ချစ်သော ပရိသတ်များသို့ 
၂၀၁၀ ပြည့်နှစ်အတွင်း လူထုရဲ့ စိတ်ဝင်စားမှု အခံရဆုံး မြန်မာ့နိုင်ငံရေး သတင်းများကို ကျွန်တော်တို့   ကြိုးစား စုစည်း တင်ဆက်ပေးလိုက်ပါတယ်။ ဒီသတင်း ရီဗျူးလေးဟာ   မြန်မာအွန်လိုင်းစာမျက်နှာများပေါ်မှာ ပရိသတ်များ ကြိုက်နှစ်သက်ကြတဲ့   သတင်းမှတ်တိုင်လေးတစ်ခု၊ အချင်းချင်း ဝေမျှစရာ သတင်းရီဗျူးလေးတစ်ခု   ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ၀မ်းမြောက်မိမှာပါ။ ဆက်လက်ပြီး ကဏ္ဍအလိုက် ၂၀၁၀   ဆိုင်ရာ သတင်းရီဗျူးများကို တင်ဆက်ပေးသွားဦးမှာမို့ စောင့်မျှော်ဖတ်ရှု   နိုင်ပါတယ်။
mmDailyNews အယ်ဒီတာများ စုစည်း ရေးသားသည်
 ဒေါ်အောင်ဆန်းစုကြည်နှင့်  ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ 
 ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ၀န်ကြီးအဖြစ်  ခန့်အပ်ထားသော  ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်န၀ါရီလ ၁၅  ရက်နေ့က   စိမ်းလဲ့ကန်သာ နိုင်ငံတော်အိမ်တော်၌ တွေ့ဆုံဆွေးနွေးမှု  ပြုလုပ်ခဲ့သည်။
 ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ၁၉၉၀ ပြည့်နှစ် ရလဒ်အား  ပယ်ဖျက်ကြောင်း ကြေညာ 
 နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက  ၁၉၉၀  ရွေးကောက်ပွဲ ရလဒ်များကို အရေးယူ ဆောင်ရွက်ခြင်း တစ်စုံတစ်ရာ မရှိဘဲ   ပျက်ပြယ်ပြီ ဖြစ်ကြောင်းနှင့် ဆယ်စုနှစ် နှစ်ခုခန့်အတွင်း ပထမဦးဆုံး   အကြိမ်ဖြစ်သည့် ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများကို   နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနများမှ မတ်လ ၈ ရက်နေ့က  ကြေညာခဲ့သည်။
 ရွေးကောက်ပွဲ ကော်မရှင် စတင်ဖွဲ့စည်း 
 ပြည်ထောင်စု  မြန်မာနိုင်ငံတော်၏ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ  ကော်မရှင်ကို  အငြိမ်းစား  စစ်ဥပဒေချုပ် ဦးသိန်းစိုး ဦးဆောင်စေ၍  ဖွဲ့စည်းကြောင်း မတ်လ ၁၀ ရက်နေ့က  ကြေညာခဲ့သည်။
 ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများကို  ကြေညာ 
ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ  နည်းဥပဒေများကို မတ်လ ၁၇ ရက်နေ့က ကြေညာခဲ့သည်။
 NLD ပါတီ ရွေးကောက်ပွဲ  မ၀င်ဖြစ်တော့ခြင်း 
 ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထောက်ခံမဲ အများစု  ရရှိခဲ့သည့်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် နိုင်ငံရေး  ပါတီအဖြစ် ထပ်မံ   မှတ်ပုံမတင်ရန် ဗဟိုဦးစီး အဖွဲ့ဝင်များက တညီတညွတ်တည်း ဆုံးဖြတ်၍ မတ်လ ၂၉   ရက်နေ့က  ထုတ်ပြန်ကြေညာကာ ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းမှ ထွက်ခွာ ခဲ့သည်။
 တည်ဆဲ  တပ်မတော် အစိုးရဘက်မှ ရွေးကောက်ပွဲဝင်ရန် စတင် ဖွဲ့စည်း 
 ဧပြီလကုန်ပိုင်းတွင်  တည်ဆဲအစိုးရ၏ အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့နှင့်  အရာရှိကြီး အချို့  တပ်မတော်ရာထူးများမှ အနားယူခဲ့ကြပြီး ၁၉၉၃ ခုနှစ်က  စတင်၍ လူမှုရေး  အသင်းအဖွဲ့အဖြစ်  ဖွဲ့စည်းထားသော ပြည်ထောင်စု  ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို  ပြည်ထောင်စု  ကြံ့ခိုင်ရေးနှင့်  ဖွံ့ဖြိုးရေး ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ကြသည်။
 အမေရိကန်  လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည်သို့ လာရောက် 
 အမေရိကန် ပြည်ထောင်စု  နိုင်ငံခြားရေး ၀န်ကြီးဌာန၏ အရှေ့အာရှနှင့်  ပစိဖိတ်ရေးရာ လက်ထောက်  နိုင်ငံခြားရေး  ၀န်ကြီး မစ္စတာ ကာ့တ်ကမ်ပဲလ် သည်  မေလ ၉ ရက်နေ့က မြန်မာနိုင်ငံသို့  ရောက်ရှိခဲ့ပြီး   ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်။
 စက်သုံးဆီဆိုင်များ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့   
 
