Subscribe to our RSS Feed

ခဏကြီးမဟုတ်ပါဘူး၊ ခဏလေးပါ


w71_03
ဦးသိန်းစိန်အစိုးရသစ် တာဝန်ယူချိန်ကစပြီး ထောက်ခံသလား၊ မထောက်ခံဘူးလားဆိုတဲ့ မေးခွန်းက လူတိုင်းကမေးကြတယ်။ သတင်းမီ ဒီယာသမားများကလည်း မေးကြတယ်။ အထူးသဖြင့် ပြည်ပမီဒီယာတွေက ပိုမေးကြတယ်။

မူကိုင်စွဲသူဖြစ်လို့

ကိုယ်တိုင်က ဒီနယ်ပယ်သား ဖြစ်တဲ့အတွက် ကိုယ်ချင်းစာစိတ်နဲ့ မေးသမျှဖြေပါတယ်။ မူတစ်ခု အခိုင်အမာ ကိုင်စွဲရပ်တည်တဲ့ စာနယ်ဇင်းသမားတစ်ယောက်ဖြစ်တာကြောင့် ပိုပြီး သိချင်ကြတဲ့သဘော ဖြစ်လိမ့်မယ် ယူဆတယ်။ ဘာစာရေးရေး ကိုင်စွဲထားတဲ့ မူအတိုင်းပဲရေးတယ်။ သတင်းသမားမို့ သတင်းရေးသလို 'လိုတိုရှင်း' ရေးတယ်။ စကားပြောတဲ့ အခါမှာလည်း ရှင်းရှင်းပြတ်ပြတ်ပဲ ပြောတယ်။ ဝေ့လည်ချောင်ပတ် ဘယ်တော့မှ မလုပ်ဘူး။ ဘယ်သူ့ မျက်နှာမှလည်း ကြည့်မနေဘူး။ နိုင်ငံရေးသမားတွေလို အလိမ္မာ ဖက်မပြောတတ်လို့ စိုးရိမ်တဲ့ စာဖတ်ပရိသတ်များကတောင် မကြာခဏလှမ်းပြီး သတိပေးကြတယ်။

ခေါင်းမာသူ

သတိပေးသူတွေကို ကျေးဇူးတင်ပေမယ့် မူနဲ့ပတ်သက်ရင်တော့ နည်းနည်းမှအထိမခံဘူး။ ဒါကြောင့် လူအတော်များများက 'ခေါင်းမာသူ' လို့ သတ်မှတ်ကြတယ်။ တကယ်တော့ ခေါင်းမာတာမဟုတ်ဘူး။ ရောယိမ်းလိုက် ဘသားယိမ်းလိုက် မလုပ်တာပါ။ အစိုးရက ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာလိုက်ချိန်ကစပြီး ဖြည်းဖြည်းချင်း လျော့ချသွားတာပေါ့တို့ ၊ မရှိတာနဲ့စာရင် ရှိတာက ကောင်းတာပေါ့တို့ ဆိုတဲ့အသံတွေ ကျယ်လောင်လာခဲ့တယ်။ နောက်တော့ အားလုံး ယိမ်းဝင်ကကြတယ်။ အဲဒီအချိန်မှာ'ယိမ်းကတဲ့ထဲ ၀င်မပါဘူး'ဆိုတဲ့ ခေါင်းစဉ်နဲ့ အတိအလင်း ရေးခဲ့တယ်။တကယ်လည်း ဘာမှမရေးခဲ့ဘူး။ ကိုယ့်မူအတိုင်းရပ်ခဲ့တယ်။

