Subscribe to our RSS Feed

သင်္ကြန်မဏ္ဍပ်များ လုံခြုံရေး နှစ်ဆတိုးမြှင့် ငှားရမ်းမည်

From : ..7day

ယခုနှစ်ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ရန် လုံခြုံရေးအင်အားကို နှစ်ဆနီးပါးတိုးချဲ့ငှားရမ်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မဏ္ဍပ်ဆောက်လုပ်သူများထံမှ သတင်းရရှိသည်။

ယခုနှစ်တွင် ရန်ကုန်သင်္ကြန် ပိုမိုစည်ကားစွာ ကျင်းပနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်နေကြောင်း ကြေညာပြီးနောက်ပိုင်းတွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့သော နိုင်ငံတစ်ဝန်း ဆူပူအကြမ်းဖက်မှုများကြောင့် သင်္ကြန်ကာလ ရေကစားမည့်သူအချို့နှင့် အုပ်ထိန်းသူ လူကြီးမိဘများက လုံခြုံရေးအခြေအနေကို စိုးရိမ်နေကြသည်။

ယင်းကဲ့သို့ စိုးရိမ်မှုများထွက်ပေါ်နေခြင်းအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မဏ္ဍပ်ဆောက်လုပ်သူများက ပြောကြားလိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၆၀၀၀ ကျော်ရှိသည့်အနက် ပုံမှန်အခြေအနေတွင် တပ်ဖွဲ့အင်အား ၂၀၀၀ ဖြင့် အဆင်ပြေသော်လည်း လက်ရှိအနေအထားအရ အင်အား ၄၀၀၀ နီးပါး တိုးချဲ့ချထားပြီး နေ့ ည၊ ကင်းလှည့်စစ်ဆေးတာဝန်ယူ နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ပြောသည်။

“သင်္ကြန်တွင်းမှာလက်ရှိ ရဲတပ်ဖွဲ့ အင်အားရဲ့ထက်ဝက်ကျော် ၄၀၀၀ လောက်နဲ့ သင်္ကြန်ပွဲတော်ကို လုံခြုံရေးယူသွားမှာ ဖြစ်ပါတယ်။ သင်္ကြန်ကာလလည်း နီးတယ်။ လက်ရှိလည်း အရေးပေါ်ကာလ သတ်မှတ်တဲ့အတွက် လုံခြုံရေးကို အခုတည်းက နေ့ညဖိဖိ စီးစီးနဲ့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။ ထို့ပြင် ယခုနှစ်သင်္ကြန် မဏ္ဍပ်ကြီးဆောက်လုပ်သူများမှာ မိမိတို့ မဏ္ဍပ်တွင် လာရောက်ရေကစားသူများ လုံခြုံစိတ်ချရစေရန် ကိုယ်ပိုင်အစီအစဉ်ဖြင့် လုံခြုံရေးဝန်ထမ်းအယောက် ငါးဆယ်ကျော် ငှားရမ်းအသုံးပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့မဏ္ဍပ်မှာ လုံခြုံရေးအင်အားကို အမျိုးသမီး အမျိုးသားအင်အား ၅၀ ကျော် ငှားရမ်းထားပါတယ်။ မဏ္ဍပ် စဆောက်ပြီဆိုတာနဲ့ နယ်မြေခံ ရဲတပ်ဖွဲ့တွေကိုလည်း အကူအညီတောင်းမှာပါ။ နယ်မြေခံရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားမှုအတိုင်း လုံခြုံရေးကို အထူးဂရုစိုက်မှာပါ” ဟု The Captain မဏ္ဍပ်မှ တာဝန်ခံတစ်ဦးက ပြောသည်။

