Subscribe to our RSS Feed

ခရိုနီ ၊ ခရိုပြာ ၊ ခရိုဝါ ၊ နက်ကယ် ဖမ်းခက်လှသေး

From : hot news



ကိုသာလှ- အတော်အလုပ်ပါ ကိုသာဝ ရာ၊ ““ခိုဖြူခိုပြာငှက်ကယ် ဖမ်းခက်လှ သေး””လို့ပဲ ကြားဖူးပါတယ်။ ခင်ဗျား လက်ထက်ကျမှ ခရိုနီတွေရော၊ ခရိုပြာ တွေရောရှုပ်နေတာပဲ။
ကိုသာဝ- မဟုတ်ပါဘူးဗျာ။ ဆရာ ကောင်းဆက်နိုင်ရဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ရင်းကျုပ်လည်းပါးစပ်ထဲရှိတာကောက် ဆိုလိုက်တာပါ။
ကိုသာလှ- ဒါနဲ့။ နေစမ်းပါဦး။ ခရိုနီတို့ ဘာတို့ဆိုတာ ခိုတွေလို ငှက်တွေလားဗျ။
ကိုသာဝ- ဘယ်ကလာငှက်တွေရမှာလဲ၊ လူတွေဗျလူတွေ။ အဲ.. ခိုတွေနဲ့တော့ အတော်တူသဗျ။ ခင်ဗျား ခိုတွေတော့ မြင်ဖူးမှာပါ။ အရောင်က မျိုးစုံပဲ၊ မနက် စောစောဆိုရင် ဆူးလေဘုရားနားမှာ ခိုတွေကို အစာကျွေးကျွေးနေတာလေ။
ကိုသာလှ- ခင်ဗျားကလဲ၊ ကျုပ်ကတော သားပါဗျာ။ ခိုလောက်တော့ မြင်ဖူးပါ သေးတယ်။
ကိုသာဝ- ဒါဆိုရင် ခိုတွေရဲ့ သဘာဝ ကိုတော့ ခင်ဗျားကောင်းကောင်း သိမှာ ပေါ့။ ခိုတွေဟာ တစ်ကောင်ထဲမနေ တတ်ဘူး။ အုပ်စုဖွဲ့နေတတ်တယ်။ နေ တော့လဲ အထက်စီးမှာဗျ။ တန်ဆောင်း ပြဿဒ်၊ ကျောင်းဇရပ်တွေရဲ့ ခေါင်မိုး ပေါ်တွေ၊ မျက်နှာကျက်ပေါ်တွေမှာ ခို ကပ်နေကြတာ။ အဲဒီအထက်မှာ နေတဲ့ ခိုတွေရဲ့အသံဟာ အောက်မှာနေတဲ့ လူတွေနားထဲမှာ တခြားငှက်သံတွေလို နားဝင်မချိဘူးဗျ။ နားညည်းစရာအတော် ကောင်းတယ်ဗျာ။ ပြီးတော့ သူတို့ဟာ တောင်သူလယ်သမားတွေ စိုက်ထားပျိုး ထားတဲ့ လယ်ထဲက စပါးခင်း၊ ပဲခင်းတွေ ထဲလည်းအုပ်စုနဲ့ဝင်စားတတ်တယ် ။သူများ လှန်းထားတဲ့ ပဲတို့ပြောင်းတို့ဆိုလည်း ပိုင်စိုးပိုင်နင်း ၀င်စားတာပဲ၊ သူတို့ခိုကပ် နေတဲ့အထက်အဆောက်အအုံထဲမှာလည်း မစင်တွေစွန့်၊ အမွှေးတွေချ၊ အမှိုက်တွေ ဖွနဲ့ ကြာလာတာနဲ့အမျှ အနံ့ဆိုးတွေ ထွက်လာတာပဲဗျ။ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းအောင် အတော်လုပ်တာပဲ။ ကျုပ်ကတော့ ခိုတွေရဲ့ စရိုက်ကို သိပ် သဘောမတွေ့တာအမှန်ပဲဗျ။
