Subscribe to our RSS Feed

ဥရောပအမြန် မီးရထားလမ်း ကွန်ရက်ကို အယ်လ်ကေဒါ ပစ်မှတ်ထား

From : ..the voice

ကမ္ဘာလုံးဆိုင်ရာ ဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်း အယ်လ်ကေဒါသည် ဥရောပ နိုင်ငံများကို သွယ်ယှက်ထားသည့် မြန်နှုန်းမြင့် မီးရထားလမ်း ကွန်ရက်ကို ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်လျက် ရှိကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်များကို ကိုးကားလျက် ဂျာမန် ပြည်တွင်း သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ သတင်းသည် အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံရေး အေဂျင်စီ NSA ထောက်လှမ်းရေး အဖွဲ့အစည်းထံမှ ရရှိခြင်း ဖြစ်ကာ ထိပ်တန်း အယ်လ်ကေဒါ လှုပ်ရှားသူများ တိုင်ပင် ဆွေးနွေး သည့် တယ်လီဖုန်း ခေါ်ဆိုမှုကို ကြားဖြတ် နားထောင်ရာမှ ယင်းသတင်း ကို ခြေရာခံမိခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဥရောပ အမြန် ရထားလမ်း ကွန်ရက်ကို တိုက်ခိုက်ရန် ကိစ္စများကို အဆိုပါ တယ်လီဖုန်း ခေါ်ဆိုမှု အတွင်း အဓိက ဆွေးနွေးကြသည်ဟု ဂျာမန် သတင်းစာ Bild က ရေးသားထားသည်။

ဂျာမနီ အာဏာပိုင်များက ယင်း တိုက်ခိုက်ရန် ခြိမ်းခြောက်မှုကို ကာကွယ်နိုင်ရန်အတွက် အရပ်ဝတ် ရဲများကို ဘူတာရုံများနှင့် အဓိက ရထားလမ်းပိုင်းများတွင် စောင့်ကြည့် စစ်ဆေး ထောက်လှမ်းစေခြင်း များ ပြုလုပ်လျက် ရှိကြောင်း ယင်းသတင်းစာက ဖော်ပြထားသည်။

ထောက်လှမ်းရေး အေဂျင်စီများသည် အယ်လ်ကေဒါ ခေါင်းဆောင် အီမန် အယ်ဇာဝါဟီရီနှင့် ကမ္ဘာလုံးအနှံ့ ၂၀ ကျော်သော အယ်လ်ကေဒါ ကွန်ရက်ဝင်များ တယ်လီဖုန်းခေါ်ဆို နှီးနှောနေမှုများကို ကြားဖြတ် ရရှိထားကြောင်း အမေရိကန် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရှိရသည်။

အဆိုပါ သတင်း ကြိုတင် ရရှိမှုများကြောင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံ ရမည်ကို စိုးရိမ်သောအားဖြင့် မွတ်ဆလင်နိုင်ငံများရှိ အမေရိကန် သံရုံးများ ကို ပိတ်ခဲ့မှုများ ရှိခဲ့သည်။

အယ်လ်ကေဒါသည် အရှေ့အလယ်ပိုင်း သို့မဟုတ် မြောက်အာဖရိကတို့တွင် အကြီးအကျယ် တိုက်ခိုက်မှုများ လုပ်လာဖွယ် ရှိသည်ဟု အမေရိကန်ပြည်ထောင်စုက ကမ္ဘာလုံးအနှံ့ သတိပေးချက်ကို သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အစွန်းရောက်များသည် ရထားများ၊ ဥမင် လိုဏ်ခေါင်းများ၊ သံလမ်းများနှင့် လျှပ်စစ်ကေဘယ် ကြိုးများ တွင် ဗုံးထောင်ခြင်းများ ဥရောပ အမြန်ရထား ကွန်ရက်တွင် လုပ်လာနိုင်ခြေ ရှိသည်ဟု ဂျာမနီနှင့် ဥရောပမှ လူဖတ်များ သတင်းစာ Bild က သတိပေးထားသည်။

ဖုန်းကြားဖြတ် နားထောင်မှု အစီအစဉ်ကြောင့် အကြမ်းဖက် လုပ်ရပ်များကို ကြိုတင် သိရှိကာ ဖောက်ခွဲရေးသမားများ အန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်ကြောင်း အမေရိက၏ ဝေဖန်ခံနေရသော အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA က ပြောကြားခဲ့ဖူးသည်။

.. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်