Subscribe to our RSS Feed

၂၀၁၅ ရွေးကောက်ပွဲများ လွတ်လပ်တရားမျှတစွာ ကျင်းပနိုင်ရန် စတင်ဆောင်ရွက်နေကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

From : ..eleven


4.1.7
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲများကို ရေတွက်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်
၂၀၁၅ ရွေးကောက်ပွဲများ လွတ်လပ်၊ တရားမျှတစွာ ကျင်းပနိုင်ရန် လိုအပ်သော ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ယခုကတည်းက စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂၉ ရက်တွင် ပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။
ပထမအကြိမ် လွှတ်တော်ပုံမှန် သက်တမ်းတစ်ရပ်အတွက် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်မှာ နှစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ လာမည့် ဒုတိယအကြိမ် လွှတ်တော်ပုံမှန် သက်တမ်းအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ် နှစ်ကုန်ခါနီး လများအတွင်း ကျင်းပပေးရန် ရှိကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ပါဝင်သော ပြည့်စုံမှန်ကန်သည့် မဲစာရင်း ရရှိရေးအတွက် စမ်းသပ်မဲစာရင်း ကောက်ယူရေး လုပ်ငန်းကို ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။


သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများကလည်း သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲ၏ ကြီးကြပ်မှုကို ခံယူ၍ ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲစာရင်းကို အခြေခံပြီး စမ်းသပ်မဲစာရင်း ကောက်ယူမည် ဖြစ်ကြောင်း၊ ထိုမဲစာရင်း စမ်းသပ်ကောက်ယူမှုမှ တစ်ဆင့် တစ်နိုင်ငံလုံးရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် မဲစာရင်းများကို ဆက်လက်ကောက်ယူရန် စီစဉ်ထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် New Myanmar Foundation မှ မမြနန္ဒာက “ကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်ကို လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် လုပ်ဆောင်သွားမယ်လို့ အာမခံ ပြောကြားခဲ့တယ်။ နောက်ပြီး ထူးခြားတာက တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ပညာရေးဌာနတို့ ဘာတို့ဆိုရင် ပြောသမျှ ခေါင်းညိတ်တဲ့ ပုံစံမဟုတ်ဘဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တွေ့ကြုံခဲ့ရတာတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေရှိတဲ့ ဒေသနဲ့ ဆိုင်တဲ့ မဲစာရင်းကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားတာတွေ တွေ့ရတော့ ပြောင်းလဲလာတယ်လို့ ပြောလို့ရတယ်” ဟု ပြောကြားသည်။
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်က ကျင်းပခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၅ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၆၆၁ ဦးကို ရွေးကောက်ခဲ့သည်။
ထို့အပြင် နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများနှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ၀န်ကြီးများအဖြစ် ခန့်အပ်ခြင်း ခံရသဖြင့် နုတ်ထွက်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၄၅ နယ်၌ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၇ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို ရွေးကောက်ခဲ့သည်။

.. www.MyanmarExpress.net
 

2 comments:

တိုင်းပြည်တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည် သူများကို ကြိုဆိုပါတယ်

ကျပ်တို့လည်း သူများယောင်လို့ ယောင်တာမျိုး မဖြစ်ရအောင် နိုင်ငံအတွက် ဘယ်သူတွေ ဘယ်လိုကြိုးစား လုပ်ဆောင် နေတယ်ဆိုတာကို လေ့လာနေပါတယ်။ ရွေးကောက်ပွဲနီးမှ သူတို့ စည်းရုံးတာကို နားယောင်ပြီး မဲပေးတဲ့ ခပ်ညံညံ လူတန်းစား မျိုး မဖြစ်စေချင်လို့ပါ။ ခပ်ညံညံ လူတန်းစား တစ်ယောက်၏ လုပ်ရပ်များက နိုင်ငံတော် တိုးတက်ဖို့ အတွက် နှောင့်နှေးကြန့်ကြာမှုကို ဖြစ်စေနိုင်တယ် လို့ ယူဆလို့ပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်