From :
..the voice
ဆယ်စုနှစ်တစ်စုအတွင်း ရေမြင်းအရှင် ပေါက်ဖွားခြင်း မရှိသေးသည့် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တွင် သြဂုတ်လကုန်နှင့် စက်တင်ဘာလဆန်းကြား မွေးဖွားမည်ဟု ခန့်မှန်းထားသော ရေမြင်းမကို အရှင် မွေးဖွားနိုင်ရေးအတွက် ဂရုတစိုက် ကြိုးပမ်းနေကြောင်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ် တိရစ္ဆာန် ဆေးကုဆရာဝန် ဒေါက်တာထွန်းမြင့်က The Voice သို့ ပြောကြားသည်။
၂၀၀၀ ပြည့်နှစ်ခန့်က ရေမြင်းအရှင် မွေးဖွားခဲ့သည့် အချိန်မှစ၍ ၂၀၁၃ ခုနှစ်ထိ ရေမြင်းအရှင် မွေးဖွားဖူးခြင်း မရှိသေးဘဲ ကြားကာလတွင် အသက်မရှင်သော ရေမြင်းလေးများ နှစ်ကြိမ်ထိ မွေးဖွားခဲ့ဖူးကြောင်း ရေမြင်းများ၏ သဘာဝသည် မွေးဖွားစဉ်တွင် ရေထဲတွင်မွေးမှသာ အသက်ရှင်လေ့ရှိပြီး ကုန်းပေါ်တွင်မွေးသော ရေမြင်းသည် သေဆုံးလေ့ ရှိကြောင်း ၎င်းကရှင်းလင်း ပြောကြားသည်။
ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တွင် ရေမြင်း ခြောက်ကောင်ရှိပြီး ယခုကိုယ်ဝန်ရှိနေသော ရေမြင်းမသည် ၂၀၀၀ ပြည့်နှစ်က မွေးဖွားခဲ့သော ရေမြင်းမဖြစ်ကာ ဆယ်နှစ်ကျော် သက်တမ်းရှိသည်ဟု ဒေါက်တာထွန်းမြင့်က ပြောပါသည်။
တစ်နှစ်ခွဲတွင်တစ်ကြိမ် တစ်သားပေါက်လေ့ရှိသော ရေမြင်းသည် ကိုယ်ဝန်ဆောင်ချိန် ရှစ်လခန့် ကြာမြင့်ပြီး ရေမြင်းများသည် တစ်ခါမွေးလျှင် တစ်ကောင်သာ မွေးလေ့ရှိကာ အမြွှာမွေးခြင်း ရှိသော်လည်း ရှားပါးကြောင်း ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဥယျာဉ် လေးခုရှိပြီး ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သည် သက်တမ်းအရှည်ဆုံးနှင့် ဒုတိယအကြီးဆုံး တိရစ္ဆာန်ဥယျာဉ် ဖြစ်သည်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်