လတ်တလော ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၇၀ လောက်ရှိတယ်လို့ သိရတယ်။ အဲဒီ ၁၇၀ လောက်ထဲက စတုတ္ထမဏ္ဍိုင်ထဲ အကျုံးဝင်တဲ့ သတင်းဂျာနယ်ပေါင်း ၆၀ လောက်ရှိတယ်။ အခါမလပ်စောင့်ကြည့် သတင်းဂျာနယ် ၆၀ လောက်ပဲ စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုခဲ့လေတော့ ကျန်တာတွေကို စတုတ္ထမဏ္ဍိုင်ထဲထည့်သွင်းမထားဘူးလားလို့ မေးစရာရှိတယ်။ ဘယ်နိုင်ငံမှာမဆို သတင်းစာနဲ့ သတင်းဂျာနယ်၊ မဂ္ဂဇင်းများကိုပဲ စတုတ္ထမဏ္ဍိုင်ထဲပါဝင်တယ်လို့ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ရဲ့လုပ်ရပ်တွေကို နေ့စဉ်အခါမလပ်စောင့်ကြပ်ကြည့်ရှုပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဖြစ်တဲ့ ပြည်သူလူထုကြီးကို အစီရင်ခံတင်ပြတဲ့ တာဝန်ကိုထမ်းဆောင်နေရတဲ့အတွက်ဖြစ်တယ်။ ဒါကြောင့်သတင်းစာနဲ့ သတင်းမီဒီယာတွေကို ‘watch dog’ အိမ်စောင့်ခွေးလို့ ခေါ်ခဲ့ကြတာဖြစ်တယ်။
စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးမ၀င်ဘူးလို့ဆိုတဲ့အတွက် ကျန်တဲ့ဟာတွေကအလကားပဲ အသုံးမကျဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစားကဏ္ဍများ အရေးကြီးသလို ဖျော်ဖြေရေးလည်းလိုအပ်တယ်။ ဒါပေမယ့် အဲဒီကဏ္ဍများရဲ့သဘာဝက အဓိကမဏ္ဍိုင်ကြီးသုံးရပ်ကို စောင့်ကြပ်ကြည့်ရှုတဲ့ ‘watch dog’ သဘာဝမဟုတ်ဘူး။ သတင်းစာနဲ့ သတင်းမီဒီယာလုပ်ငန်းတွေကသာ စောင့်ကြည့်ပြီး ပြည်သူကို အစီရင်ခံတင်ပြတဲ့အလုပ်ကိုလုပ်တာဖြစ်လို့ စတုတ္ထမဏ္ဍိုင်လို့ခေါ်တာဖြစ်တယ်။
စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ထားတဲ့အတွက် သတင်းမီဒီယာအလုပ်ဟာ အင်မတန်မှကိုတာဝန်ကြီးတယ်။ နိုင်ငံသားတိုင်းလိုက်နာကျင့်ကြံရတဲ့ နိုင်ငံသားကျင့်ဝတ်အပြင် အင်မတန်တင်းကြပ်တဲ့ သတင်းသမားကျင့်ဝတ်တွေကိုလည်း လိုက်နာစောင့်ထိန်းရတယ်။သတင်းသမားကျင့်ဝတ်တွေကို အတိအကျအမှန်အကန် လိုက်နာစောင့်ထိန်းနိုင်ရင် အဲဒီပုဂ္ဂိုလ်ဟာ အလွန့်အလွန်ဖြူစင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ ဆရာဂျာနယ်ကျော်ဦးချစ်မောင်လို၊ ဆရာလူထုဦးလှလို ပုဂ္ဂိုလ်များဟာ လူတွေကြားမှာ အင်မတန်ရှားတဲ့လူသူတော်ကောင်းကြီးတွေပါ။ အင်မတန်ထူးချွန်ထက်မြက်တဲ့ သတင်းစာဆရာကြီးများလည်း ဖြစ်ကြတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက ဒီခေတ်မှာရှားတယ်။ ကမ္ဘာမှာကိုရှားတာ။ တော်သူတွေပေါပါတယ်။ တော်လည်းတော်ပြီး လူသူတော်ကောင်းကြီးတွေလို့လည်းခေါ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကတော့တွေ့ဖို့ မလွယ်ပါဘူး။