ကိုသာလှ- ကဲ ခိုအကြောင်းထားပြီး ခရိုနီ အကြောင်းလည်းပြောပါဦး။
ကိုသာဝ- ကျုပ်လည်းအရင်ကတော့အဲဒီ ခရိုနီဆိုတာ မကြားဖူးဘူးဗျ။ အ,တယ်ပဲ ပြောပြော၊ ကြားဖူးပြန်တော့လဲ ဘာကို ခေါ်တာလဲ ဂဃနဏ မသိပါဘူးဗျာ။ နောက်ကျတော့ ဆရာမောင်ဝံသတို့၊ ဆရာကောင်းဆက်နိုင်တို့ ဆောင်းပါး တွေဖတ်ရင်းနဲ့ တစတစသိလာတာဗျ။
ကိုသာလှ- ကဲ.. ဒါဆိုရင် မေးပါဦး မယ်။ ခရိုနီခရိုဝါခရိုပြာဆိုပြီး ကွဲနေတာ ကရော။
ကိုသာဝ- ဟားဟားဟား၊ ခင်ဗျားက တော့ ပေါက်ပေါက်ရှာရှာ မေးတော့ မယ်။ ဒါက စကားအဖြစ်ပြောတာပါ။ ခင်ဗျား မေးတော့လဲ ကျုပ်က ပေါက် ပေါက်ရှာရှာ ဖြေရတာပေါ့ဗျာ။ ဘောလုံး ပွဲအနိုင်အရှုံးဝေဖန်ခိုင်းသလိုပေါ့ဗျာ။ အဖြေမှန်တော့ ဟုတ်ချင်မှဟုတ်မယ်။ ကျုပ်အထင်ပေါ့ဗျာ။
ကိုသာလှ- ပြောမှာသာ ပြောစမ်းပါဗျာ။
ကိုသာဝ- ခရိုနီဆိုတာ အင်္ဂလိပ်စကား လုံး Crony ကိုမြန်မာပြန်ထားတာဗျ။ Car ကိုကားလို့ ပြန်ထားသလိုပေါ့။ ဒါကိုပဲ ဟိုးတလောက Hot News ဂျာနယ်မှာ ပညာရှိအမတ်ကြီးတစ်ဦးက အတတ်ကြီးလုပ်ပြီး ခရိုနီကိုဘာသာပြန် ပြထားသေးတယ်လေ။ သူ့လောက်တော့ လူတိုင်းသိပါတယ်ဗျာ။ကျုပ်လည်းဘယ်ရ မလဲ၊ LEARNER’S DICTONARY ကောက်လှန်ကြည့်လိုက်တာပေါ့။ အလွယ်လေးပါ။ ဇီးကွက်လောက်တော့ ငှက်တိုင်းလှပါသေးတယ်ဗျာ။
ကိုသာလှ- ဒီမှာကိုယ့်လူ။ ကျုပ်ကျတော့ ခိုမြင်ဖူးသလားတဲ့။ ခင်ဗျားကရော ဇီး ကွက်မြင်ဖူးလို့လား။ ပြောပါဦး။
ကိုသာဝ- မြင်ဖူးပါသကောဗျာ။ ဇီးကွက် ဆိုတာ မျက်နှာကကြီးကြီး၊ သူ့လိုမျက်နှာ ကြီးတဲ့ သူတွေနဲ့ပဲ နေတယ်။ သာမန် ငှက်တွေကြားထဲ မနေဘူး။ မျက်လုံးက ပြူးပြူး၊ လောဘက ကျောမတက်မယ့် ပုံ၊ ညကျမှ ခိုးကြောင်ခိုးဝှက် တစ်ခြား ငှက်တွေမသိအောင် အစာရှာထွက်တဲ့ ငှက်၊ ကဲ.. ဘာပြောချင်သေးလဲ။
ကိုသာလှ- တစ်ခုကျန်သေးတယ်ဗျ။ ဇီး ကွက်ဆိုတာ လာဘ်ကောင်လေဗျာ။ လာဘ်ကောင်။