ကမ္ဘာအေးဘုရားလမ်း၊ ဆီဒိုးနားဟိုတယ်အနီးတွင် တည် ဆောက်မည့်မဏ္ဍပ်မှ တာဝန်ခံတစ်ဦးကလည်း လုံခြုံရေးအင်အားကို ၅၅ ဦး ငှား ရမ်းအသုံးပြုမည်ဖြစ်ပြီး စီစီတီဗီ ကင်မရာများလည်း တပ်ဆင်ထား မည်ဖြစ်ရာ လုံခြုံရေးအတွက် စိုး ရိမ်စရာမရှိကြောင်း ပြောသည်။ “နှစ်တိုင်း သင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေးအင်အား ဒီလောက်များ များငှားတာတော့ မကြားမိသေးဘူး။ ဒီနှစ်မှ တိုးငှားတာ”ဟု အဆိုပါမဏ္ဍပ်တွင်ဖျော်ဖြေရေး တာ ၀န်ယူထားသူ ရန်ရန်ချန်းက ပြောသည်။

“ကျွန်တော်တို့ တာဝန်က ပရိသတ်ကိုဖျော်ဖြေဖို့။ ဘာတွေပဲ ဖြစ်လာဖြစ်လာ ပရိသတ်နဲ့အတူ ရင်ဆိုင်ရမှာပေါ့။ ဒီနှစ်ရန်ကုန်ကို စည်အောင်လုပ်မယ်ဆိုတော့ ကျွန်
တော်တို့လည်း ၀ိုင်းဝန်းရမှာပဲ” ဟု Snare အဖွဲ့မှ ဖြိုးလေးက ပြောသည်။

လုံခြုံရေး အခြေအနေကို အထူးဂရုစိုက် လုပ်ဆောင်သော် လည်း ပြည်တွင်းလုံခြုံရေး ၀န်ဆောင်မှုကုမ္ပဏီများမှာ ၀န်ထမ်း အင်အား မလုံလောက်ခြင်းကြောင့် မဏ္ဍပ်များတွင် တပ်ဆင်ထားမည့် စီစီတီဗီကင်မရာဝန်ဆောင်မှုကို ပိုမိုပြုလုပ်ပေးနေရကြောင်း လုံခြုံ ရေးဝန်ဆောင်မှုကုမ္ပဏီများက ပြောသည်။

“ဒီနှစ်မှာ လုံခြုံရေး အင်အားကို လူအင်အားထက် စီစီတီဗီကို ပိုလုပ်ပေးဖြစ်ပါတယ်။ လူအင်အားတိုးငှားတာကို ငှားသလောက် လူမပေးနိုင်တာမျိုး ဖြစ် နေတယ်” ဟု Winning လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာဒေါ်စုစုလှိုင်က ပြောသည်။

နှစ်စဉ်နှစ်တိုင်း ရေကစား မဏ္ဍပ်များ၏ လုံခြုံရေးနှင့် မှုခင်းများ မဖြစ်ပွားရန် ကြိုတင်ကာ ကွယ်နိုင်ရန် အကူတပ်ခွဲများ၊ အထူးတပ်ဖွဲ့များဖြင့်လုပ်ကိုင်နေပြီး
ရုန်းရင်းဆန်ခတ်မှုများ၊ အဓိကရုဏ်းများဖြစ်ပွားလာပါကရဲမှူးများဦးစီးသည့် အကူတပ်ခွဲများ အသင့်ပြင်ဆင်ထားကြောင်း ရဲမှူးမြင့်ထွေးက ပြောသည်။

“အင်အား ငါးဆယ်ပါ တပ်ခွဲတွေကို တိုင်းအလိုက်၊ ခရိုင်အလိုက်ဖွဲ့ထားပါတယ်။ အဓိကရုဏ်းအပါအ၀င် တစ်ခုခုဆိုတာနဲ့ အချိန်မရွေး ချက်ချင်းရောက်လာ မှာပါ”ဟု ၎င်းကပြောသည်။

ဓာတ်ပုံ- ထက်ပိုင်ဖြိုး (ဇ၀န)

.. www.MyanmarExpress.net
 

1 comments:

All is now afraid of whether riots will b or not.This coz of U Wirathu.He Is now worse than Moe Pyar Gang.Who

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်