သတင်းသမားမူနဲ့ နိုင်ငံရေးသမားမူ

သတင်းသမားရဲ့မူက နိုင်ငံရေး သမားရဲ့ မူနဲ့ မတူဘူး။ နိုင်ငံရေးသမားရဲ့ မူဆိုတာက သူ့ပါတီက ချမှတ်ပေးတာဖြစ်တယ်။ ပါတီကို အမြဲနာခံရတယ်။ ပါတီကဖြူရင် လိုက်ဖြူရပြီး ပါတီကမည်းရင် လိုက်မည်းရတယ်။ မလိုက်နာနိုင်ရင် ပါတီက ထွက်ပြီး အပြင်မှာ ကိုယ့်သဘောနဲ့ကိုယ်လုပ် နိုင်တယ်။ ပါတီထဲမှာရှိနေသမျှ ပါတီကို နာခံရတယ်။ ဒါနိုင်ငံရေးပါတီတိုင်း ချမှတ်ထားရမြဲ စည်းကမ်းဖြစ်တယ်။ ဒီလိုစည်းကမ်း မျိုးမရှိရင် ပါတီပျက်မှာပဲ။ တစ်ယောက်တစ်မျိုး ထင်ရာတွေလုပ် ကုန်ကြမှာပေါ့။

အတွင်းစိတ်က သတ်မှတ်တာ

သတင်းသမားမူဆိုတာက ပါတီအဖွဲ့အစည်းတစ်ခုက ချမှတ်တာမဟုတ်ဘူး။ ဘယ်ပြင်ပပုဂ္ဂိုလ်ကမှ ညွှန်ကြားတာလည်းမဟုတ်ဘူး။ သတင်းသမားကိုယ်တိုင်ရဲ့အတွင်း အဇ္ဈတ္တစိတ်ကလေးက သတ်မှတ်တာဖြစ်တယ်။ အဲဒီ အဇ္ဈတ္တစိတ်ကလေး (Conscience) ကပဲ သူ့ကို တည်ဆောက်ပေးတယ်။ သူ့အတွက် အမှားအမှန် အကောင်းအဆိုးကို ညွှန်ပြပေးတယ်။ လောကလူသားမှန်သမျှ သူတို့ရဲ့ အဇ္ဈတ္တစိတ်ကလေးက ဖန်တီးပေးလိုက်တဲ့အတိုင်း လိုက်ပါလုပ် ဆောင်နေကြရတာ ဖြစ်တယ်။

ပြည်သူက ပြဋ္ဌာန်းပေးလိမ့်မယ်

သတင်းသမားဟာ သူ့အဇ္ဈတ္တ ကလွဲပြီး ဘယ်သူ့အမိန့်ကိုမှမနာခံဘူး။ ဘယ်သူ့ ညွှန်ကြားချက်ကိုမှလည်း စောင့်ဆိုင်းနေစရာ မလိုဘူး။ သူ့အတွင်းစိတ်ကလေးက ဖန်တီးပေးတဲ့မူကို ကိုင်စွဲပြီး လုပ်စရာရှိတာ လုပ်ရတယ်။ ဘယ်အချိန်မှာ ဘာလုပ်သင့်တယ်ဆိုတဲ့အချက်ကို သူ့ပြည်သူလူထုက ပြဋ္ဌာန်းသတ်မှတ်လိမ့်မယ်။ သတင်းသမားဟာ သူ့အဇ္ဈတ္တနဲ့ သူ့ပြည်သူလူထုကလွဲပြီး ဘယ်သူ့ကိုမှ နာခံစရာမလိုဘူး။ ဘယ်သူ့မျက်နှာမှလည်း ထောက်စရာမလိုဘူး။ ရေးစ ရာရှိရင် ရဲရဲရေးပြီးပြောဖို့ လိုအပ်ရင် ပြတ်ပြတ်သားသားပြောရမယ်။


ပြည်သူ့စွမ်းအား (People Power) ကို အကြွင်းမဲ့ ယုံတယ်။ အခုတော့ ခဏလေး စောင့်လိုက်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ကို နည်းနည်းလေး အချိန်ပေးလိုက်ပါ။ ခဏကြီး မဟုတ်ပါဘူး။ ခဏလေးပါ . . .