   
ပုဂ္ဂလိက  စက်သုံးဆီ အရောင်းဆိုင်တစ်ခု 
နှစ်ဆန်းပိုင်းတွင် နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင်များ  အားလုံးကို   ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် ဇွန်လ ၁၀    ရက်နေ့တွင် ပုဂ္ဂလိကပိုင် စက်သုံးဆီအရောင်းဆိုင်များ တစ်နိုင်ငံလုံး   တစ်ပြေးညီ  ဖွင့်လှစ်ခဲ့သည်။
 ၆၃ ကြိမ်မြောက်  အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီများ တက်ရောက်ခွင့်  စတင်ရရှိ 
 ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးခဲ့ကြသော   မြန်မာ့အမျိုးသားခေါင်းဆောင် အာဇာနည်ကြီးများအား တသလွမ်းဆွတ် ဂါရ၀ပြုသော   အထိမ်းအမှတ်ဖြင့် ၆၃ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပမြဲအတိုင်း    ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ နံနက် ၈  နာရီအချိန်တွင်  ကျင်းပခဲ့ရာ နိုင်ငံရေးပါတီများ ဆယ်စုနှစ်များအတွင်း  ပထမဆုံးအကြိမ် စတင်  တက်ရောက်ခွင့် ရရှိခဲ့ကြသည်။
အာဆီယံနိုင်ငံများ အပေါ်  ဟီလာရီကလင်တန်၏ အမြင်
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး  ဟီလာရီ ကလင်တန်က အာဆီယံနှင့်  သက်ဆိုင်သော  ဒေသတွင်း ဖိုရမ်များသည်  အာရှတိုက် လုံခြုံရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက  ကျသော  ဗိသုကာများပင် ဖြစ်ကြောင်း  ဗီယက်နမ်နိုင်ငံသို့ ဇူလိုင်လက ရောက်ခဲ့စဉ်   သုံးသပ်ပြောကြားခဲ့သည်  ။
  
 
မြန်မာသံရုံးမရှိသော နိုင်ငံမှ  နိုင်ငံသားများမှ လွဲ၍ မည်သည့်  နိုင်ငံခြားသား ခရီးသည်ကိုမှ ဆိုက်ရောက်ဗီဇာ မပေးတော့ဟုဆို
မြန်မာနိုင်ငံတွင် ယခုနှစ် မေလ ၁ရက်နေ့က စတင်၍  ပထမဆုံး စတင်   ကျင့်သုံးခဲ့သည့် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးသည့်  စနစ်ကို   စက်တင်ဘာလ ၁ ရက်နေ့တွင် ရပ်နားခဲ့ပြီး ယခုလ ၈ ရက်နေ့မှ စတင်၍   ခြွင်းချက်ဖြင့်သာ   ကျင့်သုံးတော့မည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်မှု   ညွှန်ကြားရေးဦးစီးဌာနမှ  ကြေငြာချက်များ ထုတ်ပြန်ခဲ့သည်။
  
 
အာဆီယံနိုင်ငံ အချင်းချင်း ကုန်သွယ်ခွန် ကင်းလွတ်ခွင့်   (AFTA) ကို ၂၀၁၁  ခုနှစ်တွင် စတင်ကျင့်သုံးတော့မည်ဟု ကြေညာ
အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ ဒေသတွင်း တစ်နိုင်ငံနှင့်    တစ်နိုင်ငံကြား ကုန်သွယ်ခွန် ကင်းလွတ်ခွင့်စနစ်ဖြင့် ကုန်သွယ်မှုကို ၂၀၁၁   ခုနှစ်  ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်၍ ကျင့်သုံးတော့မည် ဖြစ်ပြီး   လုပ်ငန်းလိုအပ်ချက်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း   စက်တင်ဘာ ၁၈ ရက်နေ့က သတင်းရရှိသည်။
 
