From :
..the voice
.. www.MyanmarExpress.net
ထိုင်းနိုင်ငံ
မြို့တော် ဘန်ကောက်တွင် အစိုးရ ဆန့်ကျင်သူ အင်အားစုများနှင့် အစိုးရ
ထောက်ခံသည့် နိုင်ငံရေး အင်အားစု နှစ်ဖက်စလုံးက စီတန်း လှည့်လည်
ဆန္ဒပြမှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိရာ
ထိုင်း ရဲတပ်ဖွဲ့နှင့် အဓိကရုဏ်း နှိမ်နင်းရေး အထူး တပ်ဖွဲ့များသည်
ဖြစ်ပေါ်လာနိုင်သည့် ဆူပူ အုံကြွမှုများ အတွက် အစွမ်းကုန် လေ့ကျင့်
ပြင်ဆင်လျက် ရှိကြောင်း ထိုင်း သတင်းစာများ၏ ရေးသား ဖော်ပြချက် အရ သိရသည်။
ထိုင်းအစိုးရကို ထောက်ခံသော ရှပ်နီ အင်အားစုများက အစိုးရ ဆန့်ကျင်ရေး အုပ်စုများကို အင်အားပြ ဆန္ဒ ထုတ်ဖော်ရန် ပြင်ဆင်နေချိန်တွင် ‘ပြည်သူ့တပ်ဖွဲ့’ အမည်ရသည့် အစိုးရ ဆန့်ကျင်ရေး အင်အားစုများက ဘန်ကောက်မြို့ရှိ လုမ္ပနီ ပန်းခြံထဲတွင် ငြိမ်းချမ်းစွာ ဆန္ဒပြမည် ဖြစ်သည်ဟု ထုတ် ပြန် ကြေညာသည်။
ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားချက်အရ ဘန်ကောက်ရှိ ခရိုင် သုံးခုတွင် လူထောင်ပေါင်း များစွာ ပါဝင်မည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်ရန် စီစဉ်ထားရာ အစိုးရက ပြည်တွင်း လုံခြုံရေး အက် ဥပဒေ (ISA) ထုတ်ပြန်ထားသည်။
‘ပြည်သူ့ တပ်ဖွဲ့’ အင်အားစုများက စနေနေ့က သတင်း ထုတ်ပြန်ရာတွင် “ယခု ကျင်းပမည့် အစိုးရ ဆန့်ကျင်ရေး ဧရာမ ဆန္ဒပြပွဲကြီးသည် သက်ဆင်နှင့် အပေါင်းအပါ အစိုးရအဖွဲ့ကို ဖြုတ်ချရန် ဦးတည်ပြီး ယင်း ဆန္ဒပြပွဲကြီးကို စစ်ဘက် ခေါင်းဆောင်အချို့ အပါအဝင် အရာရှိကြီး ၃၀ ခန့်က ကျောထောက်နောက်ခံ ပေးထားသည်” ဟု ဖော်ပြသည်။
လက်ရှိ အနေအထားတွင် လုမ္ဗိနီ ပန်းခြံ အပါအဝင် အခြား ခရိုင် သုံးခု၌ လုံခြုံရေး တပ်ဖွဲ့ဝင်များကို တပ်ဖြန့်ထားကြောင်း၊ ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပေါ်ပါက ထိခိုက်မှု အနည်းဆုံး ဖြစ်မည့် နည်းလမ်းဖြင့် ဖြေရှင်းသွားရန် တပ်ဖွဲ့ဝင်များ လေ့ကျင့်ထားပြီး ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရေး ဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် ပီယာအူဟာယိုက ပြောကြားသည်။
ထို့ပြင် အခြားသော ရဲတပ်ဖွဲ့ဝင်များနှင့် အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များကိုလည်း ဆူပူ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ တပ်လှန့်ထားပြီး အကယ်၍ အကြမ်းဖက်မှုများ ဖြစ်ပေါ်ပါက သုံးနာရီအတွင်း အပြီးသတ် ဖြေရှင်းသွားရန် ထိုင်း အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲက ညွှန်ကြားထား ကြောင်း ၎င်းက ဆိုသည်။
ထိုင်းရဲတပ်ဖွဲ့သည် ယခုနှစ်များအတွင်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည့် ဆန္ဒပြမှုများနှင့် အုပ်စုချင်း တိုက်ခိုက်မှုများစွာကို ရင်ဆိုင် ဖြေရှင်းခဲ့ရကြောင်း၊ အဆိုပါ အတွေ့အကြုံများကို အခြေခံပြီး ယခု ဖြစ်ပေါ်ရန် ရှိသည့် ဆန္ဒပြမှုများကို ကောင်းမွန်စွာ ဖြေရှင်းသွား လိမ့်မည်ဟု ယူဆ ရကြောင်း လေ့လာ စောင့်ကြည့်သူတို့က ဆိုသည်။
The Nation သတင်းစာ ရေးသားချက်အရ ပြည်သူ့တပ်ဖွဲ့ အင်အားစုသည် ထိုင်း အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းချက်များအပေါ် ယုံကြည်မှု ကင်းမဲ့လျက်ရှိပြီး ဝန်ကြီးချုပ် ရင်းလတ် ရှင်နာဝပ်နှင့် နောက် လိုက် နိုင်ငံရေး အင်အားစုများကို ရိုးစင်းမှု မရှိသော အဖွဲ့ ဖြစ်သည်ဟု သတ်မှတ်ထားသည်။
ဝန်ကြီးချုပ် ရင်းလတ်ရှင်နာဝပ်က မိမိတို့ အစိုးရအနေနှင့် ပြန်လည် သင့်မြတ်ရေးကို အကောင်အထည်ဖော်မည် ဖြစ်သည်ဟု စနေနေ့တွင် ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ယင်းကြေညာချက်သည် အချိန်ဆွဲရန် ပရိယာယ် သက်သက်မျှသာ ဖြစ်သည်ဟု အတိုက်အခံတို့က ဆိုသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်