ဘယ်အာဏာရှင်မှမကြိုက်

သိချင်လို့ မေးလာကြသူအားလုံးကို ရှင်းရှင်းပြတ်ပြတ်ပဲ ဖြေပါမယ်။ အာဏာရှင်စနစ် မှန်သမျှ တစ်ပါတီ အာဏာရှင်စနစ်ကိုလည်း မထောက်ခံ ဘူး။ စစ်အာဏာရှင်စနစ်ကိုလည်း မထောက်ခံဘူး။ ကလိတိတိ၊ ရိတိ တိမေးချင်သူတွေကိုလည်း ဒီကနေ အတိအလင်းဖြေလိုက်ပါမယ်။ ကွန်မြူနစ်အာဏာရှင်စနစ်ကိုလည်း မကြိုက်ပါဘူး။ ဒါပေမဲ့ အောက်ခြေက ဆင်းရဲသားလူတန်းစားတွေသွေး စုပ်မခံရအောင် အကာအကွယ်ပေးတဲ့ ကားလမတ်စ်ရဲ့ အတွေးအခေါ် အယူအဆတွေကိုတော့ ဒီနေ့အထိ နှစ်နှစ်ကာကာ ယုံကြည်နေဆဲဖြစ်တယ်။

စောင့်ကြည့်ဆဲ

ကိုယ့်အဇ္ဈတ္တက ပြဋ္ဌာန်းပေးလိုက်တဲ့ မူအတိုင်း မြန်မာ့ဆိုရှယ်လစ် အစိုးရကို မထောက်ခံခဲ့သလို သူ့ကိုဆက်ခံတဲ့ အစိုးရတွေကိုလည်း မထောက်ခံဘူး။ အမျိုးသားညီလာခံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထောက်ခံဘူး ဆိုတာလည်း သတင်း မီဒီယာတွေကတစ်ဆင့် အတိအလင်းပြောခဲ့တယ်။ ဦးသိန်းစိန်အစိုးရကိုလည်း မထောက်ခံသေးဘူး။ စောင့်ကြည့်ဆဲ အဆင့်ပဲရှိသေးတယ်။

ပထမဆုံးမိန့်ခွန်း

သမ္မတဖြစ်လာတဲ့ ဦးသိန်းစိန်က ပထမဆုံးကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒကို လေးစားရမယ်။ ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်။ ပြည်တွင်းငြိမ်းချမ်းရေးရအောင် အမြန်ဆုံး ဆောင်ရွက်မယ်။ ဒီမိုကရေစီလိုလား သူအားလုံးနဲ့လည်း ပူးပေါင်း ဆောင်ရွက်နိုင်အောင် လုပ်ဆောင်မယ်။ နိုင်ငံတည်ဆောက်ရေးမှာ အရေးပါတဲ့ စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီမယ်စတဲ့ စကားများကို ပြောသွားခဲ့တယ်။ ဒီစကားတွေဟာ အပေါင်းလက္ခဏာဆောင်တယ်လို့ ချက်ချင်းစိတ်ထဲမှာ မှတ်သားထား လိုက်တယ်။

ကြိုဆိုကြောင်းရေးခဲ့ပြောခဲ့

အဲဒီနောက် ဆက်တိုက်ဆိုသလို ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတယ်။ မတူတာတွေအသာထားပြီး တူတာတွေပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြတယ်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်း ချမ်းရေး ကမ်းလှမ်းချက် ထုတ်ပြန်တယ်။ ပြည်ပရောက်သွားသူတွေ ပြန်လာနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ အတိအလင်း ကြေညာတယ်။ ဒါတင်မက ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေနဲ့ပါ လက်တွဲဆောင်ရွက်နိုင်အောင် ညှိနှိုင်းဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ သမ္မတကိုယ်တိုင်က ပြောကြားခဲ့တယ်။ ကိုယ်တိုင်က အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေထဲက တစ်ယောက်ဖြစ်လေတော့ ဒီစကားကို ကြိုဆိုတယ်။ကြိုဆိုကြောင်း အတိအလင်း ရေးခဲ့ပြောခဲ့တယ်။

