From : Planet Myanmar Network
တွမ်ခရုစ်နှင့် ကွာရှင်းပြတ်စဲပြီးနောက် တစ်ကိုယ်တော် ဘဝကို ဖြတ်သန်းနေသည့် ဟောလီးဝုဒ်မင်း သမီး ကေတီသည် အော်စကာဆုရှင်မင်းသား ဂျေမီနှင့် ဇာတ်လမ်းဖြစ်နေကြောင်း ယခင်ကတည်းက သတင်းကြီးခဲ့ဖူးသည်။
အတန်ငယ် အသံတိတ်ခဲ့ပြီးနောက် ကေတီဟုမ်းလ်စ်နှင့် ဂျေမီဖောက်စ်တို့အကြောင်း ကောလာဟလများ တစ်ကျော့ပြန် ထွက်ပေါ်လာပြီ ဖြစ်သည်။ တွမ်ခရုစ်နှင့် ကွာရှင်းပြတ်စဲပြီးနောက် တစ်ကိုယ်တော် ဘဝကို ဖြတ်သန်းနေသည့် ဟောလီးဝုဒ်မင်းသမီး ကေတီသည် အော်စကာဆုရှင်မင်းသား ဂျေမီနှင့် ဇာတ်လမ်းဖြစ်နေကြောင်း ယခင်ကတည်းက သတင်းကြီးခဲ့ဖူးသည်။ ထိုစဉ်ကမူ ဂျေမီရော၊ ကေတီကပါ ရယ်ရယ်မောမော နောက်နောက်ပြောင်ပြောင်ဖြင့် ငြင်းချက်ထုတ်ခဲ့ကြသည်။ ဂျေမီသည် ကေတီ၏ ခင်ပွန်းဟောင်း တွမ်နှင့်လည်း ရင်းနှီးသူ တစ်ဦးဖြစ်သည်။ ယခုတစ်ဖန် ပြီးခဲ့သည့် လကုန်ပိုင်းက ကယ်လီဖိုးနီးယားတွင် ကေတီနှင့် ဂျေမီတို့ အတူတကွ နေထိုင် အချိန်ကုန်ခဲ့ကြောင်း သတင်းများ ထပ်မံပျံ့နှံ့လာခဲ့သည်။
အသက်(၃၅)နှစ်ရှိ မင်းသမီးသည် ဂျေမီနှင့် အတူနေထိုင်ရန်အတွက် နယူးယော့ခ်မှ လော့စ်အန်ဂျလိစ်သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။ ၎င်းတို့နှစ်ဦးသည် Super Bowl အခမ်းအနားတွင်မူ သီးခြားခွဲ၍ တက်ရောက်ခဲ့ကြသည်။ ယင်းသည် ဂျေမီက တွမ့်အပေါ် လေးစားမှု ထားရှိသည့် အနေဖြင့် ကေတီနှင့် ပေါ်ပေါ်ထင်ထင် မတွဲလိုသေးခြင်းကြောင့်ဟု နီးစပ်သူများက ဆိုသည်။ "ကေတီက စင်းလုံးငှား ဂျက်လေယာဉ် တစ်စင်းနဲ့ ကယ်လီဖိုးနီးယားကို သွားခဲ့ပါတယ်။ အဲဒီမှာ ဂရမ်မီ ဆုပေးပွဲ ကာလဝန်းကျင်လောက်မှာ သူတို့အတူ နေခဲ့တယ်။ Super Bowlမှာလည်း နှစ်ယောက်ခွဲပြီး ပွဲတက်ခဲ့ပေမယ့် ကျန်တဲ့အချိန်တွေမှာတော့ အတူတူ ရှိနေကြပါတယ်"ဟု အတွင်းလူ တစ်ဦးက ပြောဆိုခဲ့သည်။
အခြားနီးစပ်သူ တစ်ဦးကမူ Amazing Spiderman 2 မင်းသား ဂျေမီသည် တွမ့်အပေါ် မျက်နှာပူနေဟန်ရှိကြောင်း ဆိုသည်။ အသက်(၄၆)နှစ်ရှိ ဂျေမီ၏ သူငယ်ချင်း တစ်ဦးက "ဂျေမီကတော့ အရာရာကို သတိထားပြီး လုပ်ဆောင်နေသလိုပါပဲ။ သူက တွမ့်အပေါ် အများကြီး လေးစားမှု ရှိတယ်လေ"ဟု ပြောကြားခဲ့သည်။ ကေတီ၏ ကိုယ်စားလှယ် တစ်ဦးကမူ ယခုသတင်းများနှင့် စပ်လျဉ်းပြီး မည်သည့်မှတ်ချက်မျှ မပေးလိုဟု ငြင်းဆန်ထားသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်