Subscribe to our RSS Feed

ဘယ်သူ သမ္မတ လုပ်မလဲ

From : ပိုက်တင်
( ပြည်သူ့ခေတ် ဂျာနယ်မှာရေးခဲ့တဲ့ ဆောင်းပါး။သမ္မတ ဆိုတာက နိုင်ငံတော်ရဲ့ အထွတ်အထိပ်ဆိုတော့သမ္မတ ဖြစ်လိုသူများ အစစအရာရာ ကြိုတင်ဖြည့်ဆည်းထားနိုင်လေတိုင်းပြည် ဂုဏ်တက်နိုင်လေလို့ ပြောရင် မှားမယ်မထင်။ )

အခုအခါမှာ သမ္မတရာထူးအတွက် ရည်မှန်းချက်ထားပြီးနိုင်ငံရေးလုပ်နေသူများ အလျှိုအလျှိုပေါ်ပေါက်လာနေပါတယ်။
သမ္မတဖြစ်လိုကြောင်းလူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုသူများရှိကြသလိုလူမသိသူမသိ ကြိတ်ပြီးကြိုးစားနေကြသူများလည်းရှိမှာမုချပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီစနစ်ကို ထူထောင်နေကြတဲ့အခုလိုကာလမျိုးမှာ နိုင်ငံတော်ရဲ့ အထွတ်အထိပ်ရာထူးကို
ရယူလိုကြတယ်ဆိုတာ ကောင်းပါတယ် လို့ ယေဘူယျ အားဖြင့်ပြောရမှာပါပဲ။သမ္မတဘယ်သူဖြစ်မလဲဆိုတဲ့ကိစ္စအပေါ် စိတ်ပါဝင်စားမှုကလည်းပြည်တွင်း ပြည်ပမှာ တစ်နေ့တစ်ခြား မြင့်တက်လာနေပါတယ်။လူထုနဲ့ နိုင်ငံတကာကလည်း ဂရုတစိုက်စောင့်ကြည့်နေကြပါပြီ။

အာဏာရှင်ခေတ်လိုမဟုတ်ဘဲ သမ္မတရာထူးရရင်အမှန်တစ်ကယ် လူထုနဲ့ နိုင်ငံတော်အကျိုးကို သယ်ပိုးရမယ်ဆိုတာ
အခု သမ္မတရာထူးရည်မှန်းကြသူများရော အားလုံးသော နိုင်ငံရေးသမားများပါသိရှိနားလည်ကြပါတယ်။ ဒီတော့ အခု ခေတ်စနစ်ပြောင်းလာပြီးတဲ့နောက်ပိုင်းသမ္မတ တာဝန်ထမ်းဆောင်လိုတယ်ဆိုတာအာဏာအတွက်၊ အခွင့်အရေးအတွက် တစ်နည်းအားဖြင့် လူထုကိုဖိနှိပ်ပြီးကိုယ်ကျိုးရှာဖို့အတွက် မဟုတ်ဘူးဆိုတာတော့ သမ္မတရာထူးရည်မှန်းသူတို့
သိပြီးဖြစ်မှာပါ။သမ္မတဖြစ်ခဲ့ရင် တစ်ကယ်လည်း လူထုနဲ့နိုင်ငံတော်အကျိုးကို ဦးလည်မသုံထမ်းရွက်ဖို့
ရည်မှန်းထားတယ်လို့ မှတ်ယူရပါတယ်။ဒီတော့ လူထုကို နိုင်ငံတော်ကို အလုပ်အကျွေးပြုချင်လို သမ္မတ ဖြစ်ချင်ကြတာမို့
ကြိုဆိုကြရမှာပါ။

