Subscribe to our RSS Feed

ဈေးနှစ်ဆရ၍ နာမည်ခံ ကားတင်သွင်းပေးလိုသူ များပြားနေ

From : ..Myit Makha Mediagroup on 1 Apr, 2013



နာမည်ခံကား တင်သွင်းပေးသူများမှာ ယခင်ကထက်ဈေးနှုန်းနှစ်ဆခန့် ပိုမိုရရှိလာသောကြောင့် ကားတင်သွင်းလို သူများမှာ ယခင်ကထက် များပြားလျက်ရှိလာကြောင်း နာမည်ခံကားတင်သွင်းသူဈေးကွက်က သိရှိရသည်။
 “တစ်ဦးကို တစ်စီးသွင်းခွင့်ရတယ်။ ရပ်ကွက်ထဲက လူငယ်လေးတွေကလည်း လုပ်ပေးမယ်ဆိုတာနဲ့ သူတို့နဲ့ လုပ်ဖြစ် တာပါ။ တစ်လကို ဘယ်နှစ်စီးရယ်လို့ ပုံမှန်တော့ မရှိပါဘူး။ ဝယ်လိုအားပေါ်မူတည်ပြီး သွင်းဖြစ်တာပါ။ သင်္ကြန်နီးတော့ ရောင်းအားကလည်း ပါးတယ်လေ။ဟု ကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
နာမည်ခံကားတင်သွင်းပေးသူတစ်ဦးလျှင် ယခင်က ငွေကျပ်သုံးသောင်းခွဲခန့် ပေါက်ဈေးရှိရာမှ ယခုငွေကျပ် ငါးသောင်း (၅၀၀၀၀)မှ ရှစ်သောင်း(၈၀၀၀၀)ဝန်းကျင်အထိ ပေါက်ဈေးရှိလာကြောင်း သိရသည်။
ကျွန်တော်တို့က ညီအကို(၂)ယောက်လုံး နာမည်ခံသွင်းပေးတာ။ တစ်ယောက်ကို ခြောက်သောင်းခွဲ ရတယ်။ ကိုယ်တိုင် ကားဝယ်နိုင်ဖို့ အခြေအနေလည်းမရှိပါဘူး။ ဝယ်နိုင်လာခဲ့လို့ သွင်းမယ်ဆိုရင်လည်း အခုလိုနာမည်ခံနဲ့ ငှားပြီးသွင်းမှာပေါ့ ဟု နာမည်ခံကား တင်သွင်းပေးသူ ကိုဝေယံဇော်ကပြောသည်။
နိုင်ငံခြားမှ ကားတင်သွင်းလိုသူများအနေဖြင့် နိုင်ငံခြားငွေစာရင်း၊ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ မိမိ တင်သွင်း လိုသော ကားကုမ္ပဏီမှ အရောင်းပြေစာ(Invoice)မူရင်းနှင့် ကားတင်သွင်းခွင့်ပြုခြင်းကို ယခင် မော်တော်ယာဉ်တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ မော်တော်ယာဉ်တင်သွင်းခွင့်ပြုခဲ့သည့် စာရင်း တွင် မပါဝင်ကြောင်း ခံဝန်ကတိပြုချက် တင်ပြရုံသာလိုအပ်ပြီး မည်သည့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ထောက်ခံစာကိုမျှ ရယူတင်ပြရန် မလိုအပ်ကြောင်းကိုလည်း အဆိုပါဈေးကွက်အတွင်းက  သိရသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်တွင် ပြည်သူလူထုဆက်သွယ်သွားလာမှုများတွင် အဆင်ပြေချော မွေ့စေရန်အတွက် မူဝါဒများ ချမှတ်၍အဆင့်အလိုက် ကားတင်သွင်းခွင့်များ ဆောင်ရွက်ပေးခဲ့သည်။
အသက်(၁၈)နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း နိုင်ငံခြားမှကားတင်သွင်းခွင့် မူဝါဒကို ၂၀၁၂ခုနှစ် မေလ(၄)ရက်နေ့က စတင်ချမှတ်ခဲ့ရာမှ ၂၀၁၃ခုနှစ်အတွင်း၌ ယခုကဲ့သို့ နာမည်ခံကားတင်သွင်းခွင့်ဈေးကွက်မှာ တစတစကြီးမားလာခြင်း ဖြစ်သည်။
.. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်