Subscribe to our RSS Feed

ယောင်ဝါးဝါးနဲ့ အချောင်စားဖို့ ကြိုးစားနေသူများ

နိုင်ငံတည်ရာမှာ ငါဟာမဏ္ဍိုင် တစ်ပါးရယ်လို့ မီဒီယာအင်အားနဲ့ အော်လို့အော် ဖွလို့ဖွ လွတ်လပ်မှုက အမှန်တရားဆိုပြီး တရားသေ ကိုင်စွဲထားသူတွေကြားမှာ စည်းကမ်းနဲ့ လွတ်လပ်မှုကို ချိန်ဆကြဖို့ ညွှန်းဆိုဆုံးမ ပြောရတာလည်း လေကုန်လို့ မောလှပါပြီ။ ဒါပေမယ့် မီဒီယာ လွတ်လပ်ခွင့်လို့ ကြွေးကြော်နေတဲ့ ပြည်တွင်းပြည်ပက မီဒီယာ သမားတွေရဲ့ မီဒီယာ လွတ်လပ်ခွင့်ကို ဖော်ထုတ်ကြရာမှာ နှစ်ဘက်ချွန် သဘောနဲ့ လိုသလို သုံးနေကြတဲ့ အဖြစ်ကလေး တစ်ခုကို ပြောပြချင်လို့ပါ။ ပလာတာကို မကြိုက်သလို မူနေတော့ နွားအိုမှာ နားမလည်ရှာဘူးရယ်လို့ ဆိုပြီး သနားခဲ့မိ ပြန်ပါသေးတယ်။ ကြွေးမိတဲ့ ပလတာ အလကား အာပလာသာ ဖြစ်ခဲ့ရပြီပဲလို့ ကျွန်တော်တကယ်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ တကယ်ဆို သကောင့်သားက နားမလည်တာမှ မဟုတ်ဘဲ သူ့ဂွင်ထဲ မဝင်သေးလို့ နားမလည်ချင် ယောင်ဆောင်နေတာပဲ။ ကျွန်တော်တို့ကိုက အ တာပါ။ ကျွန်တော် အားမနာတမ်း ပြောရရင် ပြည်တွင်းပြည်ပ မီဒီယာ လောကမှာလည်း မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လာရင် ကိုယ့်အတွက် အကျိုးမရှိဘူးဆိုတဲ့ တစ်ဘက်သတ် အမြင်နဲ့ နားမလည်ချင်ယောင် ဆောင်နေတဲ့၊ မသိချင်ယောင် ဆောင်နေတဲ့ ပလာတာကို မကြိုက်သလို ဟန်ဆောင်နေတဲ့ နှစ်ဘက်ချွန် နွားအိုကြီးများလို အဖြစ်များ ရှိနေကြပါတယ်။

မီဒီယာတွေ အနေနဲ့ ဒီမိုကရေစီဟာ လွတ်လပ်ခွင့်ပါပဲ ဆိုပေမယ့် လွတ်လပ်စွာ ပြောကြတဲ့အခါမှာ ပြည်သူတွေ ရင်ထဲမှာ ဘာတွေ ဘယ်လိုရှိလို့ ပြည်သူတွေ ဘာ လိုအပ်တယ်ဆိုတာ တကယ် ထုတ်ဖော်နိုင်မှ မဏ္ဍိုင်အမှန် မီဒီယာအားပါ။ လူအထင်ကြီး အောင်လုပ်ပြီး လူရှေ့ ထွက်ရရုံ အတွက် ကတော့ အမှန်တရားဟာ ဘာမှ တန်ဖိုး မရှိပါဘူး။ လူတွင်ကျယ် လုပ်ချင်ရုံ အော်ဟစ်နေယုံ နဲ့တော့ အနှစ်သာရ ပြည့်ဝတဲ့ မီဒီယာ စစ်စစ်ကိုလည်း ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကို ကျွန်တော်တို့ သိသင့်ပါတယ်။ အချို့ မီဒီယာသမားတွေ အနေနဲ့ အမှန်တရား၊ အမှန်တရားနဲ့ မှန်ရင်ပြီးရော သတင်းဖြစ်ပြီးရော ဆိုပြီး ပြောခဲ့ကြတာတွေလည်း ရှိခဲ့ကြပါတယ်။ ဒါလည်း ထားလိုက်ပါတော့ ပြီးခဲ့တာလည်း ပြီးပါပြီ။