ဒါပေမယ့် သမ္မတ လုပ်လိုသူများအပါအဝင် နိုင်ငံရေးသမားအားလုံးသတိပြုသင့်တာတွေရှိပါတယ်။
ဒီမိုကရေစီခေတ်မှာ နိုင်ငံတော်အကြီးအကဲဆိုတာက အကြွင်းမဲ့အာဏာရှင်မဟုတ်ဘဲ
တစ်ကယ်တမ်းက နိုင်ငံတော်နဲ့ လူထုရဲ့ ကျေးကျွန်ဖြစ်တယ်ဆိုတာပါ။နိုင်ငံတော်နဲ့ လူထုကို အလုပ်အကျွေးပြုခွင့်
ရဖို့ ယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်။ သမ္မတတစ်ယောက်ဟာ နိုင်ငံတော်ရဲ့အထွတ်အထိပ်ဖြစ်တာနဲ့ အညီ
စံပြပုဂ္ဂိုလ်ဖြစ်ဖို့လိုပါတယ်။ လူထုအတွက် အနစ်နာခံဖို့ကိုယ်ကျိုးစွန့်ဖို့လိုအပ်သလို မိမိရဲ့ကိုယ်စွမ်းကိုယ်စကို
အစွမ်းကုန်မြှင့်တင်ဖို့လိုအပ်ပါတယ်။ရိုးသားဖြောင့်မတ်ပြီး နှလုံးရည်ပြည့်ဝဖို့လိုအပ်သလို အမြော်အမြင်၊
ဆင်ခြင်တုံတရားတို့နဲ့ပြည့်စုံဖို့လိုအပ်ပါတယ်။အများက လေးစားကြည်ညိုချစ်ခင်တဲ့သူဖြစ်ဖို့ လိုအပ်သလို မိမိရဲ့
လုပ်ငန်းတာဝန်ကို ကောင်းစွာစီမံဆောက်ရွက်နိုင်ူဖြစ်ဖို့လည်းလိုအပ်ပါတယ်။

သာမန်အာဖြင့် လူဆိုတာက အတ္တဗဟိုပြုတဲ့ သတ္တဝါဖြစ်ပါတယ်။သာမန်လူတစ်ယောက်အနေနဲ့ မိမိအတ္တအတွက်သာ ရှင်သန်တယ်ဆိုတာ ပြသနာသိပ်မရှိလှပေမယ့်နိုင်ငံတော်အကြီးအကဲတာဝန်ကိုယူမယ့် ပုဂ္ဂိုလ်များကတော့ အတ္တကို
လျှော့နိုင်သမျှလျှော့ချဖို့လိုအပ်ပါတယ်။ မိမိအတ္တကို မလျှော့နိုင်ဘဲနဲ့နိုင်ငံတော်အကြီးအကဲတာဝန်ကို
ဘယ်သူမှ အောင်မြင်အောင် ထမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။အာဏာရှင်ခေတ်မဟုတ်တော့တာနဲ့ အညီ သမ္မတတစ်ယောက်ရဲ့ လုပ်ရပ်မှန်သမျှဟာအားလုံးရဲ့ စောင့်ကြည့်အကဲဖြစ်မှု ၊ ဝေဖန်မှုနဲ့ဘယ်တော့မှ လွတ်ကင်းဖို့မရှိပါဘူး။
စေနတာမှန်နဲ့ မဆောင်ရွက်နိုင်ဘူး၊ အရည်အသွေးကလည်းပြည့်မီခြင်းမရှိဘူး၊အာဏာရှင်ဆန်ဆန်လည်း လုပ်တတ်ကိုင်တတ်တဲ့အကျင့်စွဲတယ်ဆိုရင် အဲဒီသမ္မတဟာ ဘယ်တော့မှ တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နိုင်ဖို့မလွယ်ပါဘူး။နိုင်ငံအတွက်လည်း အခက်အခဲတွေ ပြသနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ဒီမိုကရေစီထူထောင်ဖို့ ကြိုးစားခါစ အခုလိုအချိန်မျိုးမှာပိုအရေးကြီးပါတယ်။ မှတ်ကျောက်အတင်ခံရဲတဲ့ လိပ်ပြာမျိုးကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်များသာ
နိုင်ငံတော်အကြီးအကဲ ရာထူးကိုမှန်းသင့်တာဖြစ်ပါတယ်။သက်တိုင်ရာပါတီများကလည်းဂရုတစိုက် သေသေချာချာ
ရွေးချယ်ဖို့လိုအပ်ပါတယ်။

