Subscribe to our RSS Feed

ထူးခြားမှုများနှင့် လျှပ်တစ်ပြက် ၂၀၁၀
















ဒီဇင်ဘာ (၃၁)ရက်နေ့ကို ရောက်ရှိ လာသည့် (၂ဝ၁ဝ) ပြည့်နှစ်၏ ရက်ပေါင်း (၃၆၅)ရက်သည် နိဂုံးချုပ် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ (၂ဝ၁ဝ) ပြည့်နှစ်တွင် ဖြစ်ပျက် ပြောင်းလဲခဲ့သော အရာတို့သည် ပြည်သူတို့၏ ဒိုင်ယာရီစာအုပ်၊ သမိုင်းဆရာတို့၏ သမိုင်းမှတ်တမ်း စာအုပ်နှင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့၏ စာမျက်နှာထက်တွင် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတို့ဖြင့် မှတ်တမ်းဝင် ကျန်ရစ်ခဲ့ပြီ။

(၂ဝ၁ဝ)ပြည့်နှစ်တွင် မြန်မာပြည်သူလူထု အတွက် အစိုးရသစ်တစ်ရပ်ကို ရွေးချယ်မည့် ရွေးကောက်ပွဲ ကျင်းပမည် ဆိုခြင်းကြောင့် (၂ဝ၁ဝ)ပြည့်နှစ်သည် နိုင်ငံရေးနှစ် တစ်နှစ်ဖြစ်ခဲ့သည်။ နိုင်ငံရေးနှစ် တစ်နှစ်ဖြစ်ခဲ့သည့် (၂ဝ၁ဝ)ပြည့် နှစ်သည်လအလိုက် ထူးခြားမှုများနှင့် ပြည့်နှက်လျက်၊ ပျော်ရွှင်စရာများ၊ ငိုချင်စရာများ၊ ဝမ်းသာစရာများ၊ ဝမ်းနည်းစရာများ၊ ပြုံးစရာများ၊ မဲ့စရာများနှင့် ပြည်သူတို့၏ ရင်ကို တစ်လှပ်လှပ် တစ်ဖျပ်ဖျပ်ဖြင့် ရင်ခုန်စိတ်လှုပ်ရှား စေခဲ့သော (၂ဝ၁ဝ)ပြည့်နှစ် ဖြစ်ခဲ့သည်။

ကျွန်တော်တို့သည် နိုင်ငံရေးသမားများ ဖြစ်သည်။ ကျွန်တော်တို့သည် စီးပွားရေးသမားများ ဖြစ်သည်။ ကျွန်တော်တို့သည် အနုပညာသမားများ ဖြစ်သည်။ ကျွန်တော်တို့သည် စာပေသတင်းသမားများ ဖြစ်သည်။ ကျွန်တော်တို့သည် ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်သည်။ ကျွန်တော်တို့သည် အားကစားသမားများဖြစ်သည်။ ကျွန်တော်တို့သည် အဆိုတော်များဖြစ်သည်။ ကျွန်တော်တို့သည် ပြည်သူထဲကပြည်သူဖြစ်သည်။ ကျွန်တော်တို့သည် ဘာကြီးပဲဖြစ်သည်ဖြစ်သည် . . . . .

(၂ဝ၁ဝ)ပြည့်နှစ်ထဲတွင် ကျွန်တော်တို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့သော အကြောင်းအရာကိစ္စရပ်များသည် ကျွန်တော်တို့ကိုယ်တိုင် တာဝန်ယူရမည့် သမိုင်းအရိပ်ကြီးဖြစ်ပေသည်။ ထိုထိုသော သမိုင်းအရိပ်များအဖြစ်ကျန်ရစ်ခဲ့ သည့် (၂ဝ၁ဝ)ပြည့်နှစ်ထဲမှ လူအများစိတ်ဝင်စားခဲ့သည့် အမျိုးမျိုးသော သတင်းအစုံစုံ၊ သတင်းအမြုံမြုံများကို သမိုင်းမှတ်တမ်းတစ်ခုအဖြစ်စုစည်းဖော်ပြလိုက်ပါသည်။

ဇန်နဝါရီ(၁)ရက်

ထိုနေ့သည် (၂ဝ၁ဝ)ပြည့်နှစ်၊ ဇန်နဝါရီလ(၁)ရက်ဖြစ်သည်။ (၂ဝ၁ဝ)ပြည့် နှစ်၊ ဇန်နဝါရီ(၁)ရက်သည် (၂ဝဝ၉)ခုနှစ်၊ ဒီဇင်ဘာ(၃၁)ရက်ပြီးဆုံး နိဂုံးချုပ် သွားခဲ့ခြင်းကြောင့် (၂ဝ၁ဝ)ပြည့်နှစ်၊ ဇန်နဝါရီ(၁)ရက်သို့ရောက်ခဲ့ခြင်းဖြစ်သည်။

အဆုံးနဲ့အစက ခေါင်းနဲ့ပန်းလိုကျောချင်းကပ်ထားကြတော့ Happy New Year ဆိုတဲ့အသံနဲ့အတူ ကျွန်တော်တို့ မြန်မာလူမျိုး ဗုဒ္ဓဘာသာတွေက ဘုရားသွားကြ၊ ကောင်းမှုကုသိုလ်တွေလုပ်ကြနဲ့ နှစ်တစ်နှစ်ရဲ့ စာမျက်နှာ သစ်ကို မင်္ဂလာရှိရှိဖွင့်လှစ်ခဲ့ကြတဲ့နေ့တစ်နေ့ဖြစ်ခဲ့သည်။

(၂ဝ၁၁)ခုနှစ်၊ ဇန်နဝါရီ(၁)ရက်သည်လည်း (၂ဝ၁ဝ)ပြည့်နှစ်ကဲ့သို့ပင် စ၍ ဆုံးရမည့် ဒီဇင်ဘာ(၃၁)ရက်ကို ရောက်လာဦးမည်ဖြစ်ပါသည်။ နှစ်တစ်နှစ်သည် စလိုက်ဆုံးလိုက်နှင့် ကျွန်တော်တို့သည် တစ်နှစ်ပြီးတစ်နှစ်ရင့်မှည့်ပြီးြေ<ွကကျကြမည်မှာ ငြင်း၍မရနိုင်သောကြောင့် Happy New Year သည် မထူးမခြားနားနှင့်လူသားတိုင်းကို အသက် (၁)နှစ်ကြီးလာပြီဟု သတိပေးခေါင်းလောင်းထိုးလိုက်သောနေ့တစ်နေ့၊ ဇန်နဝါရီ(၁)ရက်သာဖြစ်ပါသည်။