 တရားမ၀င်ယာဉ်များ  လိုင်စင်ထုတ်ပေးနေခြင်းကို တစ်နိုင်ငံလုံး  အတိုင်းအတာဖြင့် ရပ်ဆိုင်း
တရားမ၀င်ယာဉ်များ  လိုင်စင်ထုတ်ပေးနေခြင်းကို တစ်နိုင်ငံလုံး  အတိုင်းအတာဖြင့် ရပ်ဆိုင်း
တရားမ၀င်မော်တော်ယာဉ်များကို ၈၅%  အခွန်ဆောင်စေ၍   လိုင်စင်ထုတ်ပေးနေခြင်းကို စက်တင်ဘာ ၂၃ ရက်နေ့မှ စ၍ တစ်နိုင်ငံလုံး   အတိုင်းအတာဖြင့် ရပ်ဆိုင်းခဲ့သည်။
 မြ၀တီ၊ တာချီလိတ်၊ ကျိုင်းတုံ၊  မူဆယ်၊ ကော့ကရိတ်၊ ဘားအံ၊ မော်လမြိုင်  စသော နယ်မြို့များတွင် စက်တင်ဘာ  လဆန်းမှစ၍ ဤလုပ်ငန်းစဉ်ကို ရပ်နားခဲ့ပြီး  စက်တင်ဘာ လကုန်ပိုင်းတွင်မူ  တစ်နိုင်ငံလုံး အတိုင်းအတာနှင့်  ရပ်နားလိုက်ခြင်း ဖြစ်သည်။
 ဆင်ဖြူတော် တစ်စီး ထပ်မံ ပေါ်ထွန်းလာခဲ့
 စက်တင်ဘာလ  ၂၃ ရက်နေ့တွင် နိုင်ငံပိုင် မီဒီယာများက ပဉ္စမမြောက် ဆင်ဖြူတော်  ပေါ်ထွန်းကြောင်း  ကြေညာခဲ့သည်။
 ထိုင်း-မြန်မာ နယ်စပ်၌ လက်နက်ကိုင်“၀”လူမျိုးအချို့နှင့် ထိုင်းစစ်တပ်တို့  ပစ်ခတ်မှုများ  ဖြစ်ပွားခဲ့
  
 
စက်တင်ဘာ ၂၇ နေ့က  ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနှင့်နယ်စပ်၌   လက်နက်ကိုင်“၀”လူမျိုးအချို့နှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုများ   ဖြစ်ပွားခဲ့ပြီး  ထိုင်းစစ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း Bangkok Post  သတင်းအရ  သိရှိရသည်။ အိတ်များသယ်ယူလာသော “၀”လူမျိုးလက်နက်ကိုင်  (၆)ယောက်အုပ်စုတစ်စု  (၀.ပြည်ထောင်စုတပ် UWSAမှဟု သတင်းစာက ဖော်ပြထား)က  မြန်မာနယ်စပ်မှ  ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ဒေသရှိ Doi Langသို့   ဖြတ်ကျော်ဝင်ရောက်လာစဉ်  ထိုင်းစစ်တပ်က စစ်ဆေးကြည့်ရှုရန်  ရပ်တန့်ခိုင်းခဲ့ရာမှ သေနတ်ပစ်ခတ်မှု  စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း  ထိုင်းစစ်တပ်မှ Col Somsak Nin-ubon ၏  ပြောကြားချက်များဖြင့်  ဘန်ကောက်ပို့စ်သတင်း၌ ဖော်ပြသွားခဲ့သည်။
ရွေးကောက်ပွဲနှင့်  ရက်တိုက်နေသော  MNL ပွဲစဉ်များ ရက်ရွှေ့ပြောင်း  ကျင်းပခဲ့
၂၀၁၀  နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ  ရွေးကောက်ပွဲနှင့်  ရက်တိုက်လျှက် ရှိသော မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကို   ရက်ရွှေ့ဆိုင်း  ကျင်းပခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပရန်  တစ်ရက်အလို ဖြစ်သော နိုဝင်ဘာ  ၆ ရက်နေ့ တောင်ကြီးမြို့တွင် ကျင်းပမည့်  ကမ္ဘောဇအသင်းနှင့်  ဥဿာယူနိုက်တက်တို့ ပွဲစဉ် နှင့် မုံရွာမြို့တွင်  ကျင်းပမည့်   ဇေယျာရွှေမြေအသင်းနှင့် ရတနာပုံအသင်းတို့ ပွဲစဉ် နှစ်ခုကို တစ်ရက်စောကာ   နိုဝင်ဘာလ ၅  ရက်နေ့တွင် ကျင်းပသွားခဲ့ပြီး ရွေးကောက်ပွဲ ရက်နှင့်  တိုက်နေသော နိုဝင်ဘာ  ၇ရက်နေ့ သုဝဏ္ကကွင်းတွင် ကျင်းပမည့် နေပြည်တော်FCနှင့်  မကွေးFC  တို့ပွဲစဉ်ကို  နိုဝင်ဘာ၉ရက် သို့မဟုတ် ၁၀ ရက်နေ့သို့  ရွှေ့ပြောင်း ကျင်းပခဲ့သည်။
နိုင်ငံတကာမှ  ရွေးကောက်ပွဲလေ့လာရေး အဖွဲ့များကို ဖိတ်ကြားရန်  အစီအစဉ်မရှိဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ပြောကြားခဲ့

