Subscribe to our RSS Feed

ကျောင်းကုန်းမြို့နယ်အတွင်း ရေဘေးကြုံတွေ့နေရသော ကျေးရွာပေါင်း ၄၅ ရွာရှိပြီး ကယ်ဆယ်ရေးစခန်း ၇၀ ဖွင့်လှစ်ထား

From : ခေတ်လူငယ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် အတွင်း၌ ကျေးရွာပေါင်း ၆၈ ရွာရှိသည့်အနက် ကျေးရွာ ၄၅ ရွာမှာ ရေဘေးဒဏ် ကြုံတွေ့နေရပြီး ကယ်ဆယ်ရေးစခန်း ၇၀ ဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။ ကျောင်းကုန်းမြို့နယ်အတွင်း ရေဘေးဒဏ် ခံစားနေရသော လူဦးရေ စုစုပေါင်းမှာ ၃၀၉၉၂ ဦးရှိပြီး ကယ်ဆယ်ရေး စခန်းတွင် ၇၉၀၁ ဦး၊ ရွာ၌နေသူဦးရေမှာ ၂၃၀၉၁ ဦးဖြစ်ကြောင်း သိရသည်။ ''ရေဘေးဒုက္ခသည်တွေကို ကယ်ဆယ်ရေးစခန်းမှာ ထားတာရှိသလို ရွာမှာပဲ ထားတာလည်း ရှိပါတယ်။ အဓိက လိုအပ်တာကတော့ ဆန်၊ ဆေးနဲ့ ရေတွေကိုပါ။ ရန်ကုန်က အလှူရှင်တွေလာပြီး ဆန်လှူကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း တစ်ဦးကို ဆန်တစ်ဘူးနှုန်းနဲ့ နေ့တိုင်း ဝေပေးနေရပါတယ်။ တစ်ရက်ကို ဆန်အိတ် ၃၁၀ လောက် နေ့စဉ် လိုအပ်နေပါတယ်။ လက်ရှိမှာ ကုသပေးနေရတာတွေက ဖျားနာကိုက်ခဲတာတွေ များပါတယ်'' ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ ရေနစ်မြုပ်နေသော လယ်ဧကမှာ ၃၆၄၁၅ ဧက ရှိကြောင်းလည်း သိရသည်။ ယင်းဒေသ၏ စိုးရိမ်ရေမှတ်မှာ ၁၈ ပေဖြစ်ပြီး ၁၉ ပေနီးပါးထိ ရေမြင့်တက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများ ဖွင့်သော်လည်း မူလတန်းကျောင်း ၅၀ ခန့် ပိတ်ထားရကြောင်း သိရသည်။ ''မြစ်ရေ ချောင်းရေ လျှံတာကနေ တဖြည်းဖြည်း ရေကြီးလာတာပါ။ ရေက တစ်ရက်ကို ၃ လက်မ၊ ၄ လက်မနဲ့ တဖြည်းဖြည်း တက်လာတာမျိုးပါ။ တချို့နေရာတွေက လုံးဝမြုပ်တယ်။ တချို့နေရာတွေကတော့ ရေ၀င်လာတာမျိုး ကြုံရတယ်။ အခု ရေပြန်ကျနေပေမယ့် ၀ါခေါင်လမှာ ရေတစ်ခါ တက်နိုင်သေးတယ်။ ဒီမြို့နယ်မှာ ရေဘေးအဆိုးဆုံး ကြုံရတဲ့ ရွာတွေက ရေတာကြီး၊ သဲဂုန်နဲ့ လှေကွဲလဟာ ကျေးရွာတွေပါ'' ဟု ရပ်မိရပ်ဖတစ်ဦးက ပြောပြခဲ့သည်။ ''လယ်ကွင်းတွေကတော့ ရေမြုပ်ကုန်ပါပြီ။ မျိုးစပါး အခက်အခဲ ဖြစ်နိုင်တယ်။ ရေပြန်ကျရင်တော့ ဆက်လုပ် ရမှာပေါ့။ ကြဲခင်းတွေ ပြန်ပက် ရမယ်။ နောက်ထပ် လုပ်ရတော့ နောက်ထပ်ချေးရဦးမှာပေါ့။ ဒါနဲ့ပဲ ငွေမလည်နိုင်ဘူး ဖြစ်နေရတယ်'' ဟု တောင်သူတစ်ဦးက ပြောပြသည်။ ''ဒီကယ်ဆယ်ရေး စခန်းကို ရောက်တာ နှစ်ပတ်လောက် ရှိပါပြီ။ မိသားစုက လေးဦးပါ။ လက်ရှိတော့ အလှူရှင်တွေ လာပေးတာကိုပဲ မှီခိုနေရတယ်။ သောက်ရေက ခဏလေး ကုန်သွားပြီး မလောက်ငှဘူး။ ဆန်ဂိုဒေါင်နေရာကို ကယ်ဆယ်ရေးစခန်း လုပ်ထားတာပါ'' ဟု ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေး စခန်းတစ်ခုမှ ရေဘေးဒုက္ခသည် တစ်ဦးက ပြောပြခဲ့သည်။ ယင်းဒေသများတွင် ၂၀၀၄၊ ၂၀၀၆ ခုနှစ်များကလည်း ရေဘေးနှင့် ကြုံတွေ့ခဲ့ရပြီး ၂၀၀၄ ခုနှစ်မှာ အဆိုးဆုံးဖြစ်ကာ လက်ရှိအခြေအနေအရ ယခုနှစ်ကြုံတွေ့ရမှုမှာ ဒုတိယ အဆိုးဆုံးဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။























Myanmar Express

1 comments:

ShweHub မှာ share ထားပါတယ်

http://www.shwehub.com/local-news/ကျောင်းကုန်းမြို့နယ်အတွင်း-ရေဘေးကြုံတွေ့နေရသော-ကျေးရွာပေါင်း-၄၅-ရွာရှိပြီး-ကယ်ဆယ်ရေးစခန်း-၇၀-ဖွင့်လှစ်ထား/

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်