ဇန်နဝါရီ(၂/၃/၄)ရက်

(၆၂)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် စာဖတ်သူတိုးပွားလာစေရန် ရေးသူ၊ ဖတ်သူတွေ့ဆုံပွဲကို မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းမှကန်တော်ကြီးသဘာဝဥယာဉ်၌ကျင်းပပြုလုပ်ခဲ့သည်။

ဇန်နဝါရီ(၈)ရက်

ရန်ကုန်တိုင်းဒေသကြီး တက္ကစီအငှားယာဉ် ကြီးကြပ်ရေးကော်မတီမှ မြို့တော်အင်္ဂါရပ်နှင့် မညီညွတ်သော City Taxi များကို ဖော်ထုတ် အရေးယူမည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရန်ကုန်မြို့တော်စည်ပင်ရုံးတွင် ကျင်းပပြု လုပ်ခဲ့သည်။ ယင်းသတင်း၏ နောက်ဆက်တွဲ ဂယက်အဖြစ် ခရီးသည်တင် ယာဉ်လိုင်းများမှ ဟိုင်းလပ်၊ ဒိုင်နာ၊ ဘီအမ်(BM)နှင့် အဲယားကွန်း ပါသော/မပါသော အထူးယာဉ်ကြီးများကိုပါ လိုက်လံ စစ်ဆေးသင့်ကြောင်း ခရီးသွားပြည်သူများက မျှော်လင့်ချက်ဖြင့် ထင်ကြေးပေးခဲ့ကြသည်။

ဇန်နဝါရီ(၁၅)ရက်

ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ ရွှေဘို၊ မုံရွာ၊ ပြင်ဦးလွင်၊ လားရှိုးမြို့များတွင် နေကြတ်ပုံအဆင့်ဆင့်ကို တွေ့မြင်ကြရ၍ သို့လောသို့လောအတွေးများဖြင့်ရှုမျှော်ခဲ့ကြသည်။

ဇန်နဝါရီ(၂ဝ)ရက်

ဇန်နဝါရီ(၂၆)ရက်တွင် ထီးတော်တင်လှူမည့် ကျိုက္ကဆံ(သင်္ဃန်းကျွန်း) စေတီတော်ငြမ်းထိပ်ဆုံးသို့ အမျိုးအမည် မသိရသော မြွေတစ်ကောင် တက်ရောက်ဖူးမျှော်ခဲ့ရာ ယင်းမြွေသည် နှစ်ညနှင့်တစ်ရက်ကြာနေသွားခဲ့သည်။

ဇန်နဝါရီ(၂၁)ရက်

ယင်းနေ့နောက်ပိုင်းရက်များမှစတင်၍ ရန်ကုန်မြို့တွင် (၅)သိန်းတန်၊ CDMA ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှငှားရမ်းအသုံးပြုခွင့်ပြုလိုက်သည်။

ဇန်နဝါရီ(၃၁)

(၂ဝ၁ဝ)ပြည့်နှစ်၊ ဇန်နဝါရီလသည် သက်ပြည့်၊ ရာပြည့်ဂီတ၊ စာပေ အနုပညာရှင်များကို ဂုဏ်ပြုခဲ့သည့်လတစ်လ အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။ (၁)ဂန္တဝင်ဂီတစာဆိုတော်ကြီးရွှေတိုင်ညွန့်၊ (၂)ဂန္တဝင်ဂီတစာဆိုတော်ကြီး ရွှေပြည်အေး၊ (၃)ဂန္တဝင်ဂီတစာ ဆိုတော်ကြီးမြို့မငြိမ်း၊ (၄)သတင်းစာဆရာ အယ်ဒီတာလူထုဦးလှ၊ (၅)စာရေးဆရာ ဒါရိုက်တာဦးသုခ (၆)စာရေး ဆရာ အယ်ဒီတာရှုမဝဦးကျော် (၇)အမျိုးသားစာရေးဆရာကြီး ဦးသော်ဇင်တို့ဖြစ်သည်။ မြို့မရေသဘင်နှင့် လွတ်လပ်တဲ့မြန်မာပြည် နိုင်ငံအကျိုးပြု သီချင်းများကိုရေးစပ်ခဲ့သူဦးဘသိန်းသည်လည်း မန္တလေးမြို့တွင် ဇန်နဝါရီ(၃၁) ရက်၌ အသက်(၁ဝဝ)ပြည့်နှစ်ထဲတွင်ကွယ်လွန်ခဲ့သည်။





(၂ဝ၁ဝ)ပြည့်နှစ်၊ ဖေဖော်ဝါရီ

ဖေဖော်ဝါရီ(၁)ရက်

ရန်ကုန်မြို့တွင် Down Town ဧရိယာဖြစ်သည့် ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်(၆)မြို့နယ်၌ ခရီးသည်တင် ဒိုင်နာယာဉ်များကိုပြေးဆွဲခွင့်မပြုတော့သည့်သတင်းကို ရန်ကုန်တိုင်း ဒေသကြီး(မထသ)ရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။

ဖေဖော်ဝါရီ(၁၂)ရက်

ယင်းပြည်ထောင်စုနေ့ညတွင် သင်္ဃန်းကျွန်းဈေးကြီးနှင့် ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ ရွှေပြည်သာ (ထ/၁၆)ရပ်ကွက် အောင်တေဇလမ်းတို့တွင် (၃)နေရာမီးလောင်ကျွမ်းခဲ့သည်။

ဖေဖော်ဝါရီ(၁၄)ရက်

သမီးရည်းစားတွေအတွက် Shopping Mall တွေမှာ ပျော်ရွှင်စရာတွေ စီစဉ်ပေးထားပြီး နှစ်ကာလရှည်ကြာခဲ့တဲ့ ကိုကိုမမတွေကလည်း ထိမ်းမြားလက်ထပ်ပွဲတွေလုပ်ကြနဲ့ သတင်းစာမှာ မင်္ဂလာသတင်းတွေလျှံပြည့်ခဲ့တဲ့နေ့ပေါ့။

ဖေဖော်ဝါရီ(၂၆)ရက်

သမ္ဘာရင့်တေးရေးဆရာများဖြင့်ဖွဲ့စည်းထားသည့် မြန်မာသီချင်းရေးဆရာများကလပ်မှ အခကြေးငွေပါသော စီးပွား ရေးအသွင်ဆောင်သည့်မည်သည့် သီဆိုဖျော်ဖြေတင်ဆင်မှုမျိုးမဆို ပွဲစီစဉ်သူများ၊ အဆိုတော်များသည် သက်ဆိုင်ရာ သီချင်းရေးဆရာများ(MCLC) ထံမှ ခွင့်ပြုချက်တောင်းယူရမည့် အသိပေးကြေညာချက်ကို နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့ခြင်းဖြင့် စာနယ်ဇင်းသတင်းသမားများနှင့် အဆိုတော်များကြား၊ သတင်းရူးဖြစ်ခဲ့သည်။