 
၂၀၁၀   ရွေးကောက်ပွဲတွင် ပြည်တွင်းရှိ သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂမှ   တာဝန်ရှိသူများမှ အပ ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး   အဖွဲ့အစည်းများကို  ဖိတ်ကြားရန် ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်တွင်  အစီအစဉ် မရှိကြောင်း၊  နိုင်ငံတကာမှ သတင်းထောက်များ လာရောက်ခွင့် ပြု မပြု  ဆိုသည့်ကိစ္စမှာ  ပြန်ကြားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး  ၀န်ကြီးဌာန စသည့်  သက်ဆိုင်ရာ  ၀န်ကြီးဌာနများ၏ အပိုင်းသာ ဖြစ်ကြောင်း  ပြည်ထောင်စု ရွေးကောက်ပွဲ  ကော်မရှင်ဥက္ကဌ  ဦးသိန်းစိုးမှ ယခုလ ၁၈ ရက်နေ့က  နေပြည်တော်တွင် သတင်းထောက်များသို့  ပြောကြားခဲ့သည်။
သံတမန်များသည်  သက်ဆိုင်ရာ နိုင်ငံများ၏  ကိုယ်စားလှယ်များ ဖြစ်သောကြောင့်  ထိုနိုင်ငံအသီးသီးမှ လူများကို  ထပ်မံဖိတ်ကြားရန်  မလိုတော့ဟု  ထင်မြင်မိကြောင်း၊ မြန်မာနိုင်ငံသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍   အတွေ့အကြုံရှိကြောင်း၊ ရွေးကောက်ပွဲဟူသည် အခြားနိုင်ငံများအတွက် မဟုတ်ဘဲ   မိမိတို့  နိုင်ငံအတွက်သာ ဖြစ်၍ ပြည်သူလူထု ရှေ့မှောက်တွင် ရွေးကောက်ပွဲ  အောင်မြင်စွာ   ကျင်းပနိုင်ခဲ့လျှင် ပြည်သူအများ၏ ယုံကြည်မှုကို ရရှိလာမည်  ဖြစ်ကြောင်း  ယခုလ ၁၈  ရက်နေ့၊ နေပြည်တော်တွင် ကျင်းပခဲ့သော  ရွေးကောက်ပွဲအကြို  ပြင်ဆင်ထားမှုလုပ်ငန်းများ   ရှင်းလင်းဆွေးနွေးခြင်းနှင့် မဲရုံတွင် မဲပေးပုံ သရုပ်ပြပွဲတွင်   ပြည်တွင်းပြည်ပမှ  သတင်းထောက်များ၏ မေးမြန်းမှုကို ဤကဲ့သို့  ပြန်ကြားခဲ့ခြင်း ဖြစ်သည်ဟု  အဆိုပါပွဲတွင်  တက်ရောက်ခဲ့သူ  ပြည်တွင်းသတင်းထောက် တစ်ဦးက mmDailyNews သို့   ပြောပြခဲ့သည်။
 
မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ မြန်မာနိုင်ငံ  အမျိုးသား  အားကစားဥယျာဉ်ကို တည်ဆောက်မည်


မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ အမျိုးသား   အားကစားဥယျာဉ် တစ်ခုကို တည်ဆောက်တော့မည်ဟု သိရသည်။ အရှေ့တောင်အာရှနှင့်   အာရှ အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်ရန် အတွက် ရည်ရွယ်ဆောက်လုပ်သော   အဆိုပါ အမျိုးသား အားကစားဥယျာဉ်သည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၆၈   လမ်းနှင့် ၇၃ လမ်းကြား၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြား ၁၂၄ ဧက အကျယ်ရှိသော   မြေပေါ်တွင် ဆောက်လုပ်သွားမည်ဟု ကြားသိရသည်။
 မြန်မာနိုင်ငံ   အမျိုးသား အားကစားဥယျာဉ် စီမံကိန်းတွင် ပရိသတ် သုံးသောင်းဆန့်   ဘောလုံးကွင်းတစ်ကွင်း၊ ပိုက်ကျော်ခြင်း အလေးမ တင်းနစ် ဘိုးလင်း   စသည်တို့အတွက် အားကစားရုံများ၊ ရေကူးကန်၊ သေနတ်ပစ်ကွင်း၊ မြားပစ်ကွင်းနှင့်   စက်ဘီး လေ့ကျင့်ရေးကွင်းများကို ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ကြောင်း   သတင်းရရှိသည်။

အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ  တန်ဖိုးရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်း  ဘက်စုံစီမံကိန်း

   သင်္ဘောဆိပ်ကမ်း၊ အကြီးစားနှင့်  အလတ်စား စက်ရုံများ ရေနံလှောင်ကန်များ  နှင့်  ကျောင်းများ ဆူပါမားကတ်များ၊  ပန်းခြံများ၊ ကွန်ဒိုတိုက်ခန်းများ  ပါဝင်သော  မြို့တစ်မြို့တို့ပါဝင်သော ဇုန်ငါးဇုန်  ခွဲခြား ထားသည့်   ထားဝယ်ရေနက်ဆိပ်ကမ်း ဘက်စုံစီမံကိန်းကို ထိုင်းနှင့် အီတလီ  ပူးတွဲကုမ္ပဏီ   မှ အမေရိကန် ၁၃ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်သွားမည်ဟု  သတင်းရရှိသည်။
 အဆိုပါ မြန်မာ့ပထမဆုံး အထူးစီးပွားရေးဇုန် (Special Economic Zone)  ဖြစ်သည့်  ထားဝယ်ရေနက်ဆိပ်ကမ်း  စီမံကိန်းတွင် တန်ချိန် နှစ်သောင်းမှ  ငါးသောင်းအထိ ရှိသော   ပင်လယ်ကူးသင်္ဘောကြီးများ ၂၅ စင်းအထိ တပြိုင်နက်  ဆိုက်ကပ်နိုင်မည် ဖြစ်သော   ဆိပ်ခံတံတား ၂၂ ခု၊ သင်္ဘောတည်ဆောက်ပြုပြင်ရေး  စက်ရုံများ၊ ရေနံထုတ်လုပ်ရေး   စက်ရုံများ၊ သံမဏိစက်ရုံ၊ တစ်နေ့လျှင်  မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်မည်  ဖြစ်သော  ရေအားလျှပ်စစ် စက်ရုံများနှင့်  ရေနံပိုက်လိုင်းများ ပါဝင်မည်  ဖြစ်သည်။
 အဆိုပါ   အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်း နယ်စပ်ဒေသအထိ  အရှည် ၁၀၆ မိုင်ရှိ  ရှစ်လမ်းသွား  အဝေးပြေးလမ်းမကြီးကို ဖောက်လုပ်သွားမည်  ဖြစ်ပြီး  အဆိုပါလမ်းမကြီးသည် ထိုင်းနိုင်ငံ  ကန်ချနာဘူရီမြို့၊  ဘန်ကောက်မြို့၊  ကမ္ဘောဒီးယားနိုင်ငံ ဆစ်ဆိုဖုန်မြို့သို့  ရောက်ရှိမည်  ဖြစ်ပြီး  ဆစ်ဆိုဖုန်မြို့တွင် လမ်းမကြီးနှစ်ခု ထပ်မံခွဲသွားမည် ဟု  သိရသည်။
 နိုင်ငံတော် အလံသစ်ကို စတင် ပြောင်းလဲ အသုံးပြု