တိုးတက်မှုလို့ ပြောနိုင်

အပေါင်းလက္ခဏာ ဆောင်ရုံမက တိုးတက်မှုလို့ပါပြောနိုင်တဲ့ အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံမှုဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကြီးရှေ့မှာ ခေါင်းဆောင်နှစ်ဦး ယှဉ်တွဲရပ်နေတဲ့ပုံကို ရုပ်မြင်သံ ကြားမှာ ဖျတ်ကနဲမြင်တွေ့လိုက်ရတော့ ပြည်သူတွေအားလုံး အံ့အားသင့်ပြီး ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြတယ်။ နောက်နေ့မနက်ထွက်တဲ့ သတင်းစာတွေရော၊ ဂျာနယ်တွေပါ ၀ယ်မရတဲ့အထိဖြစ်သွားတယ်။ ပြည် သူအားလုံး ၀မ်းသာကြိုဆိုကြတယ်။

အရှိကိုအရှိအတိုင်း

အဲဒီနောက်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ဓာတ်ပုံတွေကို ဂျာနယ်တွေမှာ ဖော်ပြခွင့်ရလာတယ်။ ဦးဝင်းတင်ရဲ့စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထုတ်ဝေခွင့်ရလာလို့ လူတွေက အလုအယက် ၀ယ်ဖတ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးတွေ ထည့်ခွင့်သာမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆောင်းပါးကို ဖော်ပြခွင့်ရလာတယ်။ ဒါတွေ အားလုံးဟာ လွန်ခဲ့တဲ့ခြောက်လကျော် ကအိပ်မက်တောင် မမက်နိုင်တဲ့ အရာတွေ ဖြစ်တယ်။ အပေါင်းလက္ခဏာ ဆောင်တာတွေချည်းဖြစ်တယ်။ သတင်းသမားဆိုတာ အရှိကိုအရှိ အတိုင်းတင်ပြရတယ်။ ဒါတွေဟာ လက်တွေ့မြင်တွေ့နေရတဲ့ အရှိတရားတွေဖြစ်ပြီး အကောင်းဘက်ကိုဦး တည်နေကြတယ်။

အနှုတ်လက္ခဏာဆောင်တာတွေ

အကောင်းဘက်ကို ဦးတည်နေတာဖြစ်တယ်။ အကောင်းဘက်ကို ရောက်သွားတာတော့ မဟုတ်သေးဘူး။ မဖယ်ရှားသေးတဲ့ အနှုတ်လက္ခဏာဆောင်တာတွေ ရှိနေသေးတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ကိစ္စ၊ ၈၈ လူငယ် တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င် လူပေါင်းများစွာကို ပြန်မလွှတ်ပေးသေးတဲ့ကိစ္စ၊ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးလယ်ယာမြေတွေကို အကြောင်းအမျိုးမျိုးနဲ့ သိမ်းယူကြတဲ့ကိစ္စ၊ တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတတွေကို ပုံစံ အမျိုးမျိုးနဲ့ 'အေးဓားပြ' တိုက်ယူနေတာတွေကို ကာကွယ်တားဆီး မလုပ်နိုင်သေးတဲ့ကိစ္စ စတဲ့ ကိစ္စတွေအတော်များများ ကျန်ရှိနေသေးတယ်။

အကဲခတ်ဆဲ

ဒီကိစ္စတွေကို အမြန်ဆောင်ရွက်ဖို့ တိုက်တွန်းနှိုးဆော်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ဟာ ဒီအရေးကိစ္စတွေကို ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ ယူဆတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကဲခတ်နေကြပုံရတယ်။ အကဲ ခတ်ဖို့ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း အနှစ် နှစ်ဆယ်လုံးလုံး ဆန့်ကျင်ဘက်မှာ ရှိနေတဲ့သူတွေက ရုတ်တရက်ချက်ချင်းကြီး ပြောင်းလဲလာတယ်ဆိုတာ သံသယဖြစ်မှာပဲ။ ဒါ သဘာဝကျတယ်ဆို တာကို တစ်ဖက်က နားလည်ပေးသင့်တယ်။ အလားတူပဲ သမ္မတဦးသိန်းစိန်အစိုးရဟာ အရပ်သားအစိုးရအဖြစ် အသွင်သဏ္ဌာန်ပြောင်းလာပေမယ့် သူတို့ရဲ့ မူလဇစ်မြစ်က နှစ်ပေါင်း ငါးဆယ်လုံးလုံး အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရဆိုတာ သဘောပေါက်ထားကြရမယ်။

