Subscribe to our RSS Feed

BRT စနစ်ကို အမြန်ဆုံးစတင်နိုင်ရန် အမေရိကန်ဒေါ်လာ ခုနစ်သန်း သုံးစွဲမည်

From : ..the voice

ရန်ကုန်တိုင်းဒေသကြီး အစိုးရကို တင်ပြထားသည့် BRT (Bus Rapid Transit-အမြန်သယ်ယူ ပို့ဆောင်ရေး) စနစ်ကို သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရရှိပါက အမြန်ဆုံး စတင်အကောင်အထည်ဖော်နိုင်ပြီ ဖြစ်ကြောင်း ဘက်စုံမြင်ကွင်း ကုမ္ပဏီ (Omni Focus Co..Ltd) မှ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်သီဟက The Voice သို့ ပြောကြားသည်။

တစ်နေရာမှ တစ်နေရာသို့ အချိန်အနည်းငယ်အတွင်း အမြန်ဆုံးနှင့် အများဆုံး သယ်ယူပို့ဆောင် ပေးနိုင်ရန် အဆိုပါ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ခုနစ်သန်းခန့် ရင်းနှီးသွားမည်ဟု ၎င်းကဆိုသည်။

စတင်ချိန်တွင် ဘတ်စ်ကား၉၄ စီးဖြင့် စတင်မည်ဖြစ်ပြီး အဆိုပါယာဉ်များအတွက် ယာဉ်မောင်း ၁၂၄ ဦးကို ခန့်ထားမည် ဖြစ်ကြောင်း၊ ပြေးဆွဲမည့် လမ်းကြောင်းပေါ်တွင် မှတ်တိုင် ၃၉ ခုအတွက် လက်မှတ် ရောင်းချသူ ၁၁၇ ဦးနှင့် အခြားဝန်ထမ်းများ အပါအဝင် ဝန်ထမ်းပေါင်း ၃၆၀ ဖြင့် စတင်နိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

သွားလိုသည့်နေရာသို့ အချိန်မီ ရောက်ရှိရန် ခက်ခဲခြင်းတို့ကြောင့် ကိုယ်ပိုင်ယာဉ်နှင့် တက္ကစီယာဉ်များ အသုံးပြုမှု များပြားလာပြီး လူဦးရေ ခြောက်သန်းကျော် နေထိုင်သော ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာမှာ တစ်နေ့တခြား တိုးပွားလာကြောင်း အဆိုပါကုမ္ပဏီမှ လူမှုဆက်ဆံရေး တာဝန်ခံ ဦးနေလင်းက ဆိုသည်။

ထိုကားလိုင်းကို ထိုင်ခုံ ၄၅ ခုံ ပါဝင်သည့် ကားသစ်များဖြင့် ပြေးဆွဲမည်ဖြစ်ပြီး လုံခြုံမှုစိတ်ချမှုနှင့် သန့်ရှင်းမှုအပြည့် အဝရှိကြောင်း၊ ကားလိုင်းသစ်ကို အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ စတင်မည် ဖြစ်ပြီး ခရေပင်လမ်းခွဲ၊ ရှစ်မိုင်လမ်းဆုံတို့ကို ဖြတ်ကာ ဗိုလ်တထောင်ဘုရားအထိ ဖြစ်ကြောင်း၊ ယင်းမှကုန်သည်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ သုမင်္ဂလာလမ်းတို့မှ အောင်မင်္ဂလာဝင်းသို့ ပြန်လည် ဂိတ်ထိုးမည် ဖြစ်ကြောင်း၊ ခရီးအကွာအဝေးမှာ ၂၃ ဒသမ ၄၅ မိုင် ရှိသည်ဟု အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

BRT စနစ်ဖြင့် ကားများမှာ လက်ရှိ ယဉ်ပိုင်ရှင်များ အသုံးပြုနေသော ကားများကို အသုံးပြုမည် မဟုတ်ဘဲ အဆင့်မြင့် ဘတ်စ်ကားဖြင့် ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိပြီး ဘတ်စ်ကားများ စီစဉ်မှုကို မ.ထ.သ ဗဟိုနှင့် ကုန်းလမ်းပို့ဆောင်ရေးတို့ ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။

လမ်းအပိုင်းကို YCDC က ဆောင်ရွက်ပေးပြီး BRT စနစ် အောင်မြင်ရေးအပိုင်းကို နည်းပညာ အထောက်အကူပြု ကော်မတီက ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အထွေထွေမန်နေဂျာ (အောက် မြန်မာပြည်) မှ တာဝန်ရှိသူတို့က ဇူလိုင်လ ဒုတိယအပတ်က ကုန်သည်လမ်း မြန်မာ့မီးရထားရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

.. www.MyanmarExpress.net
 

1 comments:

Very good. Please do BRT (Bus Rapid Transit ) as soon as possible.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်