ဖေဖော်ဝါရီ(၂၇)ရက်

သာသနာနှစ်(၂၅၅၅) အထိမ်းအမှတ်ဖြင့် ရှင်(၂၅၅၅)ပါးကို ဒေါက်တာဦးခင်ရွှေ ဇေကမ္ဘာကုမ္ပဏီလီမိတက်က ရဟန်းခံရှင်ပြုပေးခဲ့သည့် သတင်းသည် သာသနာနှစ်သတင်းအဖြစ် ကျန်ရစ်ခဲ့သည်။





(၂ဝ၁ဝ)ပြည့်နှစ်၊ မတ်လ

မတ်လ(၈)ရက်

ပြည်သူလူထုတစ်ရပ်လုံးမှ မျှော်လင့်စောင့်စားနေသည့် ရွေးကောက်ပွဲ ကို နိုင်ငံပိုင်သတင်းစာမှ အတည်ပြု ထုတ်ပြန် ကြေညာခဲ့သည်။

မတ်လ(၁၂)ရက်

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။

မတ်လ(၁၄)ရက်

ရန်ကုန်မြို့ရှိ ကိုလိုနီနယ်ချဲ့ခေတ်မှတိုက်ဟောင်း၊ တိုက်ဆွေးများထဲမှ လမ်း(၃ဝ)နှင့် ကုန်သည်လမ်းထောင့်ရှိ ပန်းဘဲတန်းမြို့နယ်၊ (၆)ရပ်ကွက်မှ အမှတ် (၆၂၈/ ၆၃၂) မန္တလေးအသင်းတိုက်ဟောင်း ပြိုကျခဲ့ရာ မမျိုးပပဇော်(၁၅)နှစ် ပိတ်မိသေဆုံးခဲ့သည့် သတင်းကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာဌာနမှ အန္တရာယ်ရှိ အဆောင်အဦ (DB)အဖြစ် သတ်မှတ်ခံရသော တိုက်များတွင် နေထိုင်သူများကို (၃)ရက်အတွင်း ပြောင်းရွှေ့ကြရန် ထပ်မံသတိပေး နှိုးဆော်ခဲ့သည်။

မတ်လ(၂၇)ရက်

(၆၅)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှရွေးကောက်ပွဲတွင် ''ကိုယ့် ပါတီအနိုင်ရရင်ပြီးစတမ်းသဘောမျိုးနဲ့ ပုဂ္ဂိုလ်အချင်းချင်း ပါတီအချင်းချင်း ပုတ်ခတ်မှုများ၊ လူမျိုးရေးနဲ့ ဘာသာရေး သွေးကွဲစေမယ့် အပြုအမူများ စတဲ့ မပြုသင့်မပြုထိုက်တဲ့ မလျော်မကန် မဲဆွယ်မှုမျိုးတွေကို ရှောင်ရှား၍ မိမိတို့ပါတီရဲ့ မူဝါဒလမ်းစဉ်ကို ချပြပြီး ပြည်သူကြိုက်ရာကို လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးပါစေ'' ပါစေ''ဟု ရွေးကောက်ပွဲဝင်မည့် ပါတီများနှင့်ပတ်သက်၍ မိန့်ကြားခဲ့သည်။

မတ်လ(၂၉)ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည်(၂ဝ၁ဝ)ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် မည်မဟုတ် ကြောင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ရှိခွင့်အတွက်ပါတီအနေနှင့် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ဦးဥာဏ်ဝင်း၏ အတည်ပြုပြောဆိုချက်များကို လျှပ်တစ်ပြက်သတင်း ဂျာနယ် အတွဲ(၂)၊ အမှတ်(၇၉)တွင် ဖော်ပြခဲ့သည်။





(၂ဝ၁ဝ)ပြည့်နှစ်၊ ဧပြီလ

ဧပြီ(၁)ရက်

April Fool Day ၌ မတ်လတွင်အပူရှိန်လွန်ကဲခဲ့ခြင်း၊ အန္တရာယ်ရှိအဆောက်ဦး ပြိုကျခဲ့ခြင်းတို့ကြောင့် သတင်း ငတ်နေသည့် ဂျာနယ်လစ်များအတွက် မခိုးမခန့် ရွှတ်နောက်နောက် ခံခဲ့ရဖူးသည့် သတင်းများဖြင့် အရူးဖြစ်ခဲ့သည့် နေ့တစ်နေ့ဖြစ်ခဲ့သည်။ ဧပြီ(၄)ရက် မန္တလေးအသင်းတိုက် ပြိုကျရာတွင် ပိတ်မိနေသူ မမျိုးပပဇော်ကို ကယ်တင်ရာ၌ မီးသတ်ဦးမင်းနောင် ကွယ်လွန်ခဲ့သည့်နေ့ ဖြစ်သည်။

ဧပြီ(၉)ရက်

ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းချခဲ့သည့် (၂)ထပ် ပျဉ်ထောင်အိမ်ကို (၆)ထပ်တိုက် အဖြစ် ဆောက်လုပ်မည် ဆိုသည့် သတင်းသည် ပြည်သူများ အတွက် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကဲ့သို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြတိုက်တစ်ခန်း သီးသန့် ထားရှိသင့်သည်ဟု စာဖတ်သူများ တောင်းဆို မျှော်လင့်ခဲ့သော သတင်းဖြစ်ခဲ့သည်။

ဧပြီ(၁ဝ)ရက်

သန်လျင်တိုက် နယ်ဆေးရုံကြီး၏ ရင်ခွဲရုံမှအလောင်းများ ပျက်စီးသည့် နားရွက်များ၊ နှာခေါင်းများ၊ ပေါင်သားများကိုက်စားသည့် ကောလာဟလ သတင်းများလွင့်လွင့်ပျံ့နှံ့ခဲ့သည်။

