From : https://www.facebook.com/photo.php?fbid=339846042820683&set=a.126988517439771.20599.100003858691121&type=1&relevant_count=1
ဘောလုံးကန်နေတဲ့ ကိုရင်လေးတွေပုံကိုတင်ပြီး ရင်လေးစရာ အနာဂတ်သာသနာ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတဲ့အတွက် ကိုရင်တွေဘောလုံးကန်နေတာနဲ့ပတ်သက်ပြီး အမှတ်ထင်ထင်ရှိမိတဲ့ အကြောင်းအရာတစ်ခုကို သွားသတိရမိတယ်။
သာသနာတော်မှာ မင်းကွန်းဆရာတော်ဘုရားကြီးဟာ မေတ္တာဂရုဏာကြီးမားတဲ့အပြင် တပည့်ရဟန်းသံဃာတွေရှေ့က အမြဲမားမားမတ်မတ် အကာအကွယ်ပေးတဲ့ သာသနာ့အာဇာနည်ဆရာတော်ပေါ့။ တစ်ခါဆရာတော်ကြီးကျောင်းကို ဧည့်သည်တွေလာတဲ့အခါ ကျောင်းဝင်းထဲ ဘောလုံးကန်နေတဲ့ ကိုရင်တွေကိုကြည့်ပြီး အချင်းချင်းလည်းကဲ့ရဲ့တဲ့အပြင် ဆရာတော်ကြီးကိုလည်း တိုင်ပါသတဲ့။ ဆရာတော်ကြီးက ဧည့်သည်တွေကို ကျောင်းပေါ်ခေါ်ပြီး ကျောင်းလုံးအပြည့် စာကျက်စာအံနေတဲ့ ကိုယ်တော်လေးတွေကိုပြကာ အခုနက ဘောလုံးကန်နေတဲ့ကိုယ်တော်တွေနဲ့ အခုစာကျက်စာအံနေတဲ့ကိုယ်တော်တွေ ဘယ်ဟာကပိုများသလဲလို့မေးပါတယ်။ မေးရင်းပဲ ကလေးသာသာအရွယ် ကိုရင်ငယ်လေးတွေ ကစားခုန်စားလုပ်တာ၊ ဘောလုံးကန်တာလောက်ကိုပဲ အပြစ်မမြင်ကြဖို့နဲ့ ဒီကိုရင်လေးတွေကပဲ ပြုပြင်မှုတွေလုပ်ပေးမယ်ဆိုရင် နောင်အနာဂါတ်ရဲ့ သံဃာ့အာဇာနည်တွေဖြစ်လာနိုင်ပါတယ်ဆိုပြီး မိန့်ပါတယ်။ (ဆရာတော်ရဲ့ မိန့်ကြားချက်အပြည့်အစုံကိုတော့ မမှတ်မိတော့ဘူး)
ဘာသာတရားကိုင်းရှိုင်းတဲ့ မိဘနှစ်ပါးကျေးဇူးကြောင့် အရွယ်ရောက်တဲ့အချိန်ကတည်းက သံဃာ့အသိုင်းအ၀ိုင်းနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရတယ်။ အခု ကိုရင်တွေဘောလုံးကန်နေတဲ့ပုံနဲ့ ဆောင်းပါးကိုဖတ်ပြီး တချို့တွေက သာသနာတော်ညှိုးနွမ်းနေပါပြီဘာညာနဲ့ ပြောတဲ့အခါ ရင်ထဲမှာမခံချင်ဖြစ်မိတယ်။ သာသနာထဲမှာ အကျင့်သီလမပြည့်စုံတဲ့သူတွေရှိတာ လက်ခံပါတယ်။ ဒါပေမယ့် အဲဒီလိုရဟန်းဆိုးတွေက ဘုရားလက်ထက်တော်မှာတောင်ရှိနေခဲ့တာ ကျမ်းဂန်ထဲမှာအထင်အရှား။ အခုချိန်မှာလည်း ရှိတာ အထူးအဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် သီလသိက္ခာမရှိတဲ့ သင်္ဃန်းဝတ်တစ်ပါးကိုမြင်တိုင်း မြန်မာနိုင်ငံမှာ သာသနာယိုင်နဲ့နေပြီ ညှိုးနွမ်းနေပြီပြောတာကိုတော့ လက်မခံနိုင်ဘူး။ အဲလောက်တောင် သာသနာတော်ဖော်လွဲဖောက်ပြန်ဖြစ်နေခဲ့ရင် တရားတော်တွေကို နှစ်ပေါင်း ၂၅၀၀ကျော် ထိန်းသိမ်းခဲ့ဖို့ဆိုတာ ဖြစ်နိုင်စရာကိုမရှိပါဘူး။
