Subscribe to our RSS Feed

အီဂျစ်သမ္မတကို ဖြုတ်ချခြင်း နောက်ကွယ် အစ္စရေး ရှိနေဟု တူရကီ ဝန်ကြီးချုပ်ဆို

From : ..the voice


အီဂျစ်နိုင်ငံ သမိုင်းတွင် ပထမဦးဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဖြင့် အာဏာ ရလာသည့် မွတ်ဆလင် သမ္မတ မိုဟာမက် မော်စီကို စစ်တပ်က ရာထူးမှ ဖြုတ်ချလိုက်ခြင်း၏ နောက်ကွယ်တွင် အစ္စရေးရှိနေကြောင်း တူရကီ ဝန်ကြီးချုပ် ရီဆက်တေရစ်အာဒိုဂန်က စွပ်စွဲ ပြောကြားခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ဒီမိုကရေစီဆိုတာ မဲပေးတဲ့ ရလဒ်တစ်ခုတည်း မဟုတ်ဘူးလို့ သူတို့က ပြောကြတယ်။ ဒီကိစ္စ နောက်ကွယ်မှာ ဘယ်သူရှိလဲ။ အစ္စရေး ဖြစ်ပါ တယ်” ဟု ဝန်ကြီးချုပ် အာဒိုဂန်က အစ္စလာမ္မစ် ကြီးစိုးသော ၎င်း၏ နိုင်ငံရေး ပါတီ Justice and Development Party ၏ အစည်းအဝေးတွင် ပြောကြား ခဲ့သည်။

“ကျွန်တော်တို့မှာ အထောက်အထား ရှိပါတယ်” ဟု ဆိုထားသော တူရကီ ဝန်ကြီးချုပ်က ၂၀၁၁ ခုနှစ် ပြင်သစ်တွင် ပြုလုပ်သော ဖိုရမ်တွင် အစ္စရေး တရားရေး ဝန်ကြီးက မော်စီ၏ မွတ်ဆလင် ညီနောင်များ ရွေးကောက်ပွဲ နိုင် လျှင်ပင် အာဏာကို ထိန်းထားနိုင်မည် မဟုတ်ဟု ပြောဆိုခဲ့ခြင်းကို ကိုးကား ထောက်ပြခဲ့သည်။

သို့သော် အာဒိုဂန်၏ စွပ်စွဲ ပြောဆိုချက်ကို အီဂျစ် လက်ရှိ ကြားဖြတ် အစိုးရက ကန့်ကွက် ပယ်ချခဲ့ပြီး အခြေအမြစ် မရှိဟု တုံ့ပြန်ခဲ့သည်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟု၏ ရုံးမှ အကြီးတန်း အရာရှိကြီး တစ်ဦးကလည်း တူရကီ၏ ပြောဆိုမှုသည် အဓိပ္ပာယ်ကင်းမဲ့သည်ဟု AFP ကို ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုကလည်း အဆိုပါမှတ်ချက်စကားသည် ရန်လိုပြီး အထောက်အထား မခိုင်လုံ မှားယွင်းနေကြောင်း ပြောဆိုခဲ့သည်။

မိုဟာမက် မော်စီသည် ၂၀၁၂ ခုနှစ် ဇွန်လတွင် တရားဝင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုကာ နိုင်ငံရေး အာဏာ ရခဲ့သော်လည်း မတည်ငြိမ်မှု များ ဖြစ်ပွားခဲ့ကာ ပြည်သူ အမြောက်အမြား၏ ထောက်ခံမှုဖြင့် စစ်တပ်က ၎င်းကို ရာထူးမှ ဖြုတ်ချပစ်ခဲ့ပြီး ကြားဖြတ်အစိုးရ တင်ပေးခဲ့သည်။

အီဂျစ်တွင် သမ္မတကို ထိုသို့ ရာထူးမှ ဖြုတ်ချခြင်းကို အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက် အုပ်စုက စစ်အာဏာ သိမ်းခြင်းဟု လုံးဝ မသုံးနှုန်းခဲ့သည်ကိုလည်း တွေ့ရသည်။

တူရကီ ဝန်ကြီးချုပ် အာဒိုဂန်၏ပါတီသည် မိုဟာမက်မော်စီ၊ မွတ်ဆလင် ညီနောင်များ အင်အားစုတို့နှင့် ရင်းနှီးသော ဆက်ဆံရေးလည်း ရှိကာ စစ်တပ်က ၎င်းကို ဖြုတ်ချခဲ့ခြင်းကို အာဏာသိမ်းခြင်းဟု သုံးနှုန်း ခေါ်ဝေါ်ခဲ့ပေသည်။

တူရကီ ဝန်ကြီးချုပ် ပြောဆိုခဲ့မှုသည် အီဂျစ်၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ထိုးနှက်ခြင်း ဖြစ်ကာ ကိုင်ရိုအစိုးရ၏ သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်တော့မည် ဖြစ်ကြောင်း အီဂျစ် ဝန်ကြီးချုပ် ဘီဘလာဝီ၏ ရုံးက ပြောဆိုခဲ့သည်။


.. www.MyanmarExpress.net
 

1 comments:

Ardogan gov will be downed by the Isreal soon due to his speech.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်