   
ဝါစိမ်းနီ  သုံးရောင်ခြယ် ကြယ်ဖြူ တစ်လုံးပါ နိုင်ငံတော် အလံသစ်ကို  အောက်တိုဘာလ ၂၁  ရက်နေ့  နေ့လယ် ၃ နာရီ ကျော်ခန့်က တစ်နိုင်ငံလုံး စတင်  လွှင့်ထူ ပြောင်းလဲ  အသုံးပြုစေခဲ့သည်။
 နှစ်နှစ်ဆယ်အတွင်း ပထမဆုံး အနေဖြင့် ပါတီစုံ ရွေးကောက်ပွဲ  ကျင်းပ
   မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၂၀ ခန့်အတွင်း ပထမဆုံး ဖြစ်သည့် ပါတီစုံ   ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့က တစ်နိုင်ငံလုံး၌   ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏  ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင်   တည်ဆဲအစိုးရ၏  တရားဝင်ခွင့်ပြုချက်ဖြင့်  သတင်းယူခဲ့ကြသည့်  ပြည်ပသတင်းဌာနပေါင်း ၁၉ ခု  ခန့် ရှိခဲ့သည်။
 မြန်မာနိုင်ငံ၏  လူဦးရေ ၅၉  သန်းကျော်တွင်  မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော် ရှိပြီး၊  ရွေးကောက်ပွဲဝင် ပါတီ ၃၇   ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၀၇၁ ဦး၊  တစ်သီးပုဂ္ဂလ  ကိုယ်စားလှယ်လောင်း ၈၂  ဦး၊ စုစုပေါင်း ၃၁၅၃ ဦး တို့သည်  လွှတ်တော်သုံးရပ်၏  အမတ်နေရာ ၁၁၇၁ နေရာတို့အတွက်  မဲရုံပေါင်း လေးသောင်းခန့်  မှ ရလဒ်များဖြင့်  ယှဉ်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲ အပြီးတွင်  ပြည်ထောင်စု  ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်  သုံးရပ်ပေါင်းတွင် ပျမ်းမျှ  ၈၀%  ခန့် အနိုင်ရရှိသွားခဲ့သည်။
 
မြ၀တီမြို့အတွင်းသို့  လက်နက်ကြီးများဖြင့်  ပစ်ခတ်ခဲ့မှုကြောင့်  ပြည်သူအချို့ သေဆုံးဒဏ်ရာများ ရရှိ၊  ဘုရားသုံးဆူမြို့တွင်လည်း တိုက်ပွဲများ   ဖြစ်ပွါး 
 
  
ကေအန်ယူ    အဖွဲ့တစ်ဖွဲ့သည် နိုင်ဝင်ဘာလ ၈ ရက်နေ့ (ရွေးကောက်ပွဲ ကျင်းပပြီးသည့်   နောက်တစ်ရက်)  နံနက် ၈ နာရီ ၄၅ မိနစ်က ကရင်ပြည်နယ် မြ၀တီမြို့၏ တောင်ဖက်မှ   လက်နက်ကြီးများဖြင့်  ပစ်ခတ်ခဲ့သဖြင့် မြ၀တီမြို့တွင်း ငါးနေရာသို့  ကျရောက် ပေါက်ကွဲခဲ့ရာ ဒေသခံ  ပြည်သူ  သုံးဦး သေဆုံးပြီး လူပေါင်း ၂၀  ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း  သတင်းစာတွင် ဖေါ်ပြခဲ့သည်။
၎င်းအပြင်  လက်နက်ကြီး ပစ်ခေတ်မှုကြောင့်  မြ၀တီမြို့အပြင်ဖက် ထိုင်းနိုင်ငံ  မဲစောက်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေး  တံတားအနီး နှင့် တရုတ်ဘုံကျောင်း  အနီးတို့တွင် ကျည်ဆံ ပေါက်ကွဲမှုများ  ဖြစ်ပွါးခဲ့ရာ  လူအချို့  ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖေါ်ပြသည်။
နိုဝင်ဘာလ ၈  ရက်နေ့တွင်ပင်   နေ့လည် ၁၂ နာရီအချိန်၌ ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့သို့ သောင်းကျန်းသူ   အဖွဲ့တစ်ဖွဲ့ကလည်း မြို့၏ မြောက်ဖက်ခြမ်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့်   ပစ်ခေတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး  စစ်သားလေးဦးနှင့်   မြို့နယ် သစ်တောဝန်ထမ်း တစ်ဦးတို့ ထိခိုက်ဒဏ်ရာ  ရရှိခဲ့ကြောင်းလည်း  ရေးသားခဲ့သည်။
ပြည်ပ သတင်းမီဒီယာများတွင်မူ  မြန်မာ့မီဒီယာများက  ရေးသားခဲ့သလို ကေအန်ယူ အဖွဲ့ဖြစ်သည်ဟု မဖေါ်ပြခဲ့ဘဲ  တိုးတက်သော ကရင်  ဗုဒ္ဓဘာသာ  တပ်မတော်ဟု လူသိများသည့် DKBA အဖွဲ့မှ  ဗိုလ်မှူး နှုတ်ခမ်းမွှေးခေါ်  စောလားပွယ် ၏  တပ်ဖွဲ့နှင့် မြ၀တီမြို့တွင်  တိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူပင်  DKBA  တပ်ဖွဲ့ တစ်ခုနှင့်  ဘုရားသုံးဆူတွင်လည်း တိုက်ပွဲ ဖြစ်ခဲ့ကြောင်း  တိုက်ပွဲများကြောင့်  စစ်ဘေးဒုက္ခသည် ၂၀၀၀၀ ခန့် ထိုင်းနိုင်ငံအတွင်း  ၀င်ရောက်   ခိုလှုံခဲ့ကြရကြောင်း၊ မနေ့က မြ၀တီမြို့တွင် အေးချမ်းသွားပြီဖြစ်သဖြင့်   စစ်ဘေးဒုက္ခသည်အချို့ နေရပ်ပြန်ခဲ့ကြပြီ ဖြစ်ကြောင်း ဖေါ်ပြခဲ့ကြသည်။

