗမာစကားမပြောချင်လို့ တိုင်းပြည်ခွဲထွက်ချင်သပဆိုရင် ဒီတိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲသွားပါလိမ့်မယ်။ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြည့်ပါ။ ဒါဆိုရင် စစ်အစိုးရကို မကြိုက်တဲ့ ဗမာတွေလည်း စစ်အစိုးရနဲ့ ပေါင်းသွားမှာပါပဲ။
ခြိမ်းခြောက်တာမဟုတ်ပါ။ ကျွန်တော်တို့နိုင်ငံ ပြည်တွင်းစစ်နွံထဲမှာနစ်နေတာ အနှစ် ၆၀ ကျော်ပါပြီ။ ဒီလမ်းအတိုင်း ဆက်လျှောက်ချင်တယ်ဆိုတာကတော့ အတော့်ကို မိုက်မဲတဲ့ အလုပ်ပါပဲ။
တချို့ကလည်း ကိုယ်က ကျည်လွတ်မြေ မှာနေပြီး လေထဲက အားရပါးရမြှောက်ပေးနေလေရဲ့။
ပြီးခဲ့တဲ့နှစ်က ကချင်ပြည်နယ်စစ်ဆင်ရေးမှာ အစိုးရကလေကြောင်းပစ်ကူပေးတာတောင် မနိုင်ဘူး၊ ဘာညာ ဗမာစစ်အစိုးရဟာ စစ်ရေးအရအသာစီးမရတော့လို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ညှိနေရတာ စသဖြင့် ထင်ရာမြင်ရာ ပြောသံကြားတဲ့အခါ ကျွန်တော်ရယ်ချင်ပက်ကျိ ဖြစ်မိပါတယ်။
၁၉၈၈ ခုနှစ် မိုင်းယန်းတိုက်ပွဲကာလက မိုင်းယန်းတိုက်ပွဲဖြစ်နေတဲ့ အချိန်မှာ ရတခလရ ၁၁ က တပ်ရင်းမှူး ကျဆုံး သွားခဲ့ပြီးနောက် ဒုတပ်ရင်းမှူး ဗိုလ်မှူး ဗိုလ်မှူးတင်အောင်မြင့်ဦး (အငြိမ်းစား ဒုတိယသမ္မတ သီဟသူရ တင်အောင်မြင့်ဦး) ဦးစီးပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။
၁၉၈၈ အရေးအခင်းကြောင့် တပ်မတစ်မလုံးရန်ကုန်ဆင်းဖို့အမိန့်ရထားပြီးမှ မိုင်းယန်းအရေးကြောင့် မိုးနဲကနေ နမ့်စန်ကိုထွက်လာပြီး ယာဉ်တန်းစောင့်နေတဲ့ ကျွန်တော်တို့တပ်ရင်းကို မိုင်းခတ်ကိုဆွဲတင်လိုက်ပါတယ်။
မိုင်းခတ်ရောက်တာနဲ့ ဗျူဟာအရံတပ်ရင်းအဖြစ်နေရင်း မိုင်းခတ်နဲ့ မိုင်းလွေကြားမှာ ဗျူဟာညွှန်ကြားချက်နဲ့ အညီ လှုပ်ရှားရပါတယ်။
ရက်စွဲမမှတ်မိတဲ့နေ့တစ်နေ့မှာ မိုင်းခတ်-မိုင်းလွေကြားက မိုင်းယန်းကို ခပ်ပျပျလှမ်းမြင်နေရတဲ့တောင်ကုန်းတစ်ကုန်း မှာ ကျွန်တော်တို့တပ်ခွဲရှိနေတယ်။
ရန်သူဗကပနဲ့ အပြင်းအထန်တိုက်ပွဲဝင်နေရတဲ့ ဗိုလ်မှူးတင်အောင်မြင်ဦးတို့ ခလရ ၁၁ နဲ့ ကျွန်တော်တို့တပ်ခွဲဟာ ခန့်မှန်း ၃ မိုင်၊ ၄ မိုင်လောက်ပဲ ဝေးပါတယ်။ ကျွန်တော်တို့တပ်က အရံပါ။ ဗိုလ်မှူး တင်အောင်မြင့်ဦးတို့ ခလရ ၁၁ နဲ့ သနက ၆ က စစ်ကြောင်းတချို့ပူးပေါင်းပြီး ရန်သူကိုပြန်တိုက်နေကြတာပါ။