ဧပြီ(၁၅)ရက်

သင်္ကြန်အကြတ်နေ့သည် မြန်မာ့ရိုးရာ မဟာယဉ်ကျေးမှုဖြစ်သည့်နေ့၌ မြန်မာ့သင်္ကြန်သမိုင်းကို အရုပ်ဆိုး သွေးစွန်းစေခဲ့သည့် ဗုံး(၃)လုံးဆင့်ကဲ ပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့သော နေ့တစ်နေ့ဖြစ်သည်။ ကန်တော်ကြီးဝင်ပေါက် X2O မဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူအမျိုးသား(၅)ဦး၊ အမျိုးသမီး(၃)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အမျိုးသား(၁၂၅)ဦး၊ အမျိုးသမီး(၄၅)ဦး ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများမှ ကနဦးသတင်း ထုတ်ပြန်ခဲ့သည်။

ဧပြီ(၁၈)ရက်

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ မီတာထိန်းသိမ်းစောင့် ရှောက်ခငွေကျပ်(၅ဝဝ)မှ(၁ဝဝဝ)ကျပ်ထိ တိုးမြှင့်ကောက်ခံလိုက်သည်။ ဧပြီ(၂၄)ရက် ကာတွန်းဆရာ၊ သတင်းစာဆရာ၊ ဒါရိုက်တာ၊ စာရေးဆရာစူလာနဖာဖော်စပ်ခဲ့သူ ဆရာကြီးသာဂဒိုး ကွယ်လွန်ခဲ့သည်။







(၂ဝ၁ဝ)ပြည့်နှစ်၊ မေလ

မေလ(၆)ရက်

အမျိုးသားဒီမိုကရေစီပါတီမှ ပါတီမှတ်ပုံတင်၊ မတင်ပြည်သူများ စိတ်ဝင်စား နားစွင့်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့သည်။ မေလ(၈)ရက် နိုင်ငံရေးသမားဟောင်း ဦးရဲထွန်း အသက်(၇၃)နှစ်တွင် သွေးကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည် သတင်းသည်ပါတီ နိုင်ငံရေးသမားများကြား ထူးခြားသည့်သတင်းအဖြစ် ကျန်ရှိခဲ့သည်။

မေလ(၁ဝ)ရက်

မြန်မာပြည်သို့ ဒုတိအကြိမ်လာရောက်ခဲ့သည့် အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က အမေရိကန်စင်တာခန်းမတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ပြည်သူများကြားနိုင်ငံရေး သတင်းတစ်ပုဒ် အဖြစ် စိတ်ဝင်စားခဲ့ကြသည်။

မေလ(၁၆)ရက်

တနင်္လာဂြိုလ်လမင်းကို သောကြာကြယ် ဖြတ်ကျော်ခဲ့ခြင်း သတင်းနှင့် ပတ်သတ်၍ နက္ခတ်ဗေဒင်ပညာရှင်များက အမျိုးမျိုးအစုံစုံ တွက်ချက်ပြောဆိုခဲ့ရာ ပြည်သူများစိတ်ဝင်စားသည့် သတင်းဖြစ်ခဲ့သည်။ ယင်းနေ့တွင်ပင် ကွမ်းခြံကုန်းမြို့နယ်၌ ဒရယ်လူးကျေးရွာတွင်နေထိုင်သော ဒေါ်ကြွက်မ(ခ) ဒေါ်သိန်းမြင့်၏ နေအိမ်သို့ သေနတ်ဖြင့်ပစ်၍ လက်ပစ်ဗုံးဖြင့် ပစ်ခွဲခဲ့သည့် ဓားပြ(၅)ဦး၏ သတင်းသည်လည်း လူတိုင်းပါးစပ်ဖျား၌ ကြွက်ကြွက်ညံစီခဲ့သည်။ ထပ်မံဖြစ်ပေါ်ခဲ့သော သတင်းမှာ အနော်ရထားမင်း တည်ထားကိုးကွယ်ခဲ့သော မန္တလေးမြို့မှ နှစ်ပေါင်း(၉ဝဝ)ကျော် နာမည်ကြီး တောင်ပြုန်းဆုတောင်းပြည့်စေတီ အထက်ပိုင်း ဖောင်းရစ်ပြိုကျမှုဖြစ်ပေါ်ခဲ့ရာ တောင်ပြုန်းဘုရားပွဲ မကျင်းပနိုင်မည်ကို ဒေသခံများနှင့် ဘုရားဖူးများစိုး၇ိမ်ခဲ့သည့် သတင်းဖြစ်ခဲ့သည်။

မေလ(၁၇)ရက်

ရန်ကုန်မြို့တော်လျှစ်စစ်အားပေးရေးအဖွဲ့မှ တရားဝင်သတင်းထုတ်ပြန်ခဲ့ သည့် ရေအားလျှပ်စစ်စက်ရုံများ ဓာတ်အားထုတ်လုပ်နိုင်မှုများစွာကျဆင်းလျက် ရေလှောင်ကန်တွင် ရေလက်ကျန်(၂ဝ)ရက်စာ သာကျန်ရှိကြောင်း ကမ်းလွန်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပေါက်လျက်ရှိကြောင်း၊ ဓာတ်အားစနစ်တစ်ခုလုံး ဓတ်အားလိုအပ်ချက် (၃)ပုံ(၁)ပုံသာ ထုတ်လုပ်နိုင်ကြောင်း စသည့်သတင်းများကို လျှပ်စစ်မီးရရှိရေးအတွက် ပြည်သူများစိုးရိမ်ခဲ့သည့် သတင်းဖြစ်ခဲ့သည်။ ယင်းနေ့၌ Shopping Mall, ပုဂ္ဂလိကစက်ရုံနှင့်ဆေးရုံ၊ ဆေးခန်းများအိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ ဓာတ်အား ဖြတ်တောက်သွားမည့်ဆိုသည့် သတင်းသည် စိတ်ဝင်စားမှုများခဲ့သည် သတင်းဖြစ်ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းအတွင်းရှိ ကြည့်မြင်တိုင်တစ်ဖက်ကမ်းနှင့် မြန်မာနိုင်ငံအတွင်း နေရာဒေသများ၌ သောက်ရေ၊ သုံးရေ ရှားပါးခဲ့ခြင်း၊ ဒလမြို့နယ်ရှိ ရေတွင်းရေကန်များ ခန်းခြောက်ခဲ့ခြင်း၊ အပူလှိုင်းမိ၍ ဆေးရုံ၌ သေဆုံးသူများ များပြားခဲ့သည် သတင်းဖြစ်စဉ်များကို ဖော်ပြခဲ့ခြင်းကြောင့် လူအများ ကျန်းမာရေးအသိ ဆင်ခြင်ခဲ့ကြသည်။