သင်္ဃန်းအရုံမတက်ရင်တောင် အာပတ်သင့်နေတဲ့သံဃာတွေအနေနဲ့ လူကြည်ညိုအောင်နေထိုင်ရမယ်လို့ ၀ိနည်းတော်မှာလည်းဆိုထားပါတယ်။ တချို့သော ရဟန်းသံဃာတွေအနေနဲ့ ကြည်ညိုစရာမကောင်းလောက်အောင် ဖြစ်ပျက်နေတာတွေကိုလည်း ကိုယ်တိုင်မြင်မိပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ကြည်ညိုစရာမကောင်းတဲ့ ရဟန်းတစ်ပါးကိုမြင်မိတိုင်း ကြည်ညိုစရာကောင်းတဲ့ရဟန်းသံဃာတွေ၊ ၀ိနည်းလေးစားတဲ့ရဟန်းသံဃာတွေအများကြီးရှိနေပါသေးလားဆိုတာကိုပဲ စိတ်ထဲမှာ နှလုံးသွင်းပါတယ်။ တကယ်ကိုဆိုးသွမ်းနေတာမျိုးမဟုတ်ဘဲ ငယ်သေးတာရော၊ ပြုပြင်ထိန်းသိမ်းမှုအားနည်းနေတာကြောင့်ရော ကြည်ညိုစရာမကောင်းသလိုဖြစ်နေတဲ့ ရဟန်းပျိုတွေ၊ ကိုရင်ငယ်လေးတွေကိုကြည့်ပြီး သာသနာတော်ကြီးညှိုးနွမ်းနေပါပြီဆိုရင် အခုလူတိုင်းရိုသေလေးစားနေတဲ့ သံဃာတော်ကြီးတွေလည်း အဲလိုဘ၀မျိုးတွေကိုဖြတ်သန်းခဲ့ဖူးရတာပဲဆိုတာကို သတိရပေးပါ။ အလွယ်ဆုံးပြောရရင် သီတဂူဆရာတော်ကြီးရဲ့ ထေရုပတ္တိစာအုပ်ကိုဖတ်ကြည့်ပါ။ ငယ်ဘ၀မှာ ရဟန်းပျိုတွေ၊ ကိုရင်ငယ်တွေ ဘယ်လိုရုန်းကန်ရလဲ ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာကို သိနိုင်ပါလိမ့်မယ်။
နောက်ထပ်ပုံပြင်တစ်ပုဒ်ပါ။ တစ်ခါက မြို့တစ်မြို့ကိုလာတဲ့ဧည့်သည်က မြို့အကြောင်းကိုသိချင်တော့ မြို့အ၀င်မှာရပ်နေတဲ့လူတစ်ယောက်ကိုမေးတယ်။ ဒီမြို့ရဲ့မြို့ခံတွေအခြေအနေက ဘယ်လိုလဲပေါ့။ အဲဒီတော့ မြို့အ၀င်မှာရပ်နေတဲ့သူကပြန်မေးတယ်။ ခင်ဗျားနေခဲ့တဲ့အရင်မြို့မှာ ဘယ်လိုလဲတဲ့။ အဲဒီတော့ဧည့်သည်က ပြန်ဖြေတာက မကောင်းပါဘူးဗျာ။ ကျွန်တော့်အရင်မြို့ကလူတွေက တစ်ယောက်နဲ့တစ်ယောက်လိမ်ညာနေကြတာ၊ ဆက်ဆံရေးလည်းမကောင်းတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် အကူအညီပေးတာမျိုးတွေလည်းမရှိဘူး။ တော်တော်စိတ်ညစ်စရာကောင်းတဲ့မြို့ပါဗျာလို့ပြောတယ်။ အဲဒီတော့ မြို့ခံကဘာပြန်ပြောလဲဆိုတော့ ဒီမြို့မှာလည်း ခင်ဗျားအရင်မြို့ကလူတွေမျိုးပဲ တွေ့ရမှာပါပဲတဲ့။
နောက်တစ်ယောက်ထပ်လာတယ်။ ခုနကလူအတိုင်းပဲ မြို့အကြောင်းမေးတော့ မြို့ခံကလည်း ခုနကလိုပဲ ပြန်မေးတယ်။ ဧည့်သည်က ပြန်ဖြေတာက ကျွန်တော့်အရင်မြို့ကလူတွေက အတော်လေးဖော်ရွေပါတယ်။ တစ်ဦးနဲ့တစ်ဦးလည်း ရိုင်းရိုင်းပင်းပင်းရှိတဲ့အပြင် စိတ်ရင်းလည်းကောင်းကြတယ်ဗျာ။ ကျွန်တော်တော့ အဲဒီမြို့ကထွက်လာရတာတောင် စိတ်မကောင်းဘူးလို့ ပြန်ဖြေတယ်။ ဒီတော့ မြို့ခံကလည်း ပြန်ပြောတယ်။ ခင်ဗျား ဒီမြို့မှာလည်း အဲလိုလူတွေနဲ့ပဲ ကြုံတွေ့ရမှာပါတဲ့။
ဆိုလိုချင်တာကတော့ ကိုယ့်စိတ်သဘောထားအတိုင်း၊ ကိုယ့်အမြင်အတိုင်းပဲ ကိုယ်ဆက်ဆံရတဲ့အသိုင်းအ၀ိုင်းကလည်းဖြစ်နေမှာပဲ။ အဆိုးကိုပဲကြည့်မယ်ရင်တော့ အမြဲအဆိုးပဲမြင်နေရမှာပဲ။ အခုလည်း ဘောလုံးကန်နေတဲ့ကိုရင်လေးတွေကြောင့် သာသနာညှိုးနွမ်းတယ်လို့ မြင်တဲ့သူအဖို့တော့ မြင်မှာပါပဲ။ ကျွန်တော့်အတွက်တော့ အနေအထိုင်မတတ်ရင် သွားတိုင်း၊ လာတိုင်း၊ စားတိုင်း အာပတ်သင့်နေနိုင်တဲ့လောကမှာ ခက်ခက်ခဲခဲနေရင်း နေပူပူမိုးရွာရွာ ခြေဗလာနဲ့ ဆွမ်းခံထွက်နေတဲ့ကိုယ်တော်တွေကို မြင်နေရသရွေ့ သာသနာအပေါ် အကြည်ညိုကြီး ကြည်ညိုနေဆဲပါပဲ။ ဖြစ်ပျက်နေတာတွေကို မျက်ကန်းလိုက်ကာနေတာမျိုးမဟုတ်ဘဲ ကိုယ်မြင်တဲ့အရာတစ်ခုထက် ပိုမြင်ကြည့်တတ်ဖို့ပါ။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်