ကိုသာဝ- ဟုတ်ပါ့ဗျာ။ ဟုတ်ပါ့။ သူတို့ အချင်းချင်း လာဘ်ပေးလိုက်၊ လာဘ်ယူ လိုက် လုပ်တတ်တဲ့ငှက်မို့ ခေါ်တာနေမှာ ပေါ့။ ခင်ဗျားပြောတာနဲ့ ကျုပ်စကား တောင် ဘယ်ရောက်သွားပြီလဲမပြော တတ်တော့ဘူး။ သြော်..ဟုတ်ပြီ။ အင်္ဂလိပ်ဝေါဟာရမှာလည်း တိုက်ရိုက် အဓိပ္ပာယ်နဲ့ သွယ်ဝိုက်အဓိပ္ပာယ်မတူတာ တွေလဲရှိသေးတယ် မဟုတ်လား။
ကိုသာလှ- ကဲပါဗျာ။ ပြောမှာသာပြော စမ်းပါဦး။
ကိုသာဝ- တိုက်ရိုက်အဓိပ်္ပာယ်ကတော့ ရှင်းပါတယ်။ CRONY ဆိုတာ A CLOSE COMPATION OR FRIE- ND အနီးကပ်မိတ်ဆွေအပေါင်းအသင်း ပေါ့ဗျာ။ အဲ.. သွယ်ဝိုက်အဓိပ္ပာယ်က အဲသလိုမဟုတ်ဘူး။ ဆရာမောင်ဝံသ ကတော့ အာဏာရှိသူတွေနဲ့ ပေါင်းထား ပြီးကြီးပွားလာသောသူကို ခေါ်သတဲ့။ CRONY (ခရိုနီ)စကားလုံးတောင်တွင် ကျယ်နေတာကြာပြီလို့ ဆိုသဗျ။
ကိုသာလှ- ဒါဆိုရင် ခရိုနီဆိုတာ သူ တော်အချင်းချင်း သတင်းလွေ့လွေ့၊ ပေါင်းဖက်မွေ့လို့ပြောရင် ရမလားပဲနော်။
ကိုသာဝ-အင်း..ခင်ဗျားပြောတာလည်း ဟုတ်တုတ်တုတ်ပဲ။ ခရိုနီနဲ့ ပတ်သက်လို့ သြဂုတ်လ ၉ ရက်နေ့ထုတ် Hot News ဂျာနယ်ပေးစာကဏ္ဍမှာပြည်သူတစ်ဦးက ကိုယ်စားလှယ်ကြီးတစ်ဦးရဲ့ ဖွင့်ဆိုချက် ကို ဘ၀င်မကျလို့တင်ပြထားတာရှိသေး တယ်ဗျ။
ကိုသာလှ- ဟုတ်လား။ ပြောစမ်းပါဦး။
ကိုသာဝ- CRONYISM ဆိုတဲ့ စနစ်မှာ အရည်အချင်းမပြည့်စုံတဲ့ အပေါင်းအ သင်းများကို ရာထူးများခန့်အပ်ခြင်း၊ မထိုက်တန်တဲ့ အခွင့်ထူးများပေးခြင်း၊ တရားမမျှတတဲ့ အခွင့်အရေးများပေး ခြင်းဖြစ်တယ်။ ဥပမာ လုပ်ငန်များ၊ လုပ် ပိုင်ခွင့်များ၊ လိုင်စင်များ၊ ပါမစ်များကို အပေါင်းအသင်းများအား လက်သိပ်ထိုး ပေးတဲ့ စနစ်ဆိုးတစ်ခုဖြစ်တယ်လို့ ဆိုသ ဗျ။
ကိုသာလှ- သြော်.. ဒီလိုလား။ ခရိုနီ ကတော့ ရှင်းသွားပါပြီ။ ဒါနဲ့ ခရိုဝါ ကရောဗျာ။
ကိုသာဝ- ဟဲ..ဟဲ။ ခရိုဝါဆိုတာ နီရာ ကနေ ၀ါသွားတာကိုခေါ်တာပါ။ အာ ဏာရှိတဲ့ လူတွေနားမှာကပ်မြှောင်နေရ တာကို ဟုတ်လှပြီဆိုပြီး ပြည်သူတွေ ရှေ့ မားမားမားမားနဲ့ ၀ါကြွားနေတာကိုပြော တာဗျ။