 
ရခိုင်ပြည်နယ် ကျောက်ဖြူမှ  တရုတ်နိုင်ငံ ကူမင်းအထိ  မီးရထားလမ်းနှင့်  ရေနံပိုက်လိုင်း နှစ်ခုတပြိုင်နက် သွယ်တန်း  ဖောက်လုပ်သွားရန် စီစဉ်နေ
 ရခိုင်ပြည်နယ်   ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ   ကူမင်းမြို့သို့ တိုက်ရိုက် မီးရထားလမ်း ဖောက်လုပ်မည် ဖြစ်ပြီး ၂၀၁၅   ခုနှစ်တွင်  ပြီးစီးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ရထားလမ်းကို  ကျောက်ဖြူ - အမ်း  -  မင်းဘူး - မကွေး - မန္တလေး - လားရှိုး -  မူဆယ်မြို့များကို ဖြတ်သန်း  ဖောက်လုပ်သွားမည် ဖြစ်ပြီး တရုတ်နယ်စပ်  ဂျီဂျိုမှ ကူမင်းမြို့အထိ  လမ်းပိုင်းကို  တရုတ်နိုင်ငံမှ တာဝန်ယူ  ဆောက်လုပ်သွားမည် ဖြစ်သည်ဟု ကြားသိရသည်။
 

 ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ  လွတ်မြောက်
   အမေရိကန် နိုင်ငံသား  ဂျွန်ယက်တော ရေကူး၍ ၀င်ရောက်ခဲ့မှုနှင့် ပတ်သက်၍  နိုင်ငံတော်အား နှောင့်ယှက်  ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ  ကာကွယ်စောင့်ရှောက်မှု ပုဒ်မအရ နေအိမ်အကျယ်ချုပ်  ကျခံနေရသော  ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင်  ရက်စေ့ပြီ  ဖြစ်သောကြောင့် လွတ်မြောက်လာခဲ့သည်။ အိမ်ပတ်ဝန်းကျင်နှင့်   တက္ကသိုလ်ရိပ်သာလမ်း တလျောက် စောင့်ကြိုနေကြသော လူအုပ်ကြီးကို နှုတ်ဆက်စကား   ပြောကြားခဲ့ပြီး နောက်တစ်နေ့ မွန်းတည့်တွင် ရွှေဂုံတိုင်ရှိ အမျိုးသား  ဒီမိုကရေစီ  အဖွဲ့ချုပ်ရုံး ရှေ့တွင် မိန့်ခွန်းပြောကြားခဲ့ရာ  လူပေါင်းမြောက်မြားစွာ တက်ရောက်  အားပေး ခဲ့ကြသည်။
ဂျာနယ် ၉ စောင် ထုတ်ဝေခွင့် ရပ်နားခံခဲ့ရ
   စာပေစိစစ်ရေး  ဆိုင်ရာ စည်းမျဉ်းဥပဒေများကို လိုက်နာရန်  ပျက်ကွက်ခဲ့ခြင်းကြောင့် ပြည်တွင်းထုတ်  သတင်းဂျာနယ် ၉ စောင်ကို  ထုတ်ဝေခွင့် တစ်ပတ်နှင့် နှစ်ပတ်စီ ရပ်နားခဲ့သည်။ အဆိုပါ  ဂျာနယ်များမှာ  First 11 အားကစားဂျာနယ် နှင့် သတင်းဂျာနယ်များ ဖြစ်ကြသော The Voice   Weekly, 7Days News, Venus News, The Hot News စသော ဂျာနယ်များ   ဖြစ်ခဲ့သည်။

