Subscribe to our RSS Feed

မြန်မာတွင် ပြန်ကြားရေးဝန်ကြီးမှ မီဒီယာသမားတို့နှင့် ပြေလည်အောင် ညှိမည်ဟု ပြောဆိုနေချိန်၌ အီဂျစ် တွင် သတင်းမီဒီယာသမား ၄ ဦး ပစ်ခတ် နှိမ်နင်းခံရ

From : ..planet





လုံခြုံရေး တပ်ဖွဲ့များက ယခင် သမ္မတဟောင်း မိုဟာမက်မော်စီကို ထောက်ခံသည့် ဆန္ဒပြသူများအား အင်အားသုံး ပစ်ခတ် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ရာ သတင်းထောက် (၄)ဦး အပါအဝင် အနည်းဆုံး လူပေါင်း (၄၂၁)ဦး သေဆုံးခဲ့ပြီး အခြား လူ ၂၉၀၀ ကျော် ဒဏ်ရာရရှိခဲ့

အီဂျစ် သပိတ်စခန်း ဖြိုခွင်းမှုအတွင်း သတင်းမီဒီယာသမား ၄ ဦးသေဆုံး
အီဂျစ်နိုင်ငံတွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် သပိတ်စခန်း ဖြိုခွင်းမှုများအတွင်း သတင်းယူနေသော မီဒီယာသမား (၄)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ လုံခြုံရေး တပ်ဖွဲ့များက ယခင် သမ္မတဟောင်း မိုဟာမက်မော်စီကို ထောက်ခံသည့် ဆန္ဒပြသူများအား အင်အားသုံး ပစ်ခတ် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ရာ သတင်းထောက် (၄)ဦး အပါအဝင် အနည်းဆုံး လူပေါင်း (၄၂၁)ဦး သေဆုံးခဲ့ပြီး အခြား လူ ၂၉၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မော်စီကို ထောက်ခံခဲ့သည့် မွတ်ဆလင် ညီအစ်ကိုတော်အဖွဲ့နှင့် ၎င်းတို့ကို လိုလားသူများနှင့် ရဲတပ်ဖွဲ့တို့ကြား ထိပ်တိုက်တွေ့မှုတွင် ရဲများဘက်မှလည်း အသေအပျောက် ရှိခဲ့သည်။ သေဆုံးသူများအနက် မွတ်ဆလင် ညီအစ်ကိုတော်အဖွဲ့မှ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တစ်ဦး၏ အသက်(၁၇)နစ်အရွယ် သမီးလည်း ပါဝင်ခဲ့သည်။

အခင်းဖြစ်ပွားမှုများကို တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည့် Sky News သတင်းဌာန၏ မှတ်တမ်းဗီဒီယိုသမား မစ်ခ်ဒင်းန်နှင့် ဒူဘိုင်း အခြေစိုက် XPRESS သတင်းဂျာနယ်လစ် အမျိုးသမီး ဟာဘီဘာ အက်ဒယ်လ်အာဇစ်တို့သည် ထိုအချိန်က ဆန္ဒပြသူများ အနီးတွင် ရှိနေခဲ့သည်။ အသက်(၆၁)နှစ်ရှိ ဒင်းန်သည် ၎င်း၏ တာဝန်ကို ထမ်းဆောင်ရင်း ကျည်ဆန်ထိမှန် သေဆုံးသွားခဲ့ကြောင်း Sky Sportsက ဆိုသည်။ ၎င်း၏ ဒဏ်ရာအတွက် ဆေးဝါးကုသမှုများ ပြုလုပ်ရန် ကြိုးစားခဲ့သော်လည်း မကြာမီပင် ကွယ်လွန်ရှာကြောင်း Sky Sportsက ကြေညာသွားသည်။ "သူဟာ သိပ်တော်တဲ့ သတင်းကင်မရာသမားပါ။ သူ့ဘဝမှာ အကောင်းဆုံး သတင်းဓာတ်ပုံ တချို့ကို ရိုက်ကူးခဲ့ဖူးတယ်"ဟု Sky News၏ အကြီးအကဲ ဂျွန်ရိုင်လီက ပြောကြားခဲ့သည်။ ဟာဘီဟာသည်လည်း XPRESSအတွက် ကြိုးကြိုးစားစား သတင်းယူရင်းပင် သေဆုံးခဲ့ရှာသည်။ သူမသည် အသက်(၂၆)နှစ် အရွယ်သာ ရှိသေးသည်။ "သူထွက်ခွာသွားပြီဆိုတာ ယုံကြည်ဖို့ ခက်ခဲလွန်းပါတယ်။ ဟာဘီဟာက သူ့အလုပ်အပေါ် အင်မတန် စူးစိုက်မြတ်နိုးသူပါ။ ပြီးတော့ အလားအလာရှိတဲ့ သတင်းသမား တစ်ယောက်ပါ"ဟု XPRESS၏ လက်ထောက် အယ်ဒီတာ မာဇားဖာရွတ်က Gulf Newsသို့ ပြောကြားခဲ့သည်။