သံသယစိတ်နဲ့

ဦးသိန်းစိန်ကိုယ်တိုင်က အရင် အစိုးရအဖွဲ့မှာ ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဖြစ်တယ်။ စစ်တပ်များရဲ့ သဘောသဘာဝကိုလည်း နားလည်ထားကြဖို့ လိုတယ်။ စစ်တပ်ရဲ့ သဘာဝက လုံခြုံရေးကိုအဓိက ဦးစားပေးတယ်။ ဘယ်ကိစ္စမျိုးမဆို လုံခြုံရေး မျက်စိနဲ့ကြည့်တယ်။ ချဉ်းကပ်လာသူ မှန်သမျှကို မသင်္ကာတဲ့ အကြည့်နဲ့ ကြည့်တယ်။ ရန်သူ ဖြစ်နေမလားဆိုတဲ့ သံသယစိတ်နဲ့ စစ်ဆေးစမ်းသပ်တယ်။ ရာနှုန်းပြည့်စိတ်ချရမှ သူတို့နား အကပ်ခံတယ်။ ဒါ သူတို့ရဲ့ သဘာဝပဲ။ စစ်မြေပြင်မှာ ဒီလိုမလုပ်ရင် ချေမှုန်းခံရမှာဖြစ်တယ်။ စစ်တပ်က ပြည်သူတွေကြားထဲ ၀င်ရောက်နေထိုင်ပြီး ပြည်သူတွေရဲ့အရေးကို ဆောင်ရွက်ရာမှာ စစ်မြေပြင်မှာ ကျင့်သုံးသလို ကျင့်သုံးလို့မရဘူးဆိုတာ အခုမှ နားလည်စပြုလာချိန်ဖြစ်တယ်။

ထိလွယ် ရှလွယ်

ဒီလိုနားလည်စပြုလာတာကို ကြိုဆိုပြီး ပိုနားလည်လာအောင် ပြည်သူလူထုက ကူညီရမှာဖြစ်တယ်။ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွးမှုကို အချိန်နည်းနည်းယူပြီး စောင့်ကြည့်ရမယ်။ ခုအချိန်ဟာ အင်မတန်မှ နူးညံ့သိမ် မွေ့တဲ့ ထိလွယ်ရှလွယ် အခြေအနေဖြစ်တယ်။ အကောင်းဘက်ကို ရောက်သွားနိုင်သလို ရုတ်တရက်ချက်ချင်း အဆိုးဘက်ရောက်ပြီး ဒုံရင်းပြန်ဖြစ်သွားနိုင်တယ်။ နှစ်ဖက်စလုံးက ခြေလှမ်း မမှားအောင် သတိကြီးစွာထား ပြီးဆောင်ရွက်ကြဖို့လိုတယ်။ ဒုံရင်းပြန်ရောက်သွားရင် ထိခိုက်နစ်နာမှာက ပြည်သူတွေဖြစ်တယ်။

ခဏစောင့်ကြည့်

ဒုံရင်းပြန်မရောက်အောင် တားနိုင်တာလည်း ပြည်သူတွေဖြစ်တယ်။ ဒီမိုကရေစီစနစ်ကြီး အောင်မြင်အောင် တည်ဆောက်နိုင်တာကလည်း ပြည်သူတွေဖြစ်တယ်။ ပြည်သူတွေရဲ့ ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့က ကြိုးစားနေကြတာဖြစ်တယ်။ သူတို့နှစ်ယောက် အခုမှတစ်ကြိမ်ပဲ တွေ့ရသေးတယ်။ တစ်ကြိမ်တွေ့ရုံနဲ့ 'ဟပ်ချလောင်း'ဆိုပြီး ချက်ချင်းပြောင်းမသွားနိုင်ဘူးဆိုတာ နားလည် ပေးသင့်တယ်။ သူတို့ကို အချိန် နည်းနည်း ပေးသင့်တယ်။ ခဏလေး စောင့်ကြည့်သင့်တယ်။

