Subscribe to our RSS Feed

အီရန် နိုင်ငံအတွက် သူလျှို လုပ်ပေးရန် ကမ်းလှမ်းခြင်း ခံခဲ့ရသည့် အစ္စရေး နိုင်ငံသားအား ထောင်ဒဏ်ချမှတ်

From : .မြ၀တီ
 
အစ္စရေး နိုင်ငံမှ လျှို့ဝှက်သတင်း အချက်အလက် များကို အီရန် နိုင်ငံအတွက် ထောက်လှမ်းပေးရန် ကမ်းလှမ်း ခံခဲ့ရသည့် အစ္စရေး နိုင်ငံသား တစ်ဦးကို ၎င်းနိုင်ငံရှိ တရားရုံး တစ်ခုက ထောင်ဒဏ် လေးနှစ်ခွဲထိ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ရစ်မက်ခ်ဘာဂျဲလ် အမည်ရှိ အသက် ၄၆ နှစ်အရွယ် အဆိုပါ အမျိုးသားသည် အစ္စရေး အစိုးရကို ဆန့်ကျင်သည့် Neturei Karta အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး နိုင်ငံ၏ ရန်သူအပေါ် အကူအညီ ပေးမှု၊ နိုင်ငံတော် သစ္စာဖောက်မှု တို့ဖြင့် စွဲချက်တင်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ဘာဂျဲလ်သည် ၂ဝ၁၁ ခုနှစ်တွင် ဂျာမနီ နိုင်ငံ ဘာလင်မြို့သို့ ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီး ယင်းမြို့ရှိ အီရန် သံရုံးနှင့် ဆက်သွယ်ခဲ့ကြောင်း၊ ထို့နောက် အစ္စရေး နိုင်ငံနှင့် ပတ်သက်သည့် သတင်း အချက်အလက် များကို အီရန် နိုင်ငံအတွက် လျှို့ဝှက် ထောက်လှမ်းပေးရန် ကမ်းလှမ်း ခံခဲ့ရခြင်း ဖြစ်ကြောင်း တရားရုံးက ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြား ခဲ့သည်။

ထို့နောက် ၎င်းသည် အစ္စရေးသို့ ပြန်လာခဲ့ပြီး အီရန် သံတမန် များနှင့် ဆက်သွယ်နေထိုင် ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဘာဂျဲလ်သည် မိမိ နိုင်ငံအပေါ် သစ္စာဖောက်၍ အီရန် နိုင်ငံအပေါ် ကူညီရန် ကြိုးပမ်းခဲ့သူ တစ်ဦးအဖြစ် ပြစ်မှု ထင်ရှားသဖြင့် ၎င်းအား ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးက ထုတ်ဖော် ပြောကြားခဲ့သည်။

သို့သော် ၎င်းအနေဖြင့် အစ္စရေး နိုင်ငံအား ဆန့်ကျင်ရန် ရည်ရွယ်ချက် မရှိသော်လည်း ငွေကြေးရရန် အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဘာဂျဲလ်က အခိုင်အမာ ပြောကြား ခဲ့ကြောင်း အစ္စရေး ပြည်တွင်း လုံခြုံရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
 


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်