ကျွန်တော်တို့ နေရာယူထားတဲ့တောင်ကုန်းကနေ လှမ်းကြည့်ရင် လူနာလာသယ်တဲ့ရဟတ်ယာဉ်၊ လေကြောင်း ပစ်ကူပေးနေတဲ့ ပီစီ ၇ လေယာဉ်တွေကို မြင်နေရတယ်။ ပီစီ ၇ လေးစင်းနဲ့ ဒါကိုတာလား၊ ဖေါ်ကာလေးမသိတဲ့ လေယာဉ်က အကဲကြည့်လုပ်နေတာတွေ့ရတယ်။
ဗိုလ်မှူးတင်အောင်မြင့်ဦးနဲ့ တိုက်လေယာဉ်ကလေယာဉ်မှူးတွေ အပြန်အလှန်စကားပြောနေကြတာ ကျွန်တော့် စက်ထဲမှာ အတိုင်းသားကြားနေရတော့ စက်ဘေးမှာ တပ်ခွဲမှူးအပါအဝင် တခြား စစ်သည်တချို့ပါ ဝိုင်းအုံ နား ထောင်နေကြတယ်။
ဗိုလ်မှူးတင်အောင်မြင့်ဦးက "သူငယ်ချင်း မြေပုံညွှန်း (……………) မှာ ဘုန်းကြီးကျောင်းပျက်ရှိတယ်။ အဲဒီ ဘုန်းကြီးကျောင်းပျက်ထဲမှာ ညောင်ပင် အကြီးကြီး တွေ့လား။" လို့ လေယာဉ်ပေါ်က Fighter Pilot ကို ဆက်သွယ် ရေးစက်နဲ့ပြောပါတယ်။
"အေး…တွေ့တယ်သူငယ်ချင်း ပြော.." လို့ လေယာဉ်မှူးက ပြန်ပြောပါတယ်။ "အေး.အဲဒီ ညောင်ပင်အောက်မှာ ခွေးအ (ဗကပကိုခေါ်တာဖြစ်ပါတယ်။) အယောက် ၂၀၀ ကျော်လောက်ရှိတယ်။ အဲဒီနေရာကို ချပေးပါ။" လို့ ဗိုလ်မှူး တင်အောင်မြင့်ဦးက ပြောလိုက်တယ်။
လေတပ်က အဲဒီညောင်ပင်အောက်ကို စက်သေနတ်နဲ့ ပစ်ပြီး ဗုံးချလိုက်တာ ဘယ်နှလုံးချလိုက်မှန်းမသိဘူး ညောင်ပင်အောက်မှာ ရှိတဲ့ ဗကပ ၂၀၀ ကျော် အကုန်လုံးနီးပါးကျသွားပါတယ်။
ဒီတုန်းကသုံးခဲ့တဲ့ PC 7 လေယာဉ် အဟောင်းအနွမ်းဟာ ဆွစ်ဇာလန်မှာ အရပ်ဖက်အမောင်းသင်လေယာဉ်အဖြစ် အသုံးပြုတဲ့ လေယာဉ်အငယ်လေးတွေပါ။ အခုခေတ်လေယာဉ်မျိုးနဲ့ဆို ကြည့်ကောင်းလိုက်မယ့်ဖြစ်ခြင်း။
အခုကချင်မှာ လေကြောင်းပစ်ကူပေးတယ်ဆိုတာလည်း အမောင်းသင်လေယာဉ်လောက်နဲ့ ခြောက်လှန့်ပစ်ခတ်တဲ့ အဆင့်ပဲရှိပါတယ်။
လက်ရှိမြန်မာ့တပ်မတော်လေမှာ တီဗီထဲမှာ ကြည့်ရတာတောင် အမောင်းသင်လေယာဉ်မျိုးစုံအပါအဝင် လေယာဉ် အမျိုးအစား မျိုးစုံတွေ့ရပါတယ်။ ဒါက ထုတ်ပြထားတာပါ။ ထုတ်မပြထားတဲ့ အမျိုးအစား ဘယ်လောက်ရှိ တယ်၊ အရေအတွက် ဘယ်လောက်ရှိတယ်၊ ဘယ်မှာထားတယ်ဆိုတာ ဘယ်သူမှမသိပါဘူး။ သိစရာလည်း မလိုပါဘူး။
