Subscribe to our RSS Feed

မြစ်ဆုံစီမံကိန်းမရပ်လျှင် ချက်ချင်းသေတော့မလို၊ မြန်မာနိုင်ငံကြီး ပျက်တော့မလို စိုးရိမ်ကြောင်းပြောကြသော်လည်း လက်တွေ့ လက်မှတ်ထိုးသူ ၂၀၀ တောင်မပြည့်

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ကို တည်ဆောက်ခဲ့တာ အခုမှ မဟုတ်ပါဘူး။ ၂ နှစ်ကျော် ၃ နှစ် ရှိနေပါပြီ။ ဒါပေမယ့် ဒီနှစ်ထဲမှာမှ ဖုတ်ပူမီးတိုက် ကန့်ကွက်မှုတွေ ပေါ်လာပါတယ်။ နေ့ချင်းညချင်း ဆိုသလိုပဲ မြန်မာနိုင်ငံကြီး ပျောက်ကွယ်မှာလား၊ မြန်မာမျိုးဆက် ပျက်သုန်းသွားမှလား ဆိုပြီး အသံကျယ်ကျယ် အော်သံတွေထွက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီအတွက် ပန်ကြားချက် ဆိုပြီး ထုတ်ပြန်ခဲ့ပါသေးတယ်။

နေ့စဉ်နှင့်အမျှ ဆိုသလိုပဲ ဧရာဝတီကိုကယ်တင်ပါ၊ မငိုပါနဲ့ ဧရာဝတီ၊ ဧရာဝတီကို မသတ်ပါနဲ့၊ ဧရာဝတီအတွက် ပထွေးမလို ... စသည်ဖြင့် ပိုစ့်တွေ၊ အီးမေးတွေ ပလူပျံလာခဲ့ပါတယ်။ တစ်ခါမှ နားမထောင်ဖူးတဲ့ မှိုတက်နေတဲ့ ဧရာဝတီ သီချင်းတွေ ခေတ်ပြန်ထလာပြီး အချို့ဆိုရင် ဧရာဝတီအတွက် အကျိုးမရှိတဲ့ နိုင်ငံခြားမှာ သီချင်းဆိုရင်း ဧရာဝတီကို ကယ်တင်တာ၊ သီချင်းထဲမှာ သရုပ်ဆောင်ရင်း ဧရာဝတီကို ကယ်တင်တာတွေ လုပ်ခဲ့ကြပါတယ်။ ဧရာဝတီကို ကီးဘုတ်နဲ့ ကယ်တင်ဖို့ ကြိုးစားသူတွေ၊ ဘလော့ရေးပြီး ကယ်တင်ကြသူတွေ၊ facebook သုံးပြီး ကယ်တင်ကြသူတွေ ထောင် သောင်း မက ပေါ်လာပါတယ်။ ဒါပေမယ့် အင်တာနက်သုံးစွဲသူ မြန်မာအားလုံးထံမှ လက်မှတ်များ ကောက်ယူပြီး တရုတ်အစိုးရ၊ တရုတ်ပြည်သူများနှင့် CPI ကုမ္ပဏီ ကို ပို့ဖို့ ကြိုးစားချိန်မှာတော့ သေရေးရှင်ရေး ကယ်တင်လိုသူတွေ အားလုံး အတိတ်မေ့သလိုလို၊ ရွှေပျောက်သလိုလို ဖြစ်ကုန်ကြပါတော့တယ်။

မြန်မာပြည်တွင်းမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဧရာဝတီချစ်သူများက ဧရာဝတီကို အမှန်တကယ်ချစ်သူများရဲ့ လက်မှတ် တစ်သန်းကျော် ကောက်ခံပြီး တရုတ်ကို ပို့ဖို့ ကြိုးစားနေပါတယ်။ အင်တာနက် သုံးစွဲသူများကို လက်မှတ်ရေးထိုးဖို့အတွက် မီးပြတိုက် ဦးစီးပြီး ကြိုးစားနေတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း သုံးရက် ကြာချိန်ထိ လက်မှတ် ၂၀၀ တောင် မထိုးကြကြောင်း ကို http://www.mee-pya-tite.com/2011/10/blog-post.html မှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

ဧရာဝတီကို ချစ်လှပါပြီဆိုတဲ့လူတွေ ဘယ်တွေများရောက်ကုန်ပါလိမ့်ဆိုတာ စဉ်းစားစရာပါပဲ။ အဓိပ္ပါယ်မရှိတဲ့ ဝေဖန်ရေးတွေ၊ ပိုစ့်တင်တာတွေ၊ အီးမေးနဲ့ ဝါဒဖြန့်တာတွေကိုတော့ လုပ်နေကြပြီး တရုတ်အစိုးရနဲ့ CPI ကို တိုက်ရိုက်ပို့မယ့် အချိန်ကျတော့ လက်မှတ် တစ်ခုတောင် မထိုးနိုင်ကြတာ အင်မတန်မှကို အံ့သြောစရာကောင်းပါတယ်။ (ဒေါ်စုလေသံဖြင့်)

ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် အင်တာနက်သုံးပြီး ဧရာဝတီကိုချစ်သူ၊ အမျိုးသားရေးအတွက် ကြိုးစားသူ၊ နိုင်ငံနဲ့လူမျိုးအတွက် facebook သုံး၊ ဘလော့ရေးပြီး ဝါဒဖြန့်သူတွေရဲ့ သရုပ်မှန်ကို ပေါ်လွင်ထင်ရှားစေတယ်လို့ ထင်ပါတယ်။ သူတို့တွေပြောတဲ့ နိုင်ငံတော်ကို ချစ်တယ်၊ ဧရာဝတီကိုချစ်တယ် ဆိုတဲ့ စကားတွေနဲ့ လူထုအတွက် အလုပ်လုပ်တယ် ဆိုတဲ့ စကားတွေက သံသဖြစ်စရာပါပဲ။

ဧရာဝတီမြစ်ပေါ်က မြစ်ဆုံစီမံကိန်းကို ယာယီရပ်နားလိုက်တဲ့ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိအစိုးရအဖွဲ့ကို ပြည်သူတစ်ရပ်လုံးသာမက နိုင်ငံတကာကပါ ကြိုဆိုမှုတွေရှိခဲ့ပါတယ်။ အချို့က အမျိုးသား ပြန်လည် သင့်မြတ်ရေးအစ၊ ဧရာဝတီက လို့တောင် ကင်မွန်းတပ်ခဲ့ကြပါတယ်။ နောက်ထပ် ကင်မွန်းတပ်လို့ ရတာ ရှိပါသေးတယ်။ မြစ်ဆုံစီမံကိန်းမရပ်လျှင် ချက်ချင်းသေတော့မလို၊ မြန်မာနိုင်ငံကြီး ပျက်တော့မလို စိုးရိမ်ကြောင်း အကျိုးမရှိ ထိုင်ပြောနေကြပြီး၊ လက်တွေ့အကျိုးရှိဖို့ လက်မှတ် ကောက်ခံချိန်မှာတော့ လက်မှတ်ထိုးသူ ၂၀၀ တောင်မပြည့် ခြင်းကြောင့် "အင်တာနက်ပေါ်မှ နိုင်ငံ ချစ်သူများရဲ့ သရုပ်မှန်ဘဝ ဧရာဝတီက" လို့ ပြောလို့ရပါတယ်။ ဧရာဝတီကို အမှန်တကယ် ကယ်တင်လိုစိတ်မရှိပဲ ဧရာဝတီနာမည်နဲ့ ခေါင်းစဉ်တပ် လုပ်စားနေကြသူတွေကို ဧရာဝတီက ခွင့်လွှတ်မှာ မဟုတ်သလို၊ ဧရာဝတီကလည်း စိတ်ကောင်းမှာမဟုတ်ပါဘူး။

အရင်တုန်းက ချွေးသိပ်ပြီး မငိုပါနဲ့ ဧရာဝတီ လို့ သူတို့တွေ ပြောခဲ့ချိန်မှာ မငိုရပဲ ၊ ချွေးသိပ်သလိုလိုနဲ့ လုပ်စားသွားတာသိရင် ဧရာဝတီလည်း ခြုံးပွဲချ ငိုကြွေးနေမှာ သေချာပါတယ်။ ဧရာဝတီကို သက်သေထားပြီး အင်တာနက်ပေါ်ကနေ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ စကားသံတွေကို နားမယောင်စေဖို့ မြန်မာလူထု ကို အလေးအနက် သတိပေး လိုပါတယ်။ မီးပြတိုက် ရဲ့ လက်မှတ်ကောက်ခံမှု က တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။







3 comments:

အဲဒါပေါ့ဗျာ
လူပြောမသန် လူသန်မပြောဆိုတာ
မသန်တဲ့လူတွေက ပြောပဲပြောကြတယ်
လူသန်တွေက စကားနဲ့မပြောဘူး အလုပ်နဲ့ပြကြတယ်

ဟားဟား
၂၀၀ တောင် မပြည့်သေးဘူးတဲ့ဟ
ဧရာဝတီရောဂါသည်တွေ ဘယ်ရောက်ကုန်တုန်း
အကြောက်လွန်ပြီး ရောဂါပျောက်သွားကြပြီထင်တယ်

မိတ်ဆွေတရုပ်တစ်ယောက်ကပြောတယ်။ "မြစ်ဆုံဆည်ကိုတရုပ်ပြည်နဲ့လုပ်လို့ ပူညံပူညံအသံတွေ ထွက်လာတာ၊ အမေရိကန်နဲ့သာလုပ်ခဲ့ရင် ဘာသံမှတောင် ကြားလိုက်ရမှာမဟုတ်ဘူး" တဲ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်