Subscribe to our RSS Feed

ယနေ့ကျင်းပမည့် လွှတ်တော်တွင် အမျိုးသမီး ဒုတိယဗိုလ်မှူးကြီး ၂ ဦး တပ်မတော်သားကိုယ်စားလှယ်များအဖြစ် ပထမဆုံးအကြိမ်ပါဝင်




၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းပေးရသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ နေရာတွင် ဒုတိယ ဗိုလ်မှူးကြီးအဆင့်ရှိ အမျိုးသမီးနှစ်ဦးကို တပ်မတော်က ပထမဆုံးအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် အစိုးရပိုင် 
မီဒီယာများတွင် ဖော်ပြပါရှိသည်။

အဆိုပါ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးမှာ ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် (ကြည်း/၂၅၅၀၄) နှင့် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင် (ကြည်း/၂၆၀၇၀) တို့ဖြစ်ပြီး ဗိုလ်မှူးထွန်းထွန်းဝင်း (ကြည်း/၂၇၂၉၁)နှင့် ဗိုလ်မှူးကျော်ကျော်သက် (ကြည်း/၃၃၁၄၄) တို့၏ နေရာတွင် အစားထိုး ပြောင်းလဲခြင်းဖြစ်ကြောင်း အဆိုပါ မီဒီယာများတွင် ဖော်ပြထားသည်။ ပြည်ထောင်စုလွှတ်တော်အတွင်း အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ ပိုမိုတိုးများလာခြင်းကို ကြိုဆိုကြောင်း၊ သို့သော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ အမျိုးသမီး တပ်မတော်သားများ အစားထိုး ပြောင်းလဲခြင်းသည် ၂၀၁၅ အလွန်တွင် အမျိုးသမီး တပ်မတော်သားများ ဆက်လက် ပါဝင်နေမည်ဟု ယူဆရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။ “ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ်ပါ၊ လွှတ်တော်ထဲမှာ အမျိုးသမီးတွေ များပြားလာတာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ၂၀၁၅ အထိ တပ်မတော်သားတွေ ပါဝင်နေဦးမယ်ဆိုတာလားတော့ မေးစရာမေးခွန်းတွေ အများကြီး ရှိနေသေးပါတယ်” ဟု ၎င်းက ဆိုသည်။

ပြည်သူ့လွှတ်တော်အတွက် အစားထိုးပြောင်းလဲသည့် ကိုယ်စားလှယ် အခြားနှစ်ဦးမှာ ဗိုလ်မှူးဆွေလင်မြင့် (ကြည်း ၃၁၅၈၅)နှင့် ဗိုလ်မှူးတင့်လွင် (ကြည်း ၃၂၄၀၂) တို့ဖြစ်ပြီး ၎င်းတို့လေးဦးကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် အစားထိုး အမည်တင်သွင်းထားခြင်းဖြစ်ကြောင်း အထက်ပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။ ထို့အတူ အမျိုးသားလွှတ်တော်အတွက် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ရက်စွဲပါ ကြေညာချက်အမှတ် ၂/၂၀၁၁ တွင်ဖော်ပြပါရှိသည့် ဗိုလ်မှူးကြီးမောင်မောင်ထူး (ကြည်း ၁၈၉၇၇)၊ ဗိုလ်မှူးကျော်သူ (ကြည်း ၂၇၃၃၁)နှင့် ဗိုလ်မှူးနိုင်နိုင်ဝင်း (ကြည်း ၃၀၈၅၈)တို့ အစား ဒုတိယဗိုလ်မှူးကြီး မင်းသူ (ကြည်း ၂၇၁၉၁)၊ ဗိုလ်မှူးဇော်လင်းအောင်(ကြည်း ၃၂၄၇၅) နှင့် ဗိုလ်မှူး မျိုးမောင်သိန်း (ကြည်း ၃၃၅၁၈) တို့သုံးဦးကို အစားထိုးပြောင်းလဲခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီမှစတင် ခေါ်ယူခဲ့သော လွှတ်တော်သက်တမ်း ၂နှစ်ခွဲ ကာလအတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မကြာခဏ တာဝန်အပြောင်းအလဲ ပြုလုပ်လေ့ရှိသော်လည်း 
အမျိုးသမီး တပ်မတော်သားများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် 
တာဝန်ပေးအပ်ခြင်း ပထမဆုံးအကြိမ် ဖြစ်သည်။

အမျိုးသမီး တပ်မတော်သားများကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ရန် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံသို့ လာရောက်စဉ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အကြံပေးခဲ့ခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ၂၅ ဦးရှိပြီး အမျိုးသား လွှတ်တော်တွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် လေးဦးရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ 

By The Voice

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်