အာဏာရှင်ခေတ်က လွတ်မြောက်စ လူ့ဘောင်အဖွဲ့အစည်းတစ်ခုကိုအဆင့်မြှင့်တင်ဖို့ အတွက် တတ်စွမ်းသမျှထမ်းရွက်ကြတာဖြစ်လို့နိုင်ငံရေးလောကမှာရှိတဲ့ သူများဟာယျေဘူယျအားဖြင့် ဂုဏ်ပြုရမယ့်သူများပါ။ ခေတ်ပြောင်းစနစ်ပြောင်းကာလမှာနိုင်ငံတာဝန်ထမ်းတယ် နိုင်ငံရေးလုပ်တယ်ဆိုတာ ခေတ်ကောင်းစနစ်ကောင်းမှာ
နိုင်ငံရေးလုပ်ရတာထက်ပိုခက်ခဲပါတယ်။စေတနာမပါဘဲနဲ့လည်းရေရှည်လုပ်နိုင်ဖို့မလွယ်တာကြောင့် တစ်ကယ်တမ်းရေ ရှည်လုပ်နိုင်တဲ့သူ ကိုယ်ကျိုးမကြည့်တဲ့သူများကို အားလုံးကလေးစားဂုဏ်ပြုကြမှာပါ။နိုင်ငံရေးခေတ်က အခုမပြန်စတာ လို့ပြောလို့ရပါတယ်။ ရေရှည်မှာ ဘယ်သူတွေကဘယ်လောက်လုပ်နိုင်မယ် ဘယ်သူတွေက နိုင်ငံရေးနယ်ပယ်ထဲကနေထွက်ပြေးကြမယ်ဆိုတာဘယ်သူမှတပ်အပ်သေချာမပြောနိုင်ပါဘူး။အတိုက်အခံဘက်မှာရော အာဏာရပါတီဘက်မှာပါ စေတနာမှန်သူ မမှန်သူ၊ ရိုးသားသူမရိုးသားသူ၊ အရည်အချင်းပြည့်မီသူ မပြည့်မီသူ ဆိုတာရှိမှာပါ။အစိုးရသက်တမ်းနှစ်ခုလောက်အတွင်းမှာနိုင်ငံရေးသမားကောင်းတွေကို မှတ်ကျောက်တင်ပေးနိုင်ပါလိမ့်မယ်။အခွင့်အရေးယူမရ ကိုယ်ကျိုးရှာလို့မရနိုင်တာကြောင့် အဆင့်မမီတဲ့ သူတွေလည်းဒီသက်တမ်းနှစ်ခုလောက်တွင်းမှာပဲတော်တော်များများ နိုင်ငံရေးထဲကနေ ထွက်ကုန်ကြပါလိမ့်မယ်။
အရေးကြီးတာက ဒီမိုကရေစီ မခိုင်မာခင် မပျက်စီးဖို့ပါ။ လမ်းချော်မသွားဖို့ပါ။

အာဏာရပါတီက ပိုဂရုစိုက်သင့်တယ်လို့ ယူဆပါတယ်။တပ်ကလူဟောင်းတွေအများစုနဲ့ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပြီး
ဒီမိုကရေရက်အဖြစ်လေ့ကျင့်နေကြရတာချင်းအတူတူစစ်သားတွေက အရပ်သားထက်ပိုခဲရာခဲဆစ် လုပ်ရမယ်ဆို တာ ပြောစရာလိုမယ်မထင်ပါ။အခု အပြောင်းအလဲဟာ အလွန်ညင်သာပြီး ပြည်တွင်းပြည်ပက လက်ခံအသိအမှတ်ပြု ခဲ့ကြတယ်ဆိုတာအာဏာရပါတီဝင်တွေအားလုံးက တော်လွန်းလို့မဟုတ်ပါဘူး။ သမ္မတအဖြစ်
ရွေးချယ်တင်မြှောက်ခြင်ဲးံရတဲ့ပုဂ္ဂိုလ်ရဲ့ ပုံရိပ်ကောင်းမှု ၊အရည်အချင်းပြည့်မီမှု၊ သမ္မတ တာဝန်နဲ့ ထိုက်တန်မှုတို့ကြောင့်သာဖြစ်ပါတယ်။ပြသနာတွေ အခက်အခဲတွေ အားနည်းချက်တွေ အမြောက်အများရှိနေတာမှန်ပေမယ့်
နှစ်ငါးဆယ်အာဏာရှင်စနစ်ကြီးစိုးခဲ့တဲ့နိုင်ငံတစ်ခုကို အခုလိုတည်တည်ငြိမ်ငြိမ်နဲ့ လမ်းကြောင်းမှန်ပေါ်မှာ ထိန်းထားနိုင်ဖို့ဆိုတာ
အရည်အသွေးနဲ့ စေတနာမရှိရင်ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ ငြင်းလို့မရပါ။မြန်မာ့နိုင်ငံရေးလောကမှာ ခေါ်င်းဆောင်ကောင်းရှားပါးတာနဲ့အညီပေါ်ပေါက်လာတဲ့ ခေါင်းဆောင်တစ်ယောက်ကိုတန်ဖိုးထားကြရပါမယ်။ အသိအမှတ်ပြုကြရပါတယ်။အာဏာရပါတီအနေနဲ့လည်းလက်ရှိသမ္မတရဲ့ တန်ဖိုးကို မှန်မှန်ကန်ကန်ရှုမြင်ပြီးခေါင်းဆောင်ကောင်းတစ်ယောက်ကို တစ်နည်းနည်းနဲ့
တာဝန်တစ်ရပ်ရပ် တာဝန်ထမ်းဆောင်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်သင့်ပါတယ်။ပါတီရဲ့ပုံရိပ်ကိုမြှင့်တင်နိုင်ဖို့ လက်ရှိသမ္မတရဲ့စွမ်းဆောင်နိုင်မှုကိုလက်မလွှတ်သင့်ပါဘူး။နိုင်ငံတော်အကြီးအကဲနေရာကိုရယူတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်သိက္ခာရှိပြီးနိုင်ငံတော်နဲ့လူထုအပေါ် စိတ်သဘောထားမှန်ကန်တယ်လို့ အများက
ယူဆနိုင်လောက်အောင်လိပ်ပြာသန့်သူဖြစ်နေတာကြောင့် နိုင်ငံတကာက အရင်အစိုးရပေါ်မြင်ခဲ့တဲ့
အမြင်တွေပါ ပြောင်းပြန်လှန်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးကိုကောင်းသထက်ကောင်းအောင်ပံ့ပိုးကူညီကြတာဖြစ်ပါတယ်။
အာဏာရပါတီအပေါ် အပြစ်တင်မှုများ ရပ်တန့်သွားတာဖြစ်ပါတယ်။