ခဏကြီး၊ ခဏလေး

ခဏလေးဆိုတာက နှစ်ငါးဆယ်ကြာတဲ့ ခဏကြီးကိုပြောတာမဟုတ်ပါဘူး။ ခဏကြီးကတော့ ရှည်ကြာလွန်းပြီး ခါးသီးလှပါတယ်။ ရှေ့တိုးမလား၊ နောက်ဆုတ်မလား၊ ပြောင်းမလား၊ မပြောင်းဘူးလားဆိုတာကို 'စံနှစ်ခု' နဲ့ ချိန်ထိုးကြည့်နိုင်တယ်။ (၁) ထောင်ထဲကလူတွေ လွှတ်၊ မလွှတ်ဆိုတဲ့ စံ။ (၂)တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရအောင်လုပ်မယ်ဆိုတဲ့ စံ။

နှစ်ချက်စလုံးဆောင်ရွက်ဆဲ

ဒီစံနှစ်ခုအနက် ပထမအချက် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို လွှတ်တော်က ထောက်ခံထားပြီးဖြစ်တယ်။ တပ်မတော်သား ကိုယ်စားလှယ်များကပါ ထောက်ခံတယ်။ တပ်မတော်သားဆိုတာ အထက်အမိန့်အတိုင်း တစ်သဝေမတိမ်း လိုက်နာရတာဖြစ်တဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်က ထောက်ခံတယ်ဆိုတာဟာ တပ်မတော်တစ်ခုလုံးက ထောက်ခံတယ်လို့ပဲ မှတ်ယူနိုင်တယ်။ ဒုတိယအချက် ငြိမ်းချမ်းရေးစံ လည်း ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ထုတ်ပြန်ပြီး ဆောင်ရွက်နေတာ တွေ့ရတယ်။

နည်းနည်းအချိန်ပေးပါ

ဒီအချက် နှစ်ချက်လုပ်၊ မလုပ် မကြာမီမှာပဲ အဖြေသိရမယ်လို့ ယူဆတယ်။ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး ဒီအချက်နှစ်ချက်စလုံးကို ငြင်းပယ်မယ်ဆိုရင်တော့ ပြည်သူတွေက ကောင်းကောင်းကြီး ဒဏ်ခတ်မှာ သေချာပါတယ်။ ပြည်သူ့စွမ်းအား (People Power) ကို အကြွင်းမဲ့ ယုံတယ်။ အခုတော့ ခဏလေး စောင့်လိုက်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ကို နည်းနည်းလေး အချိန်ပေးလိုက်ပါ။ ခဏကြီး မဟုတ်ပါဘူး။ ခဏလေးပါ။


လူထုစိန်ဝင်း

3 comments:

ကိုဒေါ်လာစားရေ..အွန်လိုင်းမှာပြန့် နေတဲ့ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲရုပ်သံမှတ်တမ်း ကတကယ်လားဗျာ...တကယ်ဆိုရင် ဘာရည်ရွယ်ချက်နဲ့ ဒီ KIA က လုပ်ရတာလဲသိချင်တယ်ဗျာ

ဒီမိုတွေက ပြောလိုက်ရင် စကားကောင်းတစ်ခုမှမပါဘူးနော် ဆဲတာဆိုတာ ချည်းပဲ အင်းပေါ့ ဒီမိုတွေနေတဲ့ သိုင်းဝိုင်းက ပတ်ဝန်းကျင် မိဘတွေ စရိုက်က အဲလိုဖစ်လာတော့ သားသမီးတွေလည်း မိုက်ရိုင်းတာ မဆန်းပါဘူး မေထုံမှီဝဲ ကာမ ဆက်ဆံ ဒါပဲလုပ်နေတဲ့ဒီမို လုပ်တတ်တာ ဘာ၇ှိ ၇ှိတာ 3 ခုပဲ၇ှိတယ် အိပ် စား ကာမ ပဲလုပ်တတ်တာ

အဲဒါကြောင်. ချက်လေးလဲဂန်ဒူးလေး ဖြစ်နေတာပေါ့...ဟဲဟဲ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်