လူတော်လူကောင်းလို့ပြောတဲ့အခါမှာ အကျယ်ဝိတ္တာရချဲ့ပြီးပြောဖို့ နည်းနည်းတော့လိုအပ်တယ်။ လူတော်ဆိုတာနဲ့ပတ်သက်လို့ကတော့ ပြောစရာမရှိပါဘူး။ ပညာရပ်နယ်ပယ်တစ်ခုခုမှာ ထူးထူးချွန်ချွန် ကျွမ်းကျင်တတ်မြောက်ထားသူကို လူတော်လို့ခေါ်ကြတာပါပဲ။ နိုင်ငံလူမျိုးကွဲပြားခြားနားမှုမရှိ၊ စံနှုန်းတစ်ခုတည်းပါပဲ။ တောင်အာဖရိကနိုင်ငံသား နှလုံးအစားထိုးခွဲစိတ်ကုသမှုလုပ်ခဲ့တဲ့ ဆရာဝန်ကြီး ခရစ္စတီယန်ဘားနာ့ဒ်ဟာ အမေရိကန်ရောက်တော့လည်း နှလုံးခွဲစိတ်ကုသဆရာဝန်ကြီးအဖြစ် အသိအမှတ်ပြုကြတာပါ။ အင်္ဂလန်က တွေးခေါ်ပညာရှင်ကြီးဘာထရန်ရပ်ဆဲလ်ကို ကမ္ဘာတစ်ခုလုံး ကလည်းတွေး ခေါ်ပညာရှင်ကြီးအဖြစ် လေးစားကြပါတယ်။
လူကောင်းဆိုတာကျတော့ ပြောစရာနည်းနည်းရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ လူကောင်းလို့ သတ်မှတ်တဲ့နှုန်းစံက လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ နိုင်ငံတစ်ခုနဲ့တစ်ခု မတူကြလို့ဖြစ်တယ်။ အလွယ်ဆုံးဥပမာပေးရရင် အရက်ကိစ္စကိုပြချင်တယ်။ အရက်သောက်တာကို ကမ္ဘာ့လူမျိုးတိုင်းလိုလိုကအပြစ်ကြီးတစ်ခုလို့ မယူဆကြတော့ဘူး။ အရက်သောက်တတ်လို့ လူကောင်းမဟုတ်ဘူးလို့ မသတ်မှတ်ဘူး။ ဗုဒ္ဓဘာသာလက်ခံကျင့်သုံးတဲ့ မြန်မာလူမျိုးတွေကတော့ အရက်သောက်တာကို အပြစ်ကြီးတစ်ခု၊ သီလပျက်ယွင်းမှုတစ်ခုလို့သဘောထားတယ်။ အရက်သောက်သူကို လူကောင်းလို့ မမြင်နိုင်ကြဘူး။ ဘုရားဂေါပကရွေးရင် တခြားစာရိတ္တပိုင်းမှာ ဘယ်လောက်ပဲကောင်းကောင်း၊ အရက်သေစာသောက်စားသူဆိုရင် ၀င်ရောက်အရွေးခံခွင့်တောင်မရှိပါဘူး။ ဂေါပကအဖွဲ့တိုင်းရဲ့စည်းမျဉ်းမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားကြတယ်။
ဒါပေမဲ့ မြန်မာပြည်မှာလည်း တောင်ပေါ်နဲ့မြေပြန့်မတူတာမျိုးတော့ ရှိသေးတယ်။ မြေပြန့်သားတွေက အရက်သောက်တာကို သီလပျက်ယွင်းမှုအဖြစ် ရှုမြင်ပေမယ့် အလွန်ချမ်းအေးတဲ့ တောင်ပေါ်ဒေသတွေမှာတော့ ဒီလိုမမြင်တော့ဘူး။ အအေးဒဏ်ကိုကာကွယ်ဖို့ လူကြီးလူငယ်ကျားမ မရွေးအရက်သောက်ကြတယ်။ အနောက်နိုင်ငံတွေမှာလည်း ဒီလိုကွဲပြားမှုတွေရှိကြတာပဲဖြစ်တယ်။ အင်္ဂလိပ်ဘောလုံးသမားတွေ အိမ်ထောင်ဖက်အပေါ်သစ္စာမစောင့်မှုကြောင့် ပြဿနာဖြစ်ရတဲ့သတင်းတွေ အမြဲမပြတ်သတင်းစာတွေမှာဖတ်နေရတယ်။ အင်္ဂလိပ်တွေကဒီကိစ္စကိုတော်တော် ရေးကြီးခွင်ကျယ် သဘောထားတယ်။ ပြင်သစ်ဘောလုံးလောကမှာတော့ ဒါမျိုးတွေကိုသတင်းစာတွေကရေးကြီးခွင်ကျယ် လုပ်ပြီးရေးလေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ပြင်သစ်နိုင်ငံမှာက အိမ်ထောင်ဖက်အပြင်ချစ်သူ(Lover) ထားတာမျိုးကမဆန်းတော့တဲ့ကိစ္စအဖြစ် သဘောထားကြလို့ဖြစ်တယ်။ ယောက်ျား၊ မိန်းမဘယ်သူမဆို 'ချစ်သူ' ထားကြတာပဲလို့ ပြောလေ့ရှိတယ်။
