Subscribe to our RSS Feed

၅၀၀ ကေဗွီ ဓာတ်အား လိုင်းကို ပြည်ပနိုင်ငံများမှ ချေးငွေရယူ ဆောင်ရွက် သွားမည်



From : MRTV4

မိတ္ထီလာမြို့နဲ့ ပဲခူးမြို့ ကြားမှာ တည်ဆောက်မယ့် ၅၀၀ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက် မှုအတွက် လိုအပ်တဲ့ ချေးငွေကို ပြည်ပ နိုင်ငံများမှ ရယူဆောင်ရွက် သွားမှာဖြစ်ပြီး လက်ရှိမှာ ချေးငွေ ရယူ ဆောင်ရွက်ဖို့ အတွက် ညှိနှိုင်း ဆွေးနွေးမှုတွေ ဆောင်ရွက်လျက် ရှိတယ်လို့ နေပြည်တော်ရှိ အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ၅၀၀ ကေဗွီ ဓာတ်အားလိုင်း စနစ် တည်ဆောက်ရေး လုပ်ငန်းကို အပိုင်း ၃ ပိုင်း ခွဲခြားပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။ဒီလို တည်ဆောက်ရာမှာ အပိုင်း ၁ သပြေ၀ မိတ္ထီလာ တောင်ငူ ဓာတ်အား လိုင်း ၁၄၆ မိုင်အထိ တည်ဆောက် သွားမှာဖြစ်ပြီး အဆိုပါ အပိုင်း ၁ ကို နိုင်ငံတော် ဘတ်ဂျက်နဲ့ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပိုင်း ၂ အနေနဲ့ တောင်ငူ-ကမာနတ် ပဲခူး ဓာတ်အားလိုင်း ၁၁၇ မိုင်၊ အပိုင်း ၃ ဖြစ်တဲ့ သပြေ၀၊ တောင်ငူ၊ ကမာနတ် အစရှိတဲ့ နေရာတွေမှာ ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံ ၃ ရုံကို တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ အပိုင်း ၂ နဲ့ အပိုင်း ၃ တည်ဆောက်မှု အတွက် လိုအပ်တဲ့ ငွေကြေး ကိုတော့ ပြည်ပ နိုင်ငံများမှ ချေးငွေရ ယူကာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့ကြောင့် ချေးငွေ ရယူ ဆောင်ရွက်မယ့် အပိုင်း ၂ ဖြစ်တဲ့ ၅၀၀ ကေဗွီ တောင်ငူ- ကမာနတ် ပဲခူး ဓာတ်အားလိုင်း ၁၁၇ မိုင်အတွက် ဓာတ်အားလိုင်း ပစ္စည်းများ ၀ယ်ယူဖို့ အမေရိကန် ဒေါ်လာ ၈၇.၇၅ သန်းခန့် လိုအပ်မှာ ဖြစ်ပါတယ်။ အဆိုပါ ပစ္စည်းများ ၀ယ်ဖို့ လိုအပ်တဲ့ ချေးငွေ အတွက်ကို ကိုရီးယား နိုင်ငံနဲ့ ညှိနှိုင်း ဆွေးနွေး ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အပိုင်း ၃ ဖြစ်တဲ့ ၅၀၀ ကေဗွီ သပြေ၀၊ တောင်ငူ၊ ကမာနတ် ဓာတ်အားခွဲ ရုံသုံးရုံ အတွက် ချေးငွေ ကိုတော့ ဂျပန်နိုင်ငံနဲ့ ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်း ဆွေးနွေးဖို့ ပြင်ဆင် လျက်ရှိပြီး အမေရိကန် ဒေါ်လာ ၇၈ သန်း လိုအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ ၅၀၀ ကေဗွီ ဓာတ်အား လိုင်းဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး တည်ဆောက်မယ့် ဓာတ်အား လိုင်းဖြစ်ပြီး အဆိုပါ ဓာတ်အားလိုင်း တည်ဆောက် ပြီးပါက လက်ရှိ ဖြန့်ဖြူးပေး လျက်ရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၅ခုရှိ မြို့နယ်များကို ဗို့အား ပိုမိုထုတ်လွှတ် ပေးနိုင်မှာ ဖြစ်တဲ့အပြင် အလိုအလျှောက် ဓာတ်အား ဆုံးရှုံးမှု ရာခိုင်နှုန်းလည်း လျော့ကျ သွားမှာ ဖြစ်တယ်လို့ အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်