မီဒီယာကို အားပြုပြီး နိုင်ငံတစ်ခု တည်ဆောက်ကြမယ်လို့ လွတ်လပ်ခွင့် ကြွေးကြော်သံနဲ့ အတူ ပေါ်ပေါက်လာတဲ့ ခုချိန်မှာ ဖြစ်စဉ်တစ်ခုကို တင်ပြတိုင်း တင်ပြတိုင်း အကျိုးအကြောင်းကို ဘက်စုံထောင့်စုံက ပြည့်ပြည့်စုံစုံ တင်ပြပြီး ပြည်သူကို ချပြရမှာ ဖြစ်ပါတယ်။ ဒီလို ချပြမယ်လို့လည်း မီဒီယာသမားတွေ ကိုယ်တိုင် အော်ခဲ့ ဟစ်ခဲ့ တောင်းဆိုခဲ့ ကြတာပါပဲ။ အမှန်ကို အမှန်တိုင်း အရှိကို အရှိတိုင်း သတင်း မှန်သမျှကို လွတ်လပ်စွာ ရေးသား ဖော်ပြခွင့်ကို တောင်းဆို ခဲ့ကြပါတယ်။ နိုင်ငံတော် အနေနဲ့တောင် သတင်းတွေ တင်ပြရာမှာ မှန်ကန်မှုများနဲ့ ပြည်သူ့အကျိုးနဲ့ နှိုင်းယှဉ် ချိန်ထိုးကာ ချင့်ချိန်ကြဖို့ တောင်းဆိုခဲ့ ရတာတွေတောင် ရှိခဲ့ပါတယ်။ အကျိုးအပြစ် အကောင်းအဆိုးကို ချိန်ထိုးပြီး ဘယ်ဟာက ဘယ်လိုဆိုပြီး တင်ပြကြတဲ့ အခါမှာ မီဒီယာဟာ အတ္တကင်းတဲ့ အရိယာမဟုတ်ဘူး ပုထုဇဉ်တွေ ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ သိတာမှ ဟိုဘက်တောင် လွန်နေသေးတယ်။ ဒါကြောင့် မီဒီယာတွေအနေနဲ့ မှားယွင်း ဖော်ပြမိတာတွေ၊ တင်ပြမိတာတွေ ရှိနေနိုင်ပေမယ့် ဒါတွေလည်းပဲ ပြောမနေတော့ပါဘူး။

နည်းပညာတွေ အလျင်အမြန် ဖွံ့ဖြိုးနေတဲ့ ဒီခေတ်ကြီးမှာ ကမ္ဘာ့ဟိုဘက်ခြမ်း ဒီဘက်ခြမ်း စည်းခြားထားတဲ့ ကန့်သတ် ချက်မျိုး မီဒီယာမှာ မရှိပါဘူး။ ခုခေတ်မှာ သတင်းဆိုတာ အချိန် ကန့်သတ်ချက် နေရာ ကန့်သတ်ချက် စတဲ့ ကန့်သတ်ချက် တွေနဲ့ ထိန်းချုပ်ဖို့ အတော်ခက်ခဲ သွားပါပြီ။ ကမ္ဘာ့ ဟိုဘက်ခြမ်းက သတင်းတစ်ခုကို ကမ္ဘာ့ ဒီဘက်ခြမ်းကနေ စက္ကန့်မခြား သိရှိနိုင်တဲ့ အခြေအနေပါ။ သိကြားမင်း နားကင်းကြီးနဲ့ ဆင်းတားရင်တောင် မီဒီယာကို တားထားလို့ မရနိုင်ပါဘူးလို့ ဆိုရင် ဒါအပိုပြောတာ မဟုတ်ပါဘူး။ မီဒီယာရဲ့ ထိရောက်မှုက အစွမ်းထက်လှပါတယ်။ ဆန္ဒဂတိ၊ ဘယာဂတိ၊ မောဟဂတိ၊ လာဘဂတိ ဆိုတဲ့ အဂတိတရား လေးပါးရဲ့ ကြိုးဆွဲရာမကဘဲ အမှန်တရားကိုသာ လက်ကိုင်ထားမယ့် မီဒီယာ သမားများအနေနဲ့ ပြည်သူတွေကို သိသင့် သိထိုက်တာတွေ ဖွင့်ချအသိပေးဖို့ တာဝန်ရှိတယ် ပြည်သူတွေ မသိသေးရင် အသိပေးရမယ့် တာဝန်ဟာ မီဒီယာတာဝန်ပဲ။ ကျွန်တော် ပြောတာမဟုတ်ဘူး။ မီဒီယာ လွတ်လပ်ခွင့်လို့ တစာစာ အော်နေတဲ့ ပြည်တွင်းပြည်ပက မီဒီယာသမားတွေ ကိုယ်တိုင်ပြောခဲ့တာ။