တတိယမြောက် သေဆုံးသည့် ဂျာနယ်လစ်မှာ အီဂျစ်ရှိ Al Akhbar သတင်းစာမှ အာမက်အက်ဘ်ဒဲလ် ဂါဝက်ဒ်ဖြစ်သည်။ ၎င်းသည် အကာအကွယ် ယူထားစဉ်မှာပင် ကျည်ဆန်ထိမှန် သေဆုံးပြီး အီဂျစ် သတင်းဆင်ဒီကိတ်က ၎င်းကို ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း အတည်ပြု ကြေညာသွားသည်။ နောက်ဆုံး သေဆုံးသွားသည့် သတင်းသမားမှာ RNN သတင်းဝက်ဘ်ဆိုက်မှ မိုဆက်ဘ်အယ်လ်ရှာမီရာဆက်ဒ်ဖြစ်ပြီး ၎င်း၏ သတင်းဌာနသည် အစ္စလာမ်ဝါဒကို လိုလား ရပ်တည်နေကြောင်း သိရသည်။ "ရာဘားက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာ အကာအကွယ် ယူထားလျှက်နဲ့ သူသေဆုံးခဲ့တာပါ။ အာဏာသိမ်းတဲ့လက်တွေ၊ သစ္စာဖောက်တဲ့ လက်တွေနဲ့ သူ့ကို သတ်ပစ်ခဲ့တာပါ"ဟု သတင်းဝက်ဘ်ဆိုက်၏ စာမျက်နှာတွင် ရေးသားထားသည်။

သတင်းများက ဗုဒ္ဓဟူးနေ့ သပိတ်စခန်း ဖြိုခွင်းမှုတွင် သေဆုံးသူ အရေအတွက်ကို (၂၀၀)နှင့် (၃၀၀)ကြား အမျိုးမျိုး ခန့်မှန်း ရေးသားခဲ့ကြသော်လည်း မွတ်ဆလင် ညီအစ်ကိုတော်အဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဂါဟက်ဒ်အယ်လ် ဟာဒက်က လူ(၂၀၀၀)ကျော် သေဆုံးပြီး (၁၀၀၀၀)ကျော် ဒဏ်ရာရကြောင်း စွပ်စွဲခဲ့သည်။ ဗုဒ္ဓဟူးနေ့ စီးနင်းမှု အပြီးတွင် လုံခြုံရေး တပ်ဖွဲ့များသည် သပိတ်စခန်းနေရာ နှစ်ခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ အခင်းဖြစ်ပွားစဉ် အခြေအနေများနှင့် ပတ်သက်ပြီး သတင်းထောက်များက စစ်ပွဲဇုန်နေရာဟုပင် ညွှန်းဆို ဖော်ပြခဲ့ကြကြောင်းလည်း သိရှိရသည်။ 
o

2 comments:

Now where is human right watch group??
Want to listen how they are going say!!!!

Good. I never hear EU, America and any western powers making economic sanctions to Egypt.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်