အတိအကျ အခိုင်အမာပြောချင်တာတစ်ခုတော့ရှိတယ်။ မြန်မာလူမျိုးအဖြစ်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်နေသမျှကာလပတ်လုံး မြန်မာလူမျိုးတို့ရဲ့ ရိုးရာအစဉ်အလာဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကို စောင့်ထိန်း လိုက်နာရမယ်ဆိုတဲ့အချက်ဖြစ်တယ်။
အထက်မှာပြောခဲ့တဲ့ စတုတ္ထမဏ္ဍိုင်ကိစ္စမှာလည်း နိုင်ငံနဲ့လူမျိုးအလိုက် ကွဲပြားခြားနားတဲ့နှုန်းစံတွေရှိကြတယ်။ သတင်းသမားဆိုတာ အဖြစ်မှန်၊ သတင်းမှန်ကို အတိအကျအမှန်အကန် ရေးသားတင်ပြရတယ်။ ဒါပေမဲ့ နိုင်ငံနဲ့လူမျိုးရဲ့ဓလေ့ထုံးစံယဉ်ကျေးမှုအလိုက် ခြားနားချက်တော့ရှိကြတယ်။ မှုခင်းသတင်းတစ် ပုဒ်ကိုဖော်ပြရာမှာ အနောက်နိုင်ငံများ က မှုခင်းကျူးလွန်သူရော၊ ကျူးလွန်ခံရသူကိုပါ နာမည်လိပ်စာအတိအကျဖော်ပြလေ့ရှိတယ်။ ဂျပန်နိုင်ငံမှာတော့ သတင်းမီဒီယာအများစုက နာမည်နဲ့လိပ်စာနေရာမှာ ကွက်လပ်ထားဖော်ပြကြတယ်။ အနောက်နိုင်ငံသတင်းစာတွေမှာ မျက်နှာဖုံးသတင်းအဖြစ် အသားပေးဖော်ပြလေ့ရှိတဲ့ သတင်းတစ်မျိုးဆိုရင် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ရေးသားဖော်ပြဖို့ဆိုတာထား။ ဖတ်ရမှာတောင်မျက်စိရှက်လို့ ကျော်ဖတ်သွားရတယ်။ စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်လို့ မကြာခဏလာမေးကြတဲ့ လူငယ်တွေကို မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားကောင်း တစ်ယောက်အခေါ်ခံရဖို့က နိုင်ငံခြားမှာထက်ပိုခက်တဲ့အကြောင်း အမြဲပြောပြဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာရဲ့ သြဇာရိပ်ကြီးမားတဲ့နိုင်ငံဖြစ်တော့ မြန်မာတွေက 'သီလ' ပိုင်းကို သိပ်အလေးထားတဲ့အတွက်ဖြစ်တယ်။
အရက်သောက်တာကြောင့် စာနယ်ဇင်းသမားကောင်းမဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ အရက်လုံးဝမသောက်ပေမယ့် တခြားနည်းမျိုးစုံနဲ့ ပျက်စီးနေတဲ့ စာနယ်ဇင်းသမားတွေလည်း အများကြီးရှိပါတယ်။ အဓိကအကျဆုံးကတော့ စာနယ်ဇင်းသမားအလုပ်ကို ခုတုံးလိုအသုံးချပြီး ကိုယ်ကျိုးစီးပွားရှာတဲ့အလုပ်မျိုး မလုပ်ဖို့ဖြစ်ပါတယ်။ စာနယ်ဇင်းအလုပ်ဆိုတာ သာသနာပြုလုပ်ငန်းနဲ့တူတဲ့ မွန်မြတ်တဲ့အလုပ်ဖြစ်တယ်၊ ကိုယ်ကျိုးရှာသမားများနဲ့ လုံးဝမအပ်စပ်တဲ့ အလုပ်ဖြစ်တယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။ |
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်