အနီးဆုံး ဥပမာတစ်ခု ပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်မယ်လို့ ဆိုကြတော့ ပြည်သူတွေ အနေနဲ့ နိုင်ငံတော်ရဲ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးမှုအတွက် ထောက်ခံတဲ့ သူရှိကြသလို သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှာ စိုးရိမ်လို့ ကန့်ကွတ်သူလည်း ရှိတယ်။ ကန့်ကွက်တာတွေ ထောက်ခံတာတွေထက် ပြောချင်တာက မီဒီယာ ကဏ္ဍအနေနဲ့ ပြည်သူအသံကို လွတ်လပ်စွာ ဖော်ထုတ် နိုင်ခဲ့တာကို ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ ဧရာဝတီကိစ္စမှာ အမှန်အမှားကို ဘေးခဏ ချိတ်ထားပြီး ပြောရရင် ပြည်သူ့ကိုယ်စား ပြောခဲ့ကြတာတွေ ရေးခဲ့ကြတာတွေကို လွတ်လပ်စွာ ရေးသား ဖော်ပြနိုင်ခွင့်ဆိုတဲ့ ပေတံ အနေနဲ့ပဲ ပြောရရင် မီဒီယာတာဝန် ကျေတယ်လို့ပဲ ဆိုချင်ပါတယ်။

ဒီလို ဖြစ်နေတဲ့ တစ်ချိန်တည်းမှာ၂၀၁၁ ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့မှာ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ၂၀၀၃ ခုနှစ်က စတင် အရေးယူ ပိတ်ဆို့မှု ပြုလုပ်ခဲ့တဲ့ Burmese Freedom and Democracy Act ကို သက်တမ်းတစ်နှစ် ထပ်တိုးဖို့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က အတည်ပြု ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီ အရေး လူအခွင့်ရေးစတဲ့ လှုပ်ရှားမှုတွေ သိသာထင်ရှားစွာ အကောင်ထည်ဖော် ဆောင်ရွက်နေတဲ့ အချိန် မြန်မာ ပြည်သူတွေ အနေနဲ့ကလည်း ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့ တောင်းဆိုနေကြတဲ့ ကြားထဲက ပိတ်ဆို့မှု သက်တမ်း ထပ်မံ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ လူအခွင့်အရေးအတွက် ဒီမိုကရေစီရေး အတွက် ရှေ့ဆောင်နိုင်ငံကြီး တစ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ လတ်တလော တိုးတက်လာတဲ့ ဒီမိုကရေစီရေး လူအခွင့်အရေး အခြေအနေတွေ ပြုပြင် ပြောင်းလဲရေးတွေကို လစ်လျှူရှုလိုက်တာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်တွေ ရပ်တန့်သွားအောင် လုပ်လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒီလို ပိတ်ဆို့မှုတွေဟာ အကျိုးပြု လုပ်ရပ် မဟုတ်ဘဲ ဆိုးရွားတဲ့ သက်ရောက်မှုတွေကိုသာ ဖြစ်ပေါ်စေနိုင်မယ် ဆိုတာ အားလုံးက သိနေပါလျက်နဲ့ အမေရိကန်နိုင်ငံက မသိနိုင်တာဟာ သဘောရိုး မဟုတ်နိုင်ပါဘူး။

ဒီဖြစ်စဉ်မှာ ပိုဆိုးရွားတာက ဒီပိတ်ဆို့မှုတွေရဲ့ အကျိုး သက်ရောက်မှုဟာ ပြည်သူတွေကို တိုက်ရိုက် ထိခိုက် ခံစား စေနိုင်တာကို သိရှိနေပါလျှက်နဲ့ မီဒီယာတွေ အနေနဲ့ ရေငုံနှုတ်ပိတ် တိတ်တိတ်ကလေး မသိချင်ယောင် ဆောင်နေကြ တာဟာ ပြည်တွင်းပြည်ပ မီဒီယာသမားတွေရဲ့ အမှန်ကို အမှန်တိုင်း လွတ်လပ်စွာ ရေးသား ဖော်ပြ နိုင်ခွင့်ဆိုတဲ့ ပေတံနဲ့ရော ကိုက်ညီ ကြပါရဲ့လား ပြန်မေးကြည့် ကြပါဦးလို့ ပြောချင်ပါတယ်။ ပိတ်ဆို့မှု သက်တမ်းတိုးတာနဲ့ ပတ်သက်လို့ ခံစားနေရတဲ့ ပြည်သူတွေရဲ့ အသံကို မီဒီယာတွေ အနေနဲ့ ကိုယ်စား မပြုနိုင်လို့လားလို့ မေးချင်လာပါတယ်။ ပြည်သူတွေ အနေနဲ့ကတော့ ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ပြောစရာ ရင်ဖွင့်စရာ မရှိဘဲတော့ မနေလောက်ပါဘူး။