မေ(၁၉)ရက်

နာမည်ကြီး ဟိုတယ်တစ်ခုတွင် နာမည်ကြီး မင်းသမီးတစ်ဦးက နာမည်ကြီး ဂျာနယ်တိုက်မှ သတင်းထောက်မမတစ်ဦးကို ကိုယ်ထိလက်ရောက် ကျုးလွန်ခဲ့သည့် သတင်းသည်မမ သတင်းထောက်က မည်သည်ကိုမေး၍ သရုပ်ဆောင် မင်းသမီးကြီး စိတ်ဆိုးသွားရသည်ကို ပြည်သူများစိတ်ဝင်စား၍ ဟိုးလေးကျော်ခဲ့သည်။

မေလ(၂ဝ)ရက်

သာကေတမြို့နယ်သို့ သွားသည့် ဗန္ဓုလတံတား အဆင်းကွေ့ဒေါပုံမြို့သစ်၌ သစ်လုံးတင် ကုန်ကားတစ်စီး၊ တိမ်းမှောက်ခဲ့ရရာ ခရီးသွားပြည်သူ (၄)ဦး သေဆုံးခဲ့ပြီး (၃)ဦး ဒဏ်ရာရရှိခဲ့သည်။

မေလ(၂၄)ရက်

မီးလောင်မှုသမိုင်းတွင် အဆင့်မြင့် မင်္ဂလာဈေး(၄)လွှာမှစတင် မီးလောင် ကျွမ်းခဲ့ရ ဆုံးရှုံးမှုတန်ဖိုးကျပ်သန်းပေါင်း (၂)သောင်း (၉)ရာကျော် ဆုံးရှုံးကာ နာရီပေါင်း(၃ဝ)ကျော် မီးလောင်ကျွမ်းခဲ့သည့် သတင်းသည်မေလ၏ စိတ်ဝင်စားမှု အများဆုံး မှတ်တမ်းတင်ခံရသည့် သတင်းဖြစ်ခဲ့သည်။

မေလ(၂၈)ရက်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့လယ်ရှိ ကားလမ်းမကြီးများနှင့် မြို့နယ်ရပ်ကွက်များတွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံခြင်းဖြစ်ပေါ်ချိန် သီရိမင်္ဂလာဈေးအား ပိတောက်ချောင်းဝသို့ ရွှေပြောင်းမည့်သတင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရိမင်္ဂလာဈေးမှ ဈေးသူ/ဈေးသားများကို ပြောကြားခဲ့သည်။







(၂ဝ၁ဝ)ပြည့်နှစ်၊ ဇွန်လ

ဇွန်လ(၁)ရက်

ဆင်ဆာမဲ့ ကာရာအိုကေမြန်မာဗီဒီယိုဇာတ်လမ်းများအား VCD,DVD အဖြစ် ကော်ပီပွားရောင်းချနေသူများကို တင်းကျပ်စွာဖော်ထုတ် ဖမ်းဆီအရေး ယူခဲ့သည်။ ဇွန်လ(၃)ရက် မုံရွာမြို့ရှိ မုံရွာဈေးသစ်ကြီး(ချင်းတွင်းရတနာဈေး) မီးလောင်မှုဖြစ်ပွားရာ ဆိုင်ခန်းပေါင်း(၄၇၂)ခန်း ပျက်စီးဆုံးရှုံး၍ တန်ဖိုးကျပ်သိန်းပေါင်း (၁၆၅၆) ဆုံးရှုံးခဲ့သည်။

ဇွန်လ(၇)ရက်

နိုင်ဂျီးရီးယားလူမည်း ညီအစ်မ အမျိုးသမီးနှစ်ဦးသည် လှည်းတန်းဈေးနှင့်ကွမ်းခြံဈေး အနီး၌ မြန်မာအမျိုးသမီး အချို့အား ရိုက်နှက်သည်ဆိုသည့် သတင်းများသည် စာနယ်ဇင်းသတင်းသမားများ စိတ်ဝင်စားခဲ့သည့် အမျိုးသားရေး သတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။

ဇွန်(၁ဝ)ရက်

စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ သဘာဝစက်သုံးဆီ အရောင်းဆိုင်များကို ဈေးကွက်စီးပွားရေးအရ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များအဖြစ် ကျသင့်ဈေးပေး၍ ကြိုက်သလောက် ဝယ်ယူခွင့်ပေးလိုက်သော သတင်းသည် လည်း ဇွန်လ၏ ထူးခြားမှုသတင်းဖြစ်ခဲ့သည်။ ထို့နောက် (၈၈)မျိုးဆက်လူငယ်များ ပါတီစည်းရုံးရေးသွားလာစဉ် သိမ်ကြီး ဈေးရှေ့၌ ယာဉ်မှုစစ်များ၏ စစ်ဆေးမေးမြန်းခြင်းများကို ဖြေရှင်းခဲ့ရသည့် သတင်းသည် ပါတီစည်ရုံးရေး ခွင့်ပြုလိုက်သည့်အချိန်၌ စတင်ထွက်ပေါ်လာသည့် သတင်းဖြစ်သည်။







(၂ဝ၁ဝ) ပြည့်နှစ် ဇူလိုင်

ဇူလိုင်လ(၉)ရက်

ပဲခူးတိုင်းဒေသကြီး ပဲခူး၊ကျောက်တံခါး၊ ဖြူးနှင့် အုတ်တွင်းမြို့နယ်များတွင် သီးနှံဖျက်ြ<ွကက်များအုပ်စု လိုက်ကျရောက်ဖျက်ဆီးခဲ့ရာ တောင်သူလယ်သမားဦးကြီးများ လယ်မြေစိုက်ပျိုးရေး၊ ဒုက္ခရောက်ရသည့်သတင်းသည် ပျံ့နှံ့လွင့်စင်ခဲ့သည်။







(၂ဝ၁ဝ)ပြည့်နှစ်၊ သြဂုတ်လ

သြဂုတ်(၃)ရက်

ရုပ်ရှင်သရုပ်ဆောင်မင်းသမီးမျိုးစန္ဒီကျော်ကို မိဘဖြစ်သူများက အမွေပြတ်စွန့်လွတ်ခဲ့သည့် ကြေညာချက်ကို နိုင်ငံပိုင်သတင်းစာများမှ အများပြည်သူသို့ အသိပေးခဲ့သည့်သတင်းသည် အနုပညာရှင်မင်းသမီးများနှင့် ပတ်သက်၍ ဒုတိယမြောက်စိတ်ဝင်စားဖွယ်သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

