Subscribe to our RSS Feed

UWSA`၀´ အဖွဲ့၏ အတင်းအဓမ္မလူသစ်စုဆောင်းမှုကြောင့် ဒေသခံလားဟူလူမျိုးများ နေရပ်များကို စွန့်ခွာ ထွက်ပြေးတိမ်းရှောင်

From : .Shan News


မိုင်းခတ်မြို့နယ် ယမ်းမိုင်(လားဟူ)ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ၌ နေထိုင်ကြသော လားဟူလူမျိုး များသည် ဇန်န၀ါရီပထမပတ်မှစ၍ UWSA`၀´ အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများကြောင့် နေရပ် များကို စွန့်ခွာထွက်ပြေးနေရကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

`` မိသားစုလိုက် ပြောင်းရတာပေါ့၊ `၀´တပ်ဖွဲ့က လူသစ်မလုပ်မနေရဆိုပြီး အတင်းစုနေလို့ ရွာမှာ မနေရဲကြ တော့ဘူး၊ အိမ်တွေ လယ်ယာတွေလည်း ဒီအတိုင်း ထားခဲ့ရတယ်´´ ဟု မိုင်းခတ်မြို့ပေါ်သို့ ပြောင်းရွှေ့ရောက် ရှိလာသော လားဟူလူမျိုး ကိုကျလောက ပြောသည်။

`၀´ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ ဒေသခံ လားဟူ၊ အင်၊ လွယ် လူမျိုးများအား `၀´တပ်ဖွဲ့ ထဲသို့ မ၀င်မနေရ စုဆောင်းနေမှုကြောင့် အစိုးရအုပ်ချုပ်မှုနယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ရွာထဲတွင် မနေဘဲ ပြောင်းရွှေ့ပါက အိမ်၊ လယ်၊ ယာနှင့် အိမ်မွေးတိရစ္ဆာန်များအား လုံးဝယူခွင့်မပြုဟု `၀´ ခေါင်းဆောင်ပိုင်းက ထိန်းချုပ်ထား၍ မည်သည့်ပစ္စည်းမျှ ယူဆောင်ခွင့်မရကြောင်း သိရသည်။

`` ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ရွာသားလေးယောက်ကို လူသစ်လုပ်ရမယ်ဆိုပြီး `၀´ စစ်သားတွေ အတင်း အဓမ္မလာဖမ်းသွားတယ်၊ မိုင်းပေါက်ဘက်ကို ခေါ်သွားတယ်လို့ သိရတယ် ´´ ဟု ပါနောက်ကျေးရွာမှ အသက် ခြောက်ဆယ်အရွယ် လားဟူအဘိုးအိုတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် UWSA `၀´အဖွဲ့မှ ခါခူကျေးရွာသို့ ရောက်ရှိလာပြီး လားဟူလူမျိုး(၇)ဦးအား လူသစ်အဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားမှုရှိခဲ့ကြောင်း ယင်းရွာသားတစ်ဦးက ပြောကြားသွားသည်။

ဒေသခံ လားဟူလူမျိုးများမှာ `၀´ တပ်ဖွဲ့သို့ မ၀င်လိုသောကြောင့် နေရပ်များကို စွန့်ခွာထွက်ပြေးတိမ်းရှောင် နေရကြောင်း၊ လူသစ်အဖြစ် စုဆောင်းခံရသော လားဟူလူမျိုးများသည် မိုင်းပေါက်အရှေ့ဘက်ရှိ UWSA `၀´ သင်တန်းကျောင်း၌ သင်တန်းတက်ရကြောင်း၊ သင်တန်းကျောင်းမှ ထွက်ပြေးလာပြီး ရွာရှိ မိသားစုကို ခေါ်ကာ မိုင်းယန်း၊ မိုင်းခတ်မြို့များသို့ တိမ်းရှောင်ကာ အစိုးရအုပ်ချုပ်မှုအောက်ရှိ မြို့၊ ရွာများ ၌ နေထိုင်ရန် စီစဉ်နေကြ ကြောင်း သိရှိရပါသည်။

အိုက်ပန် 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်