ပြောချင်တာက တပ်မတော်ဟာ တိုင်းရင်းသားတွေကို ညှာပါတယ်။ အစွမ်းကုန်၊ အသားကုန်၊ မီးကုန်ယမ်းကုန် မတိုက်ခိုက်ပါဘူး။ လိုအပ်တဲ့ ကာကွယ်မှုတွေကိုသာ မဖြစ်မနေလုပ်နေရတာပါ။ လိုင်ဇာနဲ့ ၃ မိုင်လောက်ပဲဝေးတဲ့ နေရာအထိရောက်လာပြီးမှ ပြန်ဆုတ်ပေးခဲ့တာ ဒီသဘောပါပဲ။ ဒုတိယ လိုင်ဇာကို ကြောက်လို့မဟုတ်ပါဘူး။
ကျွန်တော်တို့ အစိုးရနဲ့တပ်မတော်ဟာ အမျိုးသားစည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး တစ်ခါဖူးမျှ သည်းမခံဖူးတဲ့ သည်းခံမှုနဲ့ စေ့စပ်ညှိုနှိုင်းနေပါတယ်။ အဲဒီလိုစေ့စပ်ညှိနှိုင်းနေတာကို အခွင့်ကောင်းယူပြီး အင်အားနည်းတဲ့ စခန်း တွေ၊ တိုက်ကင်းထွက်တဲ့ မိမိအဖွဲ့ငယ်တွေကို ပစ်ခတ်လို့ ကျွန်တော်တို့စစ်သည်တွေ စိတ်ကြိုက်တိုက်ခိုက်ခွင့်မရဘဲ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသက်တွေပေးကြရတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ စွန့်လွှတ်ကြ ရတယ်။ မြစ်ကြီးနားမှာ အပစ်ရပ်ဆွေးနွေးပွဲ ကျင်းပနေဆဲအချိန်မှာပဲ တပ်မတော်အရာရှိတစ်ယောက်ကို ခေါင်းဖြတ် သတ်ပြပြီး သူတို့ရဲ့ မိုက်ရိုင်းမှုကို အစွမ်းကုန်ဖေါ်ထုတ်ပြသခဲ့တယ်။
စစ်သားဆိုတာ အထက်အမိန့်ကို နာခံရပါတယ်။ ၁၉၈၃ ခုနှစ် ကျွန်တော်တပ်ထဲရောက်တော့ အဖေက စာရေး တယ်။ "ငါ့သား…အခုအချိန်ကစပြီး မင်း စစ်သားဖြစ်ပြီ။ အေး…စစ်သားဆိုတာ အထက်အမိန့်ကို နာခံရတယ်။ အထက်အမိန့်ဆိုတာ ဒုတကကနေစပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးအထိကိုပြောတာငါ့သား.." ဆိုတဲ့ အဖေ့စကားကို အမြဲသတိရပါတယ်။
ကျွန်တော်တို့ တပ်မတော်သားတွေဟာ စစ်သားဖြစ်လို့ အမိန့်နာခံနေရပေမဲ့ ဒီလိုမျိုးတစ်ဖက်သတ် ကိုယ့်လူတွေ အကျဆုံးခံပြီး အစော်ကားခံနေရတာကို အင်မတန်မှ ဒေါသဖြစ်နေကြလိမ့်မယ်ဆိုတာ စစ်သားတစ်ယောက်ဖြစ်ခဲ့တဲ့ ကျွန်တော် ခံစားနိုင်တာပေါ့။ ဒီကြားထဲမှာ သူပုန်လော်ဘီလုပ်နေတဲ့ ဂျာနယ်တွေက တမှောင့်။
ညှာတာကို ငါတို့ကိုနိုင်အောင်မတိုက်နိုင်ပါဘူးဆိုပြီး သွေးနားထင်ရောက်လို့ရှိရင် နောက်ပိုင်းဇာတ်ကတော့ ကိုယ့်ကြမ္မာနဲ့ကိုယ်ပါပဲ။
လိုင်ဇာကျသွားရင် ဒုတိယလိုင်ဇာတွေ ထပ်ပေါ်လာမယ်ဆိုတာ သိတာပေါ့ဗျာ။ ထပ်ပေါ်တော့လည်း ထပ်တိုက် ရုံပေါ့။ ဘာပဲဖြစ်ဖြစ် ၁၅ နှစ် အနှစ် ၂၀ လောက်တော့ ပြည်သူလူထု အေးအေးဆေးဆေး နေလို့ရပါတယ်။