သြဂုတ်(၁၄)ရက်

ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်အတွင်း၌ အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသူ/ သားများနှင့် ပြည်တွင်းမီဒီယာ စာနယ်ဇင်းသမားများ ပထမဆုံး တွေ့ဆုံခွင့်ရရှိခြင်း၊ အင်းစိန် အကျဉ်းထောင်အတွင်း ပြုပြင် ဆောင်ရွက်နေသည့် သတင်းများကို ပြည်တွင်းမီဒီယာစာနယ်ဇင်းများ၌ စတင်ဖော်ပြခွင့်ရရှိခဲ့ခြင်း သတင်းသည် ပြည်သူများမဖတ်ဖူးသည့် သတင်းထူးတစ်ပုဒ် ဖြစ်နေခဲ့ပြန်ပါသည်။

သြဂုတ်(၁၉)ရက်

လွှတ်တော်ကိုယ်စားလှယ်လောင်းများစုဝေး၊ ဟောပြော၊ မဲဆွယ်၊ လျှောက်ထား၊ လျှောက်လွှာတင်ရာ တွင်ကော်မရှင်အဖွဲ့ခွဲများက စီစစ်ဆောင်ရွက်မည့် စည်းကမ်းချက်များကို နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ခဲ့သည်။

သြဂုတ်(၂ဝ)ရက်

အများခေါ်သည့် သုံးဆယ် ဆရာတော်(သို့) ဓမ္မသုခဆရာတော်ဘုရားကြီးထံ ဘုရားဖူးလာသူဦးရေသည် ရုံးပိတ်ရက်များတွင် (၁)သိန်းခန့် ရှိခြင်းကြောင့် မေတ္တာရေစင် ရေသန့်ဘူးတွက်ခြေကိုက် စီးပွားဖြစ် အလုပ်ဖြစ်ခဲ့သည့် သတင်းသည် ဘုရားဖူးဧည့်သည်များအတွက် စီးပွားရေးလော၊ ဘာသာရေးလော သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ ထိုနေ့တွင် တိုင်းနှင့်ပြည်နယ်များ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းရုံးများ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီအဖြစ် တစ်နေ့တည်း တစ်ချိန်တည်း ဆိုင်းဘုတ်တင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

သြဂုတ်(၂၁)ရက်

အင်းစိန်အကျဉ်းထောင် အတွင်းရှိ အကျဉ်းသူ/သားများနှင့် အကျဉ်းဦးစီး ဝန်ထမ်းများ အားလုံးကို တစ်နေ့စာ ကျွေးမွေးသည့် အလှူဒါနနှင့် မေတ္တာအခါတော်နေ့ တရားဦးအကြိုကို သီတဂူ ဆရာတော်ဘုရားကြီးက ဟောကြားပေးခဲ့သည်။ (၂ဝ၁ဝ)ပြည့်နှစ်၊










စက်တင်ဘာလ


စက်တင်ဘာ (၈/၉)ရက်

မန္တလေးမြို့တွင်း စံချိန်တင် မိုးရွာသွန်းမှုကြောင့် (၂၆)လမ်း၊ (၉၁)လမ်းမှ (၈၉)လမ်း၊ (၂၃)လမ်းမှ(၂၅)လမ်း၊ (၂၂)လမ်း စစရပ်ကွက်၊ ဆဆ-ရပ်ကွက်၊ အောင်ပင်လယ် (၆၄)ရပ်ကွက်၊ (၅၆)လမ်း၊ မြရည်နန္ဒာမြို့သစ်ရှိ (၅၅)လမ်း တို့တွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ညီသားထွေး၏ သတင်းများက ဆိုသည်။

စက်တင်ဘာ(၁၇)ရက်

ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် သခင်အုန်းမြင့်သည် အသက်(၉၃)နှစ် အရွယ်တွင် ရန်ကင်းမြို့နယ်ရှိ နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။

စက်တင်ဘာ(၂၃)ရက်

သခင်အုန်းမြင့်နှင့်အတူ ဂျာနယ်ကျော်ကိုထုတ်ဝေခဲ့သည့် ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ဂျာနယ်ကျော် မမလေး တို့၏သားငယ် ဆရာမိုးဟိန်း (သား-ဂျာနယ်ကျော်)သည် လည်ချောင်းကင်ဆာရောဂါဖြင့် အသက် (၆၈)နှစ်တွင် ကွယ်လွန်သွားခဲ့သည်။







(၂ဝ၁ဝ)ပြည့်နှစ်၊ အောက်တိုဘာလ

အောက်တိုဘာ(၂)ရက်

ဒီမိုကရေစီအမည်ပါ ဒီမိုကရေစီ မိတ်ဆွေပါတီများ၏ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ပြည်ထောင်စု ဒီမိုကရေစီ ပါတီက ဒီမိုကရေစီအမည်ပါ (၇)ပါတီကိုဖိတ်ကြားခဲ့ရာ ဒီမိုကရက်တစ်ပါတီ(မြန်မာ) မတက်ရောက်ခဲ့သည့် သတင်းသည် ရွေးကောက်ပွဲဝင်မည့် ပါတီနိုင်ငံရေးသမားများအား စိတ်ဝင်စားမှုပိုခဲ့သည်။

အောက်တိုဘာလ(၄)ရက်

ပါတီစည်းရုံးရေးများ စတင်ခွင့်ပြုလိုက်သည့်အချိန်၌ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာခင်ရွှေနှင့်အတူ သရုပ်ဆောင်မင်းသား၊ မင်းသမီးနှင့်လူရွှင်တော်များ လိုက်ပါ စည်းရုံးခဲ့သည့်သတင်းသည်လည်းပြည်သူများကြား နိုင်ငံရေး အနုပညာ သတင်းအဖြစ်စိတ်ဝင်စားမှုပိုခဲ့သည့် သတင်းဖြစ်ခဲ့သည်။

အောက်တိုဘာ(၇)ရက်

သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဓမ္မရောင်ခြည်ကျောင်းလမ်းတွင် နေထိုင်သူ စာရေးဆရာကြီး တက္ကသိုလ် ဘုန်းနိုင်၏ဇနီး ဒေါ်နီနီခင်သည်နေအိမ်တွင် အကြမ်းဖက်လုယက်ခံရသည့် သတင်းသည်လည်း သတင်းဂျာနယ်တိုင်း ကဖော်ပြခဲ့သည့် နာမည်ကြီးသတင်းတစ်ပုဒ်အဖြစ် ကျော်ကြားခဲ့သည်။

