From :
..eleven
တည်ဆောက်ဆဲ ပြင်သစ် NOVOTEL Hotel (ရန်ကုန်) ပုံစံကို တွေ့ရစဉ် (ဓာတ်ပုံ-မက်စ်မြန်မာ)
အစိုးရသစ် လက်ထက်တွင် အမေရိကန်ဒေါ်လာ ၄၆၉ သန်း ၀င်ရောက်မြှုပ်နှံထားသည့် ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ ကဏ္ဍနှင့် အခြားကဏ္ဍများတွင် ထပ်မံမြှုပ်နှံရန်အတွက် ပြင်ဆင်နေကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပေါ်ပေါက်လာသည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၂၀ ကျော်အတွင်း ၀င်ရောက်မြှုပ်နှံခြင်း မရှိဘဲ အစိုးရသစ်လက်ထက် ၂၀၁၁ ခုနှစ်သို့ ရောက်မှသာ လုပ်ငန်းနှစ်ခုတွင် ၀င်ရောက်မြှုပ်နှံ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ အတွင်း၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ ပြင်သစ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ပြင်သစ်သမ္မတ H.E Mr. Francois Hollande နှင့် တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ လက်ကျန်ကြွေးမြီကိစ္စများ ဖြေရှင်းရေး
စသည့်အကြောင်း အရာများအား ဆွေးနွေးခဲ့ပြီး ဇူလိုင်လ နောက်ဆုံးပတ်အတွင်း၌ ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ပြင်သစ်သို့ ပေးရန်ရှိသည့် ကြွေးမြီ ယူရို ၁ ဒသမ ၁ ဘီလျံထဲမှ ယူရိုသန်း ၅၅၀ အား ပယ်ဖျက်သည့် နားလည်မှု စာချွန်လွှာကို ရေးထိုးခဲ့သည်။
ပြင်သစ်ကုန်သွယ်ရေး ၀န်ကြီးနှင့်အတူ ပြင်သစ်စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်လာပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ပြင်သစ်နိုင်ငံ အခြေစိုက် Total ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် မြှုပ်နှံလုပ်ကိုင်လျက်ရှိပြီး အခြားကုမ္ပဏီများမှလည်း မြန်မာနိုင်ငံ၏ သီလ၀ါ အထူးစီးပွားရေးဇုန် အပါအ၀င် အခြေခံ အဆောက်အအုံ ကဏ္ဍများနှင့် အခြားကဏ္ဍများတွင်ပါ ၀င်ရောက်ရင်းနှီး မြှုပ်နှံလုပ်ကိုင်ရန် စီစဉ်ဆောင်ရွက်မှုများ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံပေါင်း ၃၂ နိုင်ငံမှ မြှုပ်နှံလုပ်ကိုင်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်းမှာ ၂၀၁၃ ခုနှစ်၊ ဇွန်လကုန်အထိ အမေရိကန်ဒေါ်လာ ၄၁ ဘီလျံရှိပြီး မြန်မာနိုင်ငံတွင် အများဆုံး ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်သည့် နိုင်ငံများအနက် ပြင်သစ်နိုင်ငံမှာ အဆင့် (၈) နေရာ၌ ရပ်တည်နေကြောင်း သိရသည်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်