Subscribe to our RSS Feed

RCSS/SSA အဖွဲ့မှ ဒေသခံရွာသား (၅) ဦးအား ဖမ်းဆီးခြိမ်းခြောက်ငွေကြေး တောင်းခံမှု သီပေါမြို့နယ်တွင် ဖြစ်ပွား

From : Shan News
   

ရှမ်းပြည်နယ် နမ္မတူမြို့နယ် ပန်လုံကျေးရွာဘက်မှ သီပေါမြို့သို့ မောင်းနှင်လာသော သစ်တင်ယာဉ်အား ဖေဖော်ဝါရီ ၂ ရက် ညနေ ၅ နာရီခန့်တွင် RCSS/SSA အဖွဲ့ဝင် ၂ ဦးမှ တားဆီးကာ ယာဉ်ပေါ်ပါ ဒေသခံ ရွာသား (၅) ဦးအား ဖမ်းဆီးခေါ်ဆောင်ပြီး ခြိမ်းခြောက်ငွေကြေး တောင်းမှု ဖြစ်ပွားခဲ့ကြောင် ယင်းဒေသခံများ ထံမှ သိရသည်။“ မိုတေ ကျေးရွာထဲ ရောက်နေပြီ၊ ကားဆရာနဲ့ ကားပေါ်က အလုပ်သမားတွေကို ဆွဲချပြီး ခေါ်သွားတာ တွေ့တယ် ၊ ကားကတော့ ရွာထဲမှာ ဒီအတိုင်းကျန်ခဲ့တယ် ” ဟု မိုတေရွာသားတစ်ဦးက ပြောသည်။
RCSS/SSA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ သီပေါမြို့နေ သူ၇လင်း (၃၅) နှစ် ယာဉ်မောင်းနှင့် အလုပ်သမားများဖြစ်သော ဖိုးထူး (၄၅) နှစ်၊ ယေရှု့ (၂၆) နှစ်၊ ဗညား (၂၈) နှစ်၊ ကာလီ (၂၇) နှစ်တို့ဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

“ ရှမ်းစစ်တပ်က ဖမ်းသွားတယ်ဆိုတာ ကြားကြားချင်း လိုက်လာခဲ့ကြတာ၊ မိုတေရွာရောက်တော့ ကားပဲတွေ့တယ်၊ လူတွေကို ဘယ်ဖမ်းသွားမှန်းမသိဘူး၊ ရှမ်းစစ်တပ်က ကားပိုင်ရှင်ကို ခေါ်တယ်လို့တော့ ကြားတယ်၊ ငွေပေးမှ ဖမ်းထားတဲ့ (၅) ယောက်ကို ပြန်လွှတ်ပေးမယ်ဆိုလား၊ တစ်ခုခုဖြစ်မှာ စိုးရိမ်နေရပါတယ်” ဟု အလုပ်သမားတစ်ဦး၏ ဇနီးဖြစ်သူက ပြောကြားသွားသည်။

“ ပိုင်ရှင်က ဒီညောင်ကိုးပင်ရွာကလို့ သိရတယ်၊ ရှမ်းစစ်တပ်က ဖုန်းဆက်ပြီး ခေါ်တယ်လို့တော့ ကြားတယ်၊ ငွေဘယ်လောက်တောင်းလဲတော့ မသိဘူး ” ဟု ယင်းရွာခံတစ်ဦးက ဆိုသည်။

RCSS/SSA အဖွဲ့မှ ပိုင်ရှင်ဖြစ်သူ ဦးလောဝူးအား ၎င်းတို့ရှိသောနေရာသို့ ၁ နာရီအတွင်း လာရောက်ရန်နှင့် လာရောက်ခြင်းမရှိဘဲ တပ်၊ ရဲ နှင့် ဌာနဆိုင်ရာများအား သတင်းပို့ပါက ဖမ်းဆီးထားသူ (၅) ဦးအား သတ်ပစ် မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းနှင့် ၎င်းတို့ တောင်းသော ငွေသိန်း (၂၀၀)အား လာရောက်ပေးသွင်းရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

မိုတေရွာမှ သစ်စက်လုပ်ငန်းရှင်တစ်ဦးက “ ရွာထဲမှာ ရပ်ထားတဲ့ ကားပေါ်မှာ အလွန်ဆုံးရှိ ၁ တန်လောက်ပဲ သစ်က ပါတာပါ၊ စီးပွားဖြစ်လုပ်စားနေတာမှ မဟုတ်တာဗျာ၊ ကျွန်တော်တို့ ဒေသတွေ ဒီလိုလုပ်စားနေတာကို သူတို့က လိုက်ပြီးငွေတောင်း၊ လူဖမ်းလုပ်နေတာကတော့ အနိုင်ကျင့်လွန်းရာ ကျပါတယ်၊ တဖြည်းဖြည်း သူတို့ဟာ လူဖမ်းပြီး ငွေတောင်းတဲ့ ပြန်ပေး သမားတွေဖြစ်လာပြီလို့ မြင်တယ်ဗျာ ” ဟု ပြောကြားသွားခဲ့သည်။

စိုင်းလှမြင့်
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်