အောက်တိုဘာ(၁ဝ)ရက်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ ''ပိုက်ဆံမကောက်ပါနဲ့၊ လမ်းလုပ်တဲ့ကိစ္စမှာ ပိုက်ဆံလုံးဝ မကောက်ပါနဲ့၊ အလွန်စေတနာရှိတယ်၊ ပိုက်ဆံလှူပါရစေဆိုလည်း လုံးဝလက်မခံဘူး'' ဝလက်မခံဘူး''ဟု ပြောကြားခဲ့သည့် မော်နီတာသတင်းဂျာနယ်တွင် ဖော်ပြခဲ့သော သတင်းဆောင်းပါးသည် လမ်းကြို၊ လမ်းကြားမှရပ်ကွက်၊ မြို့ရွာမကျန်ခေတ်စားခဲ့သည့် သတင်းဆောင်းပါးဖြစ်ခဲ့ကြောင်း စာဖတ်ပရိသတ်များက ဆိုကြသည်။

အောက်တိုဘာ(၁၁)ရက်

မိတ္ထီလာမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂဠုန်ကုန်းကျေးရွာ အုပ်စုရှိခါးကော့၊ ရှင်မြို့၊ ရွာမကျေးရွာ (၃)ရွာတို့ ရေနစ်မြုပ်ခဲ့ကြောင်း ကျော်မင်းအောင်၏ သတင်းများက ပြောဆိုခဲ့သည်။

အောက်တိုဘာ(၁၉)ရက်

နေပြည်တော်၌ကျင်းပသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုးမှ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးစာနယ်ဇင်း ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ရွေးကောက်ပွဲတွင် ပြည်တွင်းသတင်းထောက်များနှင့် နိုင်ငံခြားသတင်းသမားများ အတွက် သတင်းယူခွင့်ရ/မရမေးမြန်းခဲ့သည့် စာနယ်ဇင်းဆရာတစ်ဦး၏ မေးခွန်းသည် ရွေးကောက်ပွဲ၌ သတင်းသမားများ သတင်းယူခွင့်ရရှိစေခဲ့သည့် မေးခွန်းတစ်ခု ဖြစ်ခဲ့နိုင်ကြောင်း စာနယ်ဇင်းအသိုင်းအဝိုင်းက ဆိုကြသည်။

အောက်တိုဘာ(၂၃)

၂ဝဝ၈ခုနှစ် ဖွဲစည်းပုံအခြေခံ ဥပဒေတွင်ပါရှိသည့် သုံးရောင်ခြယ်နိုင်ငံတော်အလံသစ်ကို ယင်းနေ့ညနေ(၃)နာရီ တွင် ဌာနဆိုင်ရာတိုင်း၌စတင်ပြောင်းလဲလွှင့်ထူခဲ့သည်။

အောက်တိုဘာ(၂၇)ရက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)မှ အထွေထွေအတွင်း ရေးမှူးဦးဋ္ဌေးဦး၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၊ ပါတီဌာနချုပ်မှူး သူရဦးမြင့်ဦးတို့မှ စာနယ်ဇင်းရှင်းလင်းပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ပုဂ္ဂလိက သတင်းမီဒီယာနှင့် နိုင်ငံခြားသတင်းထောက်များသာ တက်ရောက်ခဲ့ပြီး နိုင်ငံပိုင်သတင်း မီဒီယာများကို မတွေ့ခဲ့ရသောကြောင့် ထူးခြားသော ပုဂ္ဂလိကစာနယ်ဇင်း ရှင်းလင်းပွဲတစ်ခုဖြစ်ခဲ့သည်။

အောက်တိုဘာ(၃ဝ/၃၁)

သံဃာအစည်းအဝေးကြီးတွင် မြန်မာနိုင်ငံမှသီတဂူဆရာတော် ဘုရားကြီးနှင့် ထိုင်းနိုင်ငံမှ သံဃာတော်များက အင်ဒို နီးရှားနိုင်ငံ၌ ကျရောက်သော သဘာဝဘေးဒဏ်အားလုံး ချုပ်ငြိမ်းစေကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသူ နိုင်ငံသားတို့ ဘေးဒုက္ခမှလွတ်စေကြောင်းကို မြန်မာနှင့်ထိုင်း သံဃာပေါင်း (၁ဝဝဝ)တို့က ဆုတောင်းမေတ္တာပို့သကာ မဟာသံဃာ သိန္ဒိပါတ အခမ်းအနားကြီး အောင်မြင်စွာ ပြီးဆုံးခဲ့သည့်သတင်းကို ကြားရသူအပေါင်းကြည်နူးဝမ်းမြောက်ခဲ့ကြရသည်။







၂ဝ၁ဝပြည့်နှစ်၊ နိုဝင်ဘာလ

နိုဝင်ဘာလ(၅)ရက်

တရားဝင်ကြိုတင်မဲများကိုစတင်ကောက်ခံခဲ့သည်။

နိုဝင်ဘာ(၇)ရက်

မြန်မာတစ်ပြည်လုံး ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ တိုင်းနှင့် ပြည်နယ် (၁၈)နေရာ၌ ပြည်တွင်းစာနယ်ဇင်း သတင်းထောက်များနှင့် နိုင်ငံခြားသံတမန်များသည် သတ်မှတ်မဲရုံ (၁၈)နေရာ၌ အနီးကပ်သတင်းယူခွင့် ရရှိခဲ့ကြသည်။ ယင်းနေ့နံနက် (၆)နာရီမှ ညနေ(၄)နာရီထိ မြန်မာတစ်ပြည်လုံးမှ မဲဆန္ဒပေးခွင့်ရှိသူများက မဲရုံသို့သွား၍ ဆန္ဒမဲပေးခဲ့ကြသည်။

နိုဝင်ဘာလ(၁၃)ရက်

နေအိမ်အကျယ်ချုပ်ဖြင့် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့သည် ညနေ(၅)နာရီ (၁၅)မိနစ်၌ ပြန်လည် လွတ်မြောက်လာခဲ့ခြင်း သတင်းကြောင့် အမျိုးသားဒီမိုကရေစီ ဌာနချုပ်ရုံးရှေ့၌ သော်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် တက္ကသိုလ်ရိပ်သာလမ်း၌ သော်လည်းကောင်း၊ ဧည့်ပရိသတ် များစည်ကား ပြည့်လျှံခဲ့သည့် သတင်းသည် (၂ဝ၁ဝ) ပြည့်နှစ်၊ တစ်နှစ်လုံး၏ ဒုတိယမြောက် မြန်မာတစ်ပြည်လုံးသာမက နိုင်ငံတကာကပါ စိတ်ဝင်စားခဲ့သည့် သတင်းဖြစ်ခဲ့သည်။