အိမ်ခြံဝင်းတစ်ခုထဲမှာ အမှိုက်တွေပုံနေတဲ့အခါ ဟာ…အမှိုက်တွေကလည်းများလိုက်တာဆိုပြီး မလှဲမကျင်းဘဲ ထားရင် နောက်တစ်ပတ်လောက်ဆို အမှိုက်ပုံအကြီးကြီးဖြစ်သွားတာပေါ့။
အမှိုက်ကတော့ နေ့စဉ်ကျနေမှာပဲ၊ ကိုယ့်အလုပ်က ပုံမှန်လှဲကျင်းဖို့ပဲ မဟုတ်လား။ ဒါ နောက်ဆုံး ညှိမရတော့တဲ့ အခြေအနေကို ပြောတာပါ။
လူတိုင်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာပါပဲ။ ပခုက္ကူလွှတ်တော်အမတ်က ရွှေလက်နဲ့ခေါ်လို့မလာရင် Bullet သာလွှတ် လိုက်တော့လို့ ပြောလိုက်တဲ့အချိန်မှာ ဝိုင်းအာကြတဲ့ မီဒီယာများ၊ နိုင်ငံရေးသမားဆိုသူများဟာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေဆွေးနွေးနေတဲ့ အချိန်မှာ မြန်မာ့တပ်မတော်က အရာရှိတစ်ယောက်ကို အရိုင်းအစိုင်းတွေပုံစံ ရက်ရက် စက်စက် ခေါင်းဖြတ်တဲ့အချိန်မှာ ခပ်မဆိတ်ပဲနေနေကြတာ တွေ့ရပါတယ်။
မြန်မာတွေဟာ သည်းခံတဲ့အချိန်မှာ သူမတူအောင်သည်းခံတတ်ပြီး သူတို့ရဲ့သည်းခံမှုတာကျိုးသွားတဲ့အချိန်မှာ ဘာနဲ့မှတားလို့မအောင် ပေါက်ကွဲလေ့ရှိပါတယ်။ ခွင့်လွှတ်တဲ့စိတ်လည်း မြန်ပါတယ်။
မြန်မာပြည်မှာ စစ်ဆင်ရေးအတော်ဆုံးလို့ ပြောကြတဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောလည်း ဗကပ အင်အား ၁၀၀၀၀ နီးပါးနဲ့ ထိုးစစ်ဆင်ခဲ့ပေမဲ့ ကွမ်လုံမြို့ကို မရခဲ့ပါဘူး။
ဘယ်လိုအကြောင်းနဲ့ပဲ စစ်ထဲဝင်ဝင် မိမိစစ်သည်တွေ မထိခိုက် အောင် မိမိအသက်ကို မငဲ့ကွက်ဘဲ လက်ပစ်ဗုံးပေါ် စေတနာ့ဝန်ထမ်းမှောက်ချရဲတာဟာ မြန်မာ့တပ်မတော်က စစ်သည်တွေရဲ့ ရဲဘော်ရဲဘက် စိတ်ကြောင့်ပါ။
ရှိသမျှလက်ပစ်ဗုံးတွေယူပြီး ရန်သူလက်ယှက်ထိုးပစ်နေတဲ့ကြားက ရန်သူ့ဘန်ကာအထိရောက်အောင်သွားပြီး လက်ပစ်ဗုံးတွေပစ်သွင်း ဘန်ကာပေါက်ကို ခန္ဓာကိုယ်နဲ့ပိတ်လိုက်လို့ အသားဖတ်တွေ တစ်စစီ တစ်စစီ ပျံ့ကြဲ ဝိဉာဉ်က လေထဲမှာဝဲလွှင့် ကျား….ကျား….ကျား….ဆိုတဲ့ သူ့တပ်စုကရဲဘော်တွေရဲ့အသံကို နာကျင်မှုတွေကြားက ပြုံးပြုံးကြီး နားထောင်နေတဲ့ သီဟသူရဗိုလ်ကြီး သန်းထူးလို တပ်မတော်သားမျိုးရဲ့ သတ္တိဟာ မြန်မာ့ တပ်မတော် မှာပဲရှိပါတယ်။
သမိုင်းတစ်လျှောက်လုံးမှာ ပေါ်ထွန်းခဲ့တဲ့ သူရဲကောင်းတွေဆိုတာ အလကားနေရင်း စာရွက်ပေါလို့ ရေးထားတာ မှမဟုတ်တာ….။ ။