From : Planet Myanmar Network
ဂျွန်နီ၏ မိတ်ဆွေအချို့က Pirates of Caribbeanစတား ဇာတ်ဆောင်မင်းသားသည် အမ်ဘာနှင့် လက်ထပ်ပွဲကို ဘဟားမားစ်ရှိ ကိုယ်ပိုင်ကျွန်းလေးပေါ်တွင် ပြုလုပ်သွားရန် စိတ်ကူးနေကြောင်း ပြောဆိုခဲ့
ဂျွန်နီဒက်ပ် အနေဖြင့် ၎င်း၏ချစ်သူ အမ်ဘာဟက်ဒ်ကို ကိုယ်ပိုင်ကျွန်းလေး တစ်ခုပေါ်တွင် အကျဉ်းရုံး လက်ထပ်ဖြစ်ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဂျွန်နီ၏ မိတ်ဆွေအချို့က Pirates of Caribbeanစတား ဇာတ်ဆောင်မင်းသားသည် အမ်ဘာနှင့် လက်ထပ်ပွဲကို ဘဟားမားစ်ရှိ ကိုယ်ပိုင်ကျွန်းလေးပေါ်တွင် ပြုလုပ်သွားရန် စိတ်ကူးနေကြောင်း ပြောဆိုခဲ့ကြသည်။ အဆိုပါ ကျွန်းလေးပေါ်တွင် ဘာဘီကျူး အသားကင် ပါတီပွဲလေး ဆင်နွှဲပြီး လက်ထပ်ပွဲကို ရင်းနှီးသော မိတ်ဆွေအချို့နှင့် ကျင်းပသွားရန် အသက်(၅၀)အရွယ် မင်းသားက လိုလားနေကြောင်း သိရသည်။
အသက်(၂၇)နှစ်ရှိ အမ်ဘာသည် မကြာမီက ကြီးမားသော စေ့စပ်လက်စွပ် တစ်ကွင်းကို ဂုဏ်ယူစွာ ဝတ်ဆင်ပြသခဲ့ပြီးနောက် ဂျွန်နီ၏ မင်္ဂလာသတင်းကို ပရိသတ်များက စောင့်မျှော်နေပြီ ဖြစ်သည်။ Daily Star သတင်းစာက ဂျွန်နီ၏ နီးစပ်သူ တစ်ဦးကို ကိုးကားပြီး "ကျွန်းလေးပေါ်မှာ အသေးစား အခမ်းအနားလေး တစ်ခုနဲ့ မင်္ဂလာဆောင်နှင်းဖို့ ဖြစ်နိုင်ခြေ များနေပါတယ်။ ပြီးတော့ ဧည့်ပရိသတ် အားလုံးကို ဘာဘီကျူးနဲ့ ဧည့်ခံပြီး ဂျွန်နီရဲ့ မိတ်ဆွေ ဂီတသမား တချို့က ဖျော်ဖြေသွားဖို့ ရည်ရွယ်ပါတယ်။ ဂျွန်နီရော၊ အမ်ဘာပါ ကြီးကြီးကျယ်ကျယ် လက်ထပ်မယ့် အစီအစဉ်မျိုးကို မလိုလားကြပါဘူး။ သူတို့နှစ်ယောက်စလုံးက တတ်နိုင်သမျှ သိုသိုသိပ်သိပ် ဖြစ်ဖို့ပဲ အလေးအနက် စဉ်းစားကြတာပါ"ဟု ဖော်ပြခဲ့သည်။
အမ်ဘာနှင့် ဂျွန်နီတို့သည် (၂၀၁၁)ခုနှစ်က The Rum Diary ဇာတ်ကားတွင် အတူတွဲဖက် သရုပ်ဆောင်ရင်း စတင်နီးစပ်လာခဲ့သည်။ သို့သော်လည်း (၂၀၁၂)ခုနှစ်တွင် ဂျွန်နီက (၁၄)နှစ်ကြာ အတူနေထိုင်လာသည့် ချစ်သူ ဗင်နက်ဆာ ပရာဒစ်နှင့် လမ်းခွဲခဲ့ပြီးမှ အတူတကွ ပေါ်ပေါ်ထင်ထင် တွဲလာကြသည်။ ဂျွန်နီနှင့် ဗင်နက်ဆာတို့တွင် အသက်(၁၄)နှစ်ရှိ ရို့စ်နှင့် အသက်(၁၁)နှစ်အရွယ် ဂျက်ဆိုသော ကလေးနှစ်ဦးရှိကြောင်း သိရှိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်