Subscribe to our RSS Feed

ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်များ စက်တင်ဘာအတွင်း ရခိုင်သို့သွားမည်


From : ခေတ်လူငယ်

သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ကိုးရက်လောက် ကြာမယ်။ အသက်ကြီးတဲ့သူ ၂ ယောက်ကလွဲရင် အဖွဲ့ဝင်အားလုံး သွားမှာပါ။ အဓိကကတော့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အကြိုလေ့လာဖို့သွားတာ ဖြစ်တယ်” ဟု ယင်းကော်မရှင် ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်က ပြောသည်။ ကိုးရက်တာ ကြာမြင့်မည့် ခရီးစဉ်အတွင်း အဖွဲ့ဝင်များအနေဖြင့် နှစ်ဖက် ဒုက္ခသည်များ အပါအဝင် ဒေသခံများနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အဆိုပါခရီးစဉ်အပြီးတွင် အဖြစ်မှန် စုံစမ်းရေးအတွက် ကော်မရှင်အဖွဲ့ဝင် အပါအဝင် လူငယ်များနှင့် သုတေသနအဖွဲ့ ဖွဲ့စည်းကာ အချက်အလက်များ ကောက်ယူသွားမည်ဖြစ်သည်။ “အစီရင်ခံစာ လုပ်တယ်ဆိုတာ အဓိကကတော့ အချက်အလက် တိကျမှန်ကန်ဖို့က အရေးအကြီးဆုံးပဲ။ နောက်ဒီအချက်တွေ လုံခြုံဖို့ကလည်း လိုအပ်တယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေမှာ အတွေ့အကြုံရှိတဲ့ လူငယ်တွေကို ဖိတ်ခေါ်ပြီး လုပ်သွားမှာပါ” ဟု ဒေါက်တာကျော်ရင်လှိုင်က ပြောသည်။ ထို့ပြင် ပြည်သူများ အနေဖြင့် ယင်းကော်မရှင်အား သတင်းအချက်အလက်များ ပေးပို့လိုပါက အီးမေးလ်လိပ်စာ rcic.information@gmail.com သို့ ပေးပို့နိုင်သလို စာတိုက်၊ သို့မဟုတ် လူကိုယ်တိုင် သတင်းပေးနိုင်ရန် မကြာမီ ကော်မရှင်လိပ်စာကို ထုတ်ပြန်မည်ဖြစ်သည်။ လုပ်ငန်းအစီရင်ခံစာအား သမ္မတထံ နိုဝင်ဘာလ ၁၆ ရက်နေ့အရောက် ပေးပို့ရမည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်