First-11  ဘောလုံး ဂျာနယ် တွင်  မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် ထင်ရှားသော   ဒေါ်အောင်ဆန်း စုကြည်  လွတ်မြောက်မှုနှင့် ပတ်သက်ပြီး မျက်နှာဖုံး၌  Sunderland  Freeze Chelsea  United Stunned By Villa & Arsenal  Advance to Grab Their Hope   ဆိုသည့် ဆန်းဒါးလန်း အသင်းက  ချယ်လ်ဆီးအသင်းကို အနိုင်ကစားနိုင်မှုကို ဦးတည်   ရေးသားထားသော  စာသားများကို အရောင်များ ခွဲလျက် " ဒေါ် စုလွတ်မြောက်ပြီ  မျှော်လင့်ချက်တွေကို ညီညွတ်စည်းလုံးပြီး  တိုးတက်ကြိုးစား ရယူကြ"  ဟု  အဓိပ္ပါယ်ရသော SU FREE UNITED & ADVANCE TO GRAB THE HOPE ဟူသည့်   စာတန်းကို ဂျာနယ် မျက်နှာဖုံး၌ အရောင်ခွဲ  ဖေါ်ပြမိသလို ဖြစ်ခဲ့ရသဖြင့်   ပြန်ကြားရေး ၀န်ကြီးဌါန စာပေစီစစ်ရေးက ဂျာနယ်လ် ထုတ်ဝေခွင့် ၂ ပတ် ပိတ်ပင်    အရေးယူခဲ့ကြောင်း ဘီဘီစီ သတင်းတစ်ပုဒ်အရ သိရသည်။ 
မင်းသမီး မစ်ရှယ်ယိုး မြန်မာပြည်သို့ လာရောက်
  ဟောင်ကောင်ဂျက်မဟု  လူသိများသော ဟောလိဝုဒ်နှင့် ဟောင်ကောင်  ရုပ်ရှင်မင်းသမီး မစ်ရှယ်ယိုးသည်  ရုပ်ရှင်ဇာတ်ဝင်ခန်း အချို့ ရိုက်ကူးရန်  မြန်မာနိုင်ငံ ရန်ကုန်မြို့သို့  လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်  တွေ့ဆုံခဲ့သည်ဟု သတင်းများ  ထွက်ပေါ်ခဲ့သည်။
အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး  လာရောက်
     ဒီဇင်ဘာလ ၇ ရက်နေ့က အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး  မစ္စတာ  ဂျိုးဇက်ယွန်း မြန်မာနိုင်ငံသို့ လေးရက်ကြာ ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး   ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ၄င်းပြောဆို ခဲ့သော စကားများတွင်   အိုဘားမားလက်ထက် အမေရိကန် အစိုးရသည် ရွေးကောက်ပွဲအပြီး တက်လာမည့်   မြန်မာအစိုးရသစ်နှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုပြုလုပ်သွားရန်  ရည်ရွယ်ထားသည်ဟု  ပါရှိခဲ့သည်။ ထိုနေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၀  ရွေးကောက်ပွဲဆိုင်ရာ  အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။
သုံးနှစ်တာခန့် ပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ် ပြန်လည်ဖွင့်လှစ်ခဲ့ 
ထိုင်း-မြန်မာ နယ်စပ် ကူးသန်းရောင်းဝယ်ရေး  လမ်းကြောင်းတစ်ခု ဖြစ်သော   ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ဒီဇင်ဘာလပထမပတ်က ပြန်လည်  ဖွင့်လှစ်လိုက်ပြီ  ဖြစ်ကြောင်း သတင်းရရှိသည်။ ထိုသို့   ဂိတ်ပြန်ဖွင့်လိုက်သည့် အတွက်  စီးပွားရေး လုပ်ငန်းရှင်များနှင့် အလည်အပတ်   ဈေးဝယ်သွားလိုသော ဒေသခံများ  အတွက် လွယ်ကူချောမွေ့သွားစေကြောင်း   ကြားသိရသည်။

ပြီးခဲ့သော   နိုဝင်ဘာလက နယ်မြေ မတည်ငြိမ် မအေးချမ်းမှုများ ရှိခဲ့သော်လည်း ဒီဇင်ဘာလ၌   အေးချမ်းမှု ရရှိခဲ့ပြီ ဖြစ်သောကြောင့်  ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း   သိရှိရသည်။