နိုဝင်ဘာ(၁၇)ရက်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ City Star ဟိုတယ်အောက်ထပ်ရှိ Star Net အင်တာနက်ဆိုင်၌ ချိန်ကိုက်ဗုံး (၄)လုံးကို တွေ့ရှိ၍ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ အချိန်မီဖြေရှင်းနိုင်ခဲ့သည့် သတင်းသည် ယင်းနေ့ ညနေ(၆)နာရီခွဲတွင် သတင်းသမားများထံ ပျံ့လွင့်ခဲ့သည်။ ယင်းနေ့ည (၇)နာရီခွဲခန့်အချိန်တွင် ရွှေတိဂုံစေတီထီးတော် အတွင်း 'ခို' တစ်ကောင်ပျံသန်း၍ မလွတ်မြောက်ရာမှ ဖောင်းရစ်အပေါ်ပိုင်းမှ သွေးများစီးကျလာသည့် သတင်းသည် ဂေါပကလူကြီးများ အံ့သြရလောက်အောင် ကောလဟလအဖြစ်လိုလို ပျံ့နှံ့ခဲ့သည်။

နိုဝင်ဘာလ (၂၃)ရက်

ဗြိတိန်နိုင်ငံသားခံယူထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် Kim Eris (ခ)ကိုထိန်လင်းသည် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိပြီး မြန်မာပြည်သို့ (၂)ပတ်ကြာလာ ရောက်လည်ပတ်ခဲ့သော သတင်းသည်လည်း နူးညံ့သော မြန်မာပြည်သူများ၏ နှလုံးသားတွင် မျက်ရည်စို့ခဲ့ရသည့် ဝမ်းသာစရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

နိုဝင်ဘာလ(၂၅)ရက်

ကိုရီးယားမင်းသားဂျူမုံ(သို့မဟုတ်) ဆောင်အီလ်ဂွတ်နှင့် အမျိုးသမီး သရုပ်ဆောင် လီဟားနားတို့ မြန်မာပြည်သို့ ရောက်ရှိလာခဲ့သည့် သတင်းသည် မြန်မာပြည်မှ ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်များအတွက်သာ စိတ်ဝင်စားမှုရရှိခဲ့သည့် သတင်းဖြစ်ခဲ့သည်။

နိုဝင်ဘာလ(၂၆)ရက်

သာကေတမြို့နယ်၊ (၁၂)ရပ်ကွက်တွင် မီးအားမြှင့်စက်အပူလွန်၍ ပေါက်ကွဲခဲ့ရာ နေအိမ်(၁၅)လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်။

နိုဝင်ဘာ(၂၈)ရက်

ရန်ကုန်မြို့၊ သုဝဏ္ဏအမျိုးသား အားကစားပြိုင်ပွဲရုံ(၁)တွင် Sky Net မှဖျော်ဖြေတင်ဆက်သည့် Iron Cross တေးဂီတရှိုးပွဲတွင် ပရိသတ်များ အံ့သြဘနန်းဖြစ်သွားရသည်။ Rocker ကြီးလေးဖြူကို လူငယ်ပရိသတ်တစ်ဦးက ထိုင်ကန်တော့လိုက်စဉ် လျှပ်တစ်ပြက် သတင်းဂျာနယ်မှ ဓာတ်ပုံဆရာ ဇော်မင်းနိုင်က လျှပ်တစ်ပြက် ရိုက်ယူနိုင်ခဲ့သည်။ ယင်းသတင်းသည် လှုပ်လှုပ်ရှားရှား ထူးခြားသွားစေခဲ့သည်။







(၂ဝ၁ဝ)ပြည့်နှစ်၊ ဒီဇင်ဘာလ

ဒီဇင်ဘာ(၅)ရက်

နိုဝင်ဘာ(၇)ရက်တွင် ကျင်းပသော ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၃၂၅)နယ်အနက် (၂၅၉)နယ်၌လည်းကောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁၆၈)နယ် အနက်(၁၂၉)နယ်၌ လည်းကောင်း၊ တိုင်းဒေသကြီး မဲဆန္ဒနယ်(၆၆၁)နယ် အနက်(၄၉၄)နယ်၌ လည်းကောင်း၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၁၁၅၄)နေရာ အနက် (၈၈၂)နေရာ အောင်နိုင်ခဲ့ခြင်းကြောင့် ပြည်သူသို့ ကျေးဇူးတင်လွှာကို နိုင်ငံပိုင်သတင်းစာမှ မြန်မာတစ်ပြည်လုံးသို့ အသိပေးကြော်ငြာ ခဲ့သည်။

ဒီဇင်ဘာ(၄)ရက်

ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံရှေ့၌ အောင်ချမ်းသာရပ်ကွက်နေ လူအုပ်စုအဖွဲ့မှ တွေ့တဲ့လူရိုက်ကွာ၊ ကားသမားဆို အကုန် ရိုက်ကွာဟုဆိုကာ အရိုက်ခံရသူ Taxi ယာဉ်မောင်း ကိုတင်မောင်ဆွေ ဆိုသူသည် မိသားစုဝင် တစ်ဦး၏ပြောပြချက်အရ ရန်ငြိုးရန်စများမရှိပါဘဲ အလွတ်သက်သက် အရိုက်ခံရ၍ သေဆုံးခဲ့ခြင်းကြောင့် ဥပဒေကိုချိုး ဖောက်သူအား ရှာဖွေဖော်ထုတ်၍ ထိုက်သင့်သည့် အရေးယူပေးကြပါရန် လျှပ်တစ်ပြက်သို့ ရင်ဖွင့်ကြေကွဲခဲ့သည်။

ဒီဇင်ဘာ(၁ဝ)ရက်

နှင်းရည်၊ နှင်းစက်နှင့် မြူနှင်းတို့ဝေသည့် ဒီဇင်ဘာဆောင်းနှင်း စစ်စစ်ကြီးတွင် မိုးရေစစ်စစ်ပေါက်ပေါက် (၂)ရက်ဆက်တိုက် ရွာသွန်းခဲ့ခြင်းများကြောင့် ရိတ်သိမ်းခြွေလှေ့ဆဲ မိုးစပါးများအတွက် ထမင်းစားပြည်သူများ စိုးရိမ်ရေမှတ် မြင့်တက်ခဲ့ကြသည်။ မှတ်ချက်။ ဖော်ပြပါသတင်းများသည် (၂ဝ၁ဝ)ပြည့်နှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း လျှပ်တစ်ပြက် သတင်းဂျာနယ်နှင့် မော်နီတာသတင်းဂျာနယ်တွင် ဖော်ပြခဲ့သည့် သတင်းများသာဖြစ်ပါသည်။


Cradit : http://www.snapshot-news.com/index.php?option=com_content&view=article&id=7155:2011-01-03-12-45-19&catid=481:vol3-no17&Itemid=120

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်