ကိုသာလှ- ခင်ဗျားပြောတော့လည်း အဟုတ်သားပဲ။ ကဲ.. ခရိုပြာဆိုတာက ရောဗျာ။
ကိုသာဝ- ဒါကလည်း ရှင်းပါတယ်။ နီရာ ကနေ ၀ါ၊ ၀ါရာကန ပြာသွားတာပါ။ အာဏာရှိသူတွေနောက် တကောက် ကောက် လိုက်ပြီး မြင်ရသူတွေ မျက်စိ နောက်အောင် အနားမှာ ပြာယာခတ်နေ တာကို ပြောတာဗျ။
ကိုသာလှ- ကဲ ပြောလက်စနဲ့ ခရိုနက် ဆိုတာလဲ ဆက်ပါဦး။
ကိုသာဝ- ခရိုနီကနေ နောက်ကြာတော့ အနက်ရောင်ပြောင်းသွားတာပေါ့ဗျာ။ အရောင်တွေထဲမှာ အညစ်ထေးဆုံး အရောင်ပေါ့။ ညစ်ထေးပြီးသားကိုဖြူစင် အောင် ပြန်လုပ်ဖို့ဆိုတာ လွယ်တော့ မလွယ်ဘူးဗျ။ ဖြူစင်နေတဲ့ အ၀တ်တစ်ခု ကို ကြိုက်တဲ့အရောင်ဆိုး၊ ဆိုးတဲ့အရောင် အတိုင်းရှိနေမှာပဲ။ ညစ်ထေးနေတဲ့ အနက်ကို အဖြူရောင်ဆိုးဖို့ကတော့ မလွယ်ရေးချမလွယ်ပါဘူး။
ကိုသာလှ- ဒါနဲ့၊ နေစမ်းပါဦး၊ အဲဒီ ခရို နီတွေဆိုတာ ဟိုတစ်ခေတ်က မဟုတ်လား။ ဒီဘက်ခေတ်မှာရောရှိသေးလို့လားဗျ။
ကိုသာဝ- အဲဒါပြောတာပေါ့။ ဒီမိုကရေ စီခေတ်မှာ မရှိသင့်တော့တဲ့အကြောင်း ဆောင်းပါးတွေထဲမှာ တဖွဖွပြောနေကြ တာပေါ့။ ဒါကြောင့်လဲ ခရိုနီဆိုတာတွေ ဟာ ဒေါင်းယောင်ဆောင်ထားတဲ့ ကျီး တွေပဲလို့ ပြောချင်တယ်။
ကိုသာလှ- ဒါဆို ဒေါင်းတွေကြားထဲမှာ ကျီးတွေလည်း ရောက်နေမှာပေါ့နော်။
ကိုသာဝ- သေချာတာပေါ့။ ဒါပေမယ့် ကျီးမှန်းသိတဲ့တစ်နေ့ ကျီးမိုက်ဆိုရင်တော့ ဒေါင်းတွေရဲ့ ထိုးဆိတ်တာကို ခံရဦးမှာပဲ လို့ ပြောချင်တယ်။ နောက်ဆုံးတော့ မိုးပေါ်ထောင်ပစ်လိုက်တဲ့ ကျည်ဆံတစ် တောင့်လို့ပဲ အရှိန်ကုန်ရင်တော့ မြေကြီး ပေါ်ပြန်ကျလာမှာမြင်ယောင်မိပါသေး တယ်။ မပူပါနဲ့ ကိုသာလှရယ်။
ကိုသာလှ- ဟုတ်ပါပြီဗျာ။ ကဲ..ကဲ ဒီ နေ့တော့ ခိုတွေဇီးကွက်တွေရော၊ ကျီး တွေ၊ ဒေါင်းရော၊ ငှက်အကြောင်း တော် တော်စုံသွားပြီဗျို့။ ခင်ဗျားရှင်းပြမှပဲ ခရိုနီ အကြောင်း ကျွန်တော်ကောင်းကောင်း သဘောပေါက်တော့တယ်ဗျာ။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်