Tuesday, August 06, 2013
ME
From :
.. planet
|
စင်မြင့်ပေါ် ဖျော်ဖြေနေစဉ် အမေရိကန် Rock ဂီတအဖွဲ့ Bloodhound Gangမှ
အဖွဲ့ဝင် တစ်ဦးက ရုရှားအလံကို အတွင်းခံ ဘောင်းဘီထဲ သွပ်သွင်းပြခဲ့သည်

ရုရှားအလံကို မဖွယ်မရာ ပြုခဲ့မှုအတွက်
အမေရိကန် ဂီတအဖွဲ့တစ်ခုအား ရုရှားက ဖျော်ဖြေခွင့် ပိတ်ပင်လိုက်ကြောင်း
သိရှိရသည်။ စင်မြင့်ပေါ် ဖျော်ဖြေနေစဉ် အမေရိကန် Rock ဂီတအဖွဲ့ Bloodhound
Gangမှ အဖွဲ့ဝင် တစ်ဦးက ရုရှားအလံကို အတွင်းခံ ဘောင်းဘီထဲ
သွပ်သွင်းပြခဲ့သည်။ ရုရှား ယဉ်ကျေးမှု ဝန်ကြီး ဗလာဒီမာ မီဒင်စကီးက အဆိုပါ
ဂီတအဖွဲ့ကို အရူးများဟု ဝေဖန်ခဲ့ပြီး ၎င်းတို့ အနေဖြင့် အိမ်ပြန်ရန်
အထုပ်ပြင်ရုံသာ ရှိတော့ကြောင်း ပြောကြားခဲ့သည်။ Bassဂီတာ တီးခတ်သူ ဂျာရတ်
ဟာဆယ်လ်ဟော့ဖ်က ရုရှားအလံ တစ်ခုကို ၎င်း၏ အတွင်းခံဘောင်းဘီ ရှေ့ဘက်ထဲ
ထိုးထည့်ပြီး နောက်ဘက်မှ ပြန်ဆွဲထုတ်ခဲ့သည့် ဗီဒီယိုသည် ရုရှားတွင်
ဝေဖန်စရာ ဖြစ်ခဲ့သည်။

ယင်းသည် ယူကရိန်းရှိ အိုဒက်ဆီမြို့မှ ဖျော်ဖြေပွဲတွင်
ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဟာဆယ်လ်ဟော့ဖ်က ပြန်လည်
တောင်းပန်ခဲ့သည်။ ထိုစဉ်က စတန့်ထွင်သည့် လုပ်ရပ်ကို အားပေးနေသည့် ပရိသတ်အား
ဟာဆယ်လ်ဟော့ဖ်က "ပူတင်ကို မပြောနဲ့နော်"ဟု နောက်ပြောင်ခဲ့သေးသည်။ ဗလာဒီမာ
ပူတင်သည် လက်ရှိ ရုရှားသမ္မတလည်း ဖြစ်သည်။ အဆိုပါ အဖွဲ့သည် ဩဂုတ်လ
ပထမပတ်အတွင်း ရုရှားနိုင်ငံ ကရာစ်နိုဒါ ဒေသတွင် ကျင်းပမည့် ကူဘာနာ
ဂီတပွဲတွင် ဖျော်ဖြေရန် စီစဉ်ထားသော်လည်း ယခုအခါတွင်မူ ပိတ်ပင်မှုနှင့်
ကြုံရပြီဟု သိရှိရသည်။ "ကျွန်တော် ကရာစ်နိုဒါ ဒေသ အုပ်ချုပ်ရေး အဖွဲ့နဲ့
စကားပြောခဲ့တယ်။ ခုတော့ Bloodhound Gangက ပြန်ဖို့ အထုပ်ပြင်နေရပြီ"ဟု
မီဒင်စကီးက Twitter တွင် ရေးသားခဲ့သည်။
၎င်းက ဆက်လက်၍ "အဲဒီ အရူးတွေကို ကူဘာနာမှာ ဖျော်ဖြေခွင့်
မပေးနိုင်ဘူး"ဟုလည်း အတည်ပြုခဲ့သည်။ ဂီတပွဲ စီစဉ်သူ အိုင်လေယာ
အော့စ်ထရော့ဗ်စကီးက "ကျွန်တော်တို့ ဒီပွဲကို စီစဉ်တာ ရင်းနှီးဖို့၊
တေးဂီတတွေ နားထောင်ဖို့ပါ။ နိုင်ငံတစ်နိုင်ငံကို မလျော်မကန်
စော်ကားတာမျိုးကိုတော့ လက်မခံနိုင်ပါဘူး"ဟု ပြောကြားသွားသည်။ Gloodhound
Gangကို (၁၉၉၀)ပြည့်လွန် နှစ်များက စတင်တည်ထောင်ပြီး ၎င်းတို့၏ တဏှာရာဂနှင့်
ဆက်နွယ်ပြီး လိင်ပိုင်းဆိုင်ရာ တစ်တစ်ခွခွ သီဆိုသော စာသားများကြောင့်
လူသိများသည်။
|
..
www.MyanmarExpress.net