ပြည်သူထဲက ပြည်သူ တစ်ယောက်ဖြစ်တဲ့ ကျွန်တော် ကိုယ်တိုင်လည်း ပြောစရာတွေ ရင်နဲ့ အပြည့်ပါ ဒါကြောင့် ဒီဆောင်းပါးနဲ့ ရင်ဖွင့်လိုက်ရတာပါပဲ ဒါပေမဲ့ ဒီလိုရင်ဖွင့်ခွင့် မရသေးတဲ့ အခြားသော ပြည်သူတွေ အနေနဲ့ရော ဘယ်လို လုပ်ကြမလဲ။ ဘယ်သူတွေကများ ဒီ ကျန်နေတဲ့ ပြည်သူတွေကိုရော ကိုယ်စားပြုပေး ပါ့မလဲလို့ ကျွန်တော် စဉ်းစားမိတော့ ကျွန်တော်ရင်ထဲ ဆို့လာပြီး ကျွန်တော့် အသံတွေတောင် တိမ်ဝင်သွားရပါတယ်။ မီဒီယာက ဒီအသံတွေကို မကြားတာ လားလို့ တစ်ယောက်တည်း မေးနေမိပါတယ်။ ပြည်သူတွေကိုရော အမှန်တကယ် ကိုယ်စားပြု ကြရဲ့လားလို့လည်း သံသယ ဝင်မိပါတယ်။ ဒီလို မဏ္ဍိုင်မျိုးနဲ့ သာဆိုရင်လို့ ဆက်လည်း မတွေးရဲတော့ပါဘူး ပြည်သူ့ကို အမှန်ကိုယ်စားပြုတဲ့ မီဒီယာ စစ်စစ် ဖြစ်စေချင်တဲ့ ကျွန်တော့ဆန္ဒကို ဘယ်လိုပြောပြရ ပါ့မလဲ ဆိုတာလည်း မသိတော့ပါဘူး။ ဒါတွေကလည်း မိကျောင်းမင်း ရေခင်းပြသလို ပြောတဲ့သူပဲ မောရဦးမှာမို့ …..

နိဂုံးအနေနဲ့ နိဒါန်းလေးကိုပဲ ပြန်ချီလိုက်ပါရစေတော့

အားမနာတမ်းပြောရရင် ပြည်တွင်းပြည်ပ မီဒီယာ လောကမှာလည်း မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လာရင် ကိုယ့်အတွက် အကျိုးမရှိဘူးဆိုတဲ့ တစ်ဘက်သက် အမြင်နဲ့ နားမလည်ချင်ယောင် ဆောင်နေတဲ့၊ မသိချင်ယောင် ဆောင်နေတဲ့ ပလာတာကို မကြိုက်သလို ဟန်ဆောင်နေတဲ့ နှစ်ဘက်ချွန် နွားအိုကြီးများလို မီဒီယာ သမားများ ရှိနေကြပါတယ် ခင်ဗျားလို့။ ဒီလူတွေဟာ တိုင်းပြည်နဲ့ နိုင်ငံသားတွေရဲ့ မျက်နှာကို မကြည့်ဘဲ ယောင်ဝါးဝါးနဲ့ အချောင်စားဖို့ အကွက်ဆင် ဂွင်ဖန်နေတဲ့ အတ္တသမားတွေ ဖြစ်နေတယ်ဆိုတာ ဒီဖြစ်ရပ်တွေက သက်သေပြနေပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အဖြစ်က နွားကို ပလာတာ ကြွေးနေမိတာပါ။ မျိုးချစ်မောင်

http://kyeesaytaman.blogspot.com/2011/10/blog-post_05.html
မှ ကူးယူဖော်ပြပါကြောင်း

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်