From :
..the voice
အီဂျစ်နိုင်ငံတွင် အာဏာသိမ်း စစ်တပ် ကျောထောက် နောက်ခံ ကြားဖြတ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အင်အားစုများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံး ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အီဂျစ်အား ပေးအပ်လျက် ရှိသည့် အကူအညီ အထောက်အပံ့များ ဖြတ်တောက်ရန် ဥရောပသမဂ္ဂ (အီးယူ) က အလေးအနက်ထား စဉ်းစားတော့မည် ဖြစ်သည်ဟု အီးယူ အရာရှိကြီးများ၏ ပြောကြားချက်ကို UPI သတင်းဌာနက ရေးသား ဖော်ပြ သည်။
သမ္မတဟောင်း မိုဟာမက်မော်စီကို ထောက်ခံ အားပေးသည့် မွတ်ဆလင် ညီနောင်များ အဖွဲ့မှ ဆန္ဒပြ အင်အားစုများကို အစိုးရ တပ်ဖွဲ့များက အကြမ်းဖက် နှိမ်နင်းမှု ဖြစ်ပွားခဲ့ပြီးနောက် အီးယူသည် အီဂျစ်နှင့် ဆက်ဆံရေးကို ပြန်လည် ဆန်းစစ်လျက် ရှိကြောင်း အီးယူ အရာရှိများ က ပြောကြားသည်။
ထို့အတူ အီဂျစ်နိုင်ငံကလည်း အနောက်နိုင်ငံများနှင့် မဟာဗျူဟာ ဆက်ဆံရေးကို ပြန်လည် စိစစ် သုံးသပ်မည် ဖြစ်သည်ဟု တုံ့ပြန် ပြောဆို သည်။
‘အီဂျစ်သည် ဥရောပ သမဂ္ဂ (အီးယူ) ၏ အဓိကကျသည့် မိတ်ဖက် နိုင်ငံ တစ်ခု ဖြစ်သည်။ မဟာဗျူဟာ ကျသော ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရေးအတွက် တာဝန်နှင့် အကျိုးစီးပွား ဟူသည် ကျွန်ုပ်တို့ နှစ်ဦးနှစ်ဖက်စလုံးတွင် ရှိသည်’ ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ ဂျို့စ်မန်နျူရယ် ဘရာဆိုနှင့် ဥရောပကောင်စီ ဥက္ကဋ္ဌ ဟာမန်းဗန်ရွန်ပေး တို့ နှစ်ဦးက ပူးတွဲ ကြေညာချက် ထုတ်ပြန်သည်။
“ဒါပေမဲ့ဗျာ ပြီးခဲ့တဲ့ ရက်သတ္တတစ်ပတ်တွင်း အီဂျစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မှုဟာ အင်မတန် စိုးရိမ် ပူပန်စရာ ကောင်းလှပါတယ်” ဟု မစ္စတာဘရာဆိုက သုံးသပ် ပြောကြားသည်။
သို့သော်လည်း အီးယူ အနေနှင့် အီဂျစ်နိုင်ငံတွင်း ဆူပူ အုံကြွမှုများ အဆုံးသတ်ရေးနှင့် နိုင်ငံရေး ဒိုင်ယာလော့ခ်များ ပြန်လည် စတင်ရေးအတွက် ဆက်လက် ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းတို့ နှစ်ဦး ၏ ကြေညာချက်က ဆိုသည်။
လတ်တလော အနေအထားတွင် အီးယူ အဖွဲ့ဝင် ၂၈ နိုင်ငံသည် အီဂျစ်နှင့် အီးယူအကြား ဆက်ဆံရေးကို အရေးတကြီး ဆန်းစစ်ကာ ပန်းတိုင်များ ချမှတ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုများ လုပ်ဆောင်သွား မည် ဖြစ်သည်ဟု ဆိုသည်။
အီးယူ သံတမန်ကြီးများ အဆိုအရ အီဂျစ်နိုင်ငံအပေါ် ပေးအပ်လျက် ရှိသည့် အကူအညီ အထောက်အပံ့များ လျှော့ချရေး သို့မဟုတ် အပြောင်းအလဲ ပြုလုပ်ရေးအတွက် အီးယူနိုင်ငံခြားရေး ဝန်ကြီးများက မကြာမီ ရက်ပိုင်း (ဗုဒ္ဓဟူး သို့မဟုတ် ကြာသပတေးနေ့) တွင် မဲခွဲ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
အီးယူသည် ပြီးခဲ့သည့် နိုဝင်ဘာလ၊ မွတ်ဆလင် ညီနောင်များအဖွဲ့မှ မိုဟာမက် မော်စီ အီဂျစ် သမ္မတ ရာထူး ရရှိပြီးနောက် အီဂျစ်နိုင်ငံ အတွက် ချေးငွေနှင့် ထောက်ပံ့ငွေ စုစုပေါင်း ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံ ထောက်ပံ့ပေးသွားမည်ဟု ကတိကဝတ် ပြုခဲ့သည်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်