Subscribe to our RSS Feed

လှေစီးဒုက္ခသည် ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် လက်ခံသင့်ကြောင်း NLD ပြော ~ The Voice

From : .. The Voice


ရန်ကုန်၊ မေ ၂၀

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ထွက်ခွာလာသည်ဆိုသည့် ဘင်္ဂလားပင်လယ်တွင်းမှ လှေစီးဘင်္ဂါလီ ဒုက္ခသည်များကို အစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရ ဦးဉာဏ်ဝင်းက ပြောဆိုလိုက်သည်။

အင်္ဂလန်အခြေစိုက် The Independent သတင်းဌာနနှင့် ဦးဉာဏ်ဝင်းတို့ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး “ဘင်္ဂလားပင်လယ်တွင်းမှာ မျောနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ဗမာ့အတိုက်အခံပါတီ အစိုးရကို တောင်းဆို” ဟူသည့် ခေါင်းစဉ်ဖြင့် အဆိုပါ သတင်းဌာနက မေလ ၂၀ ရက်နေ့တွင် ဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“မှန်ပါတယ်ဗျ။ သူတို့က လူသားတွေလေ” ဟု ယင်းသို့ နိုင်ငံသားဖြစ်ခွင့် ပေးရန် ပြောဆိုခြင်းမှာ မှန်ကန်ကြောင်း ဦးဉာဏ်ဝင်းက The Voice သို့ အတည်ပြု ပြောဆိုသည်။

သို့သော် The Independent သတင်းခေါင်းစဉ်တွင် ဖော်ပြထားသည့် လှေစီးရိုဟင်ဂျာများကို နိုင်ငံသားပေးရန် အတိုက်အခံတောင်းဆို ဟူသည်မှာ မှားယွင်းကြောင်း၊ ယင်းသို့ နိုင်ငံသားအဖြစ် လက်ခံသင့်ကြောင်း မှတ်ချက်မှာ ပါတီကိုယ်စားပြု မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရသာ ပြောဆိုခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။
“ရိုဟင်ဂျာဆိုတာ လက်မခံဘူးလို့လည်း ကျွန်တော် အစောကြီးကတည်းက ပြောထားပြီးသားပါ” ဟု ဦးဉာဏ်ဝင်းက ထပ်မံရှင်းပြသည်။

သို့သော် အဆိုပါ ဒုက္ခသည်များအရေး ဥပဒေအရ ဖြေရှင်းရန်နှင့် အဆိုပါ ဥပဒေ (၁၉၈၂ နိုင်ငံသားဥပဒေ) မှာလည်း ပြင်ဆင်ရမည့် ဥပဒေတစ်ခု ဖြစ်ကြောင်း၊ ဘင်္ဂါလီဒုက္ခသည်များ အနေနှင့် မြန်မာနိုင်ငံတွင် မျိုးဆက်တစ်ဆက်မှ နှစ်ဆက်အထိ အခြေချနေထိုင်ခြင်း မှန်ကန်ပါက နိုင်ငံသားဖြစ်ခွင့် ပေးသင့်ကြောင်း ဦးဉာဏ်ဝင်းက The Independent သို့ ပြောဆိုထားသည်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ အဆိုပါ လှေစီးဒုက္ခသည်များ အရေးမှာ အစိုးရက ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာသာဖြစ်၍ မည်သို့ ဖြေရှင်းမည် ဆိုသည်ကို အစိုးရထံသာ မေးမြန်းရန် သတင်းမီဒီယာများသို့ ပြောဆိုထားသည်။

ပင်လယ်ပြင်အတွင်း လှေများဖြင့် မျောပါနေသော အရေအတွက် ထောင်ချီရှိသည့် ဘင်္ဂါလီဒုက္ခသည်များမှ အချို့ကို အင်ဒိုနီးရှား ငါးဖမ်းလုပ်သားများက ကယ်ဆယ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသတွင် ယာယီလက်ခံထားရှိရာ ယင်းဒုက္ခသည်အချို့က နေရပ်ဘင်္ဂလားဒေ့ရှ်သို့ ပြန်လိုကြောင်း အင်္ဂလိပ်ဘာသာဖြင့် အယ်ဂျာဇီးယား သတင်းဌာနသို့ ပြောဆိုခဲ့သည်။

အဆိုပါ ကပ္ပလီပင်လယ်နှင့် မလက္ကာရေလက်ကြားကို ဖြတ်သန်း၍ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သို့ သွားရောက်ကြသော လှေစီးဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားမှု ရှုထောင့်မှ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံအနေနှင့် အသင့်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက မေလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကပ္ပလီပင်လယ်နှင့် မလက္ကာရေလက်ကြားတို့၌ ဖြစ်ပေါ်လျက်ရှိသည့် ရွှေ့ပြောင်းအခြေချလိုသူများ၊ ပင်လယ်တွင်း လှေစီးဒုက္ခသည်များ ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ထပ်တူစိုးရိမ်မှုများ ရှိပြီး လူမှောင်ခိုကူးမှုနှင့် တရားမဝင် ရွှေ့ပြောင်းသွားလာမှုများကို ကာကွယ်တားဆီးရန် မြန်မာ့တပ်မတော် (လေ) နှင့် မြန်မာ့တပ်မတော် (ရေ) တို့သည် မြန်မာ့ပိုင်နက်ရေပြင်အတွင်း ပုံမှန်ကင်းလှည့် ရှာဖွေနေပြီး ပင်လယ်ပြင်အတွင်း အတိဒုက္ခ ရောက်နေသူများကို တွေ့ရှိပါက ကူညီရန် အသင့်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်