From :
.. the voice
.. www.MyanmarExpress.net
အမေရိကန်နိုင်ငံ၏ နျူကလီးယား ဓာတ်ပေါင်းဖို ၁၀၇ ခုလုံးကို အကြမ်းဖက်
တိုက်ခိုက်ခံရနိုင်မှု အန္တရာယ်မှ ပြည့်ဝစွာ အကာအကွယ် ပေးမထားဘဲ အချို့သော
ဓာတ်ပေါင်းဖိုများမှာ ဗုံးလုပ်နိုင်သော သန့်စင်မှု ရှိသည့် လောင်စာများကိုပင် ခိုးယူနိုင်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်တိုက်မှု ဖြစ်ပွားပြီးသည်မှာ ဆယ်စုနှစ်များ ကြာခဲ့ပြီ ဖြစ်သော်လည်း အမေရိကန် နိုင်ငံတွင်းရှိ နျူကလီးယား ဓာတ်ပေါင်းဖိုများကို လုံလောက်စွာ ကာကွယ်ပေးမထားဘဲ လုံခြုံရေး ဟာကွက်များ ရှိနေသေးကြောင်း တက္ကဆပ်တက္ကသိုလ်မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ထောက်ပြထားသည်။
“ဓာတ်ပေါင်းဖိုတွေပေါ် တိုက်ခိုက်ခံခဲ့ရပြီးမှ ပြန်လည် သုံးသပ်ကြရင် အလွန်ကြေကွဲ ဝမ်းနည်းရလိမ့်မယ်။ အဲဒီလိုဖြစ်လာမှ ငါတို့တွေ ဘေးဆိုးကြီးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ခဲ့ရင် ကောင်းသား လို့ ပြောကြလိမ့်မယ်” ဟု နျူကလီးယား လက်နက်ပြန့်ပွားမှု တားဆီးရေး အစီရင်ခံစာ ပူးတွဲရေးသားသူ ပါမောက္ခ အလန်ကူပါမန်က ထောက်ပြသည်။
အမေရိကန်ပြည်ထောင်စုရှိ နျူကလီးယား ဓာတ်ပေါင်းဖို ၁၀၄ ခုနှင့် အရပ်ဘက်သုံး သုတေသန ဓာတ်ပေါင်းဖို သုံးခု၏ လုံခြုံရေးဆိုင်ရာများကို ပညာရှင်များက လေ့လာသုံးသပ်ပေးရန် ကာကွယ်ရေး ဝန်ကြီးဌာနက တောင်းဆိုခဲ့ခြင်းကြောင့် အစီရင်ခံစာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
သို့သော်လည်း အစီရင်ခံစာကို အရပ်ဘက် နျူကလီးယား အဆောက်အအုံ ဘေးအန္တရာယ် ကင်းရှင်းရေး တာဝန်ယူရသည့် အစိုးရအေဂျင်စီက ဝေဖန်စိန်ခေါ် လိုက်သည်။
နျူကလီးယား စောင့်ကြည့် စည်းကမ်းထိန်းသိမ်းရေး ကော်မရှင် (NRC) က ပြီးခဲ့သည့် ဆယ်နှစ်ကျော် ကာလက လေ့လာဖော်ထုတ်ထားသည်များ ကိုသာ ပြန်လည် ရေးသားထားခြင်း ဖြစ်ပြီး သတင်းအချက်အလက်အသစ် တစ်ခုမျှ မပါဝင်ကြောင်း၊ စက်ရုံများ၏ လုံခြုံရေးကို တိုးမြှင့်ထားပြီး လုံလောက်စွာ အကာအကွယ် ပေးထားကြောင်း NRC အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်မတ် အင်တိုင်က ပြောကြားသည်။
အမေရိကန် ကမ်းရိုးတန်းဒေသများဖြစ်သော ကယ်လီဖိုးနီးယား၊ မက်ဆာ ချူးဆက်၊ နယူးယောက်၊ မြောက်ကာရိုလိုင်းနားနှင့် ဗာဂျီးနီးယားပြည်နယ်တို့ရှိ ဓာတ်ပေါင်းဖိုများကို ပင်လယ် ရေကြောင်းမှတစ်ဆင့် ဝင်ရောက် တိုက်ခိုက်လာပါက ခုခံကာကွယ်နိုင်မည် မဟုတ်ကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။
နျူကလီးယား စက်ရုံများ၏ လုံခြုံရေး အစီအမံများ ချမှတ်နိုင်ရေးအတွက် အခြေခံ ခြိမ်းခြောက်မှု ဒီဇိုင်းပုံစံကို အခြေတည် စဉ်းစားထားပြီး အကြမ်းဖက်သမား ငါးဦးမှ ခြောက်ဦးထိ ဝင်ရောက် တိုက်ခိုက်သည်ကို ကာကွယ်သည့်ပုံစံ စဉ်းစားထားခြင်း ဖြစ်သည်။
သို့သော်လည်း အခြေခံ ခြိမ်းခြောက်မှု ဒီဇိုင်းကို အဆင့်အမျိုးမျိုး ခွဲခြားထားခြင်းကြောင့် နျူကလီးယား စက်ရုံများတွင် လုံခြုံရေး အစီအမံ အမျိုးမျိုး ပေါ်ပေါက်လာကြောင်း၊ လုံခြုံရေး အစီအစဉ်များ တစ်သားတည်း ဖြစ်သင့်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။
ထို့အပြင် အကြမ်းဖက် တိုက်ခိုက်မှုတွင် စက်ရုံအတွင်း တာဝန်ထမ်းဆောင်နေသူများ ပူးပေါင်းဆောင်ရွက်နိုင်မှုကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်