၂၀၁၅ မှာ ဘယ်သူသမ္မတဖြစ်မယ် ပြောလို့မရသေးပါဘူး။ အခြေခံဥပဒေကိုဘယ်လောက်အတိုင်းအတာထိပြင်လို့ရမယ်ဆိုတဲ့အပေါ်မှာလည်း မူတည်နေပါတယ်။၂၀၁၅ အလွန်မှာ တစ်နည်းအားဖြင့် နောက်ထပ်တာဝန်ယူမယ့်သမ္မတလက်ထက်မှာ
နိုင်ငံနဲ့လူထုလည်း နေ့ချင်းညချင်း ကြီးပွားချမ်းသာသွားဖို့မဖြစ်နိုင်သေးပေမယ့်လူထုနဲ့ နိုင်ငံတကာက ၂၀၁၅မှာ တက်လာမယ့် အစိုးရကိုအများကြီးမျှော်လင့်နေကြပြီဖြစ်တယ်ဆိုတာကို ပါတီများနဲ့သမ္မတရာထူးရည်မှန်းကြသူများအနေနဲ့ ထည့်သွင်းစဉ်းစားဖို့လိုပါလိမ့်မယ်။နိုင်ငံတော်အကြီးအကဲတာဝန်ယူပြီး နိုင်ငံနဲ့လူထု အကျိုးကို သယ်ပိုးလိုတာ
ကောင်းတယ်လို့ပြောလို့ရပေမယ့် မိမိဘာသာမေးခွန်းထုတ်ကြဖို့လည်းသင့်ပါတယ်။မိမိရဲ့စွမ်းဆောင်ရည်ကို စိတ်ချရဲ့လား၊ အများကလေးစားကြည်ညိုနိုင်ပါ့မလား၊ ၂၀၁၅ အလွန် မှာ အခုထက် ပိုမိုများပြားလာမယ့်စိန်ခေါ်မှုများကို ဖြေရှင်းကျော်လွှားနိုင်တဲ့
အရည်အချင်းရှိရဲ့လား၊ နိုင်ငံရေး စီးပွားရေး ပညာရေး လူမှုရေး ယဉ်ကျေးမှုစတဲ့ ကဏ္ဍအားလုံးကို လက်ရှိအခြေအနေထက် မြင့်မားအောင်စွမ်းဆောင်နိုင်ပါ့မလားမိမိဖာသာ ဆန်းစစ်သင့်ပါတယ်။

သမ္မတဆိုတဲ့ ဂုဏ်ပုဒ်ကို လိုချင်စိတ်တစ်ခုနဲ့ တော့ မရည်မှန်းသင့်ပါ။ ၂၀၁၅မှာ သမ္မတတာဝန်ယူမယ့်ပုဂ္ဂိုလ်ဟာ အမှန်တစ်ကယ် စိတ်စေနာတာမှန်ကန်ပြီးကိုယ်ရည်ကိုယ်သွေးလည်းပြည့်ဝခဲ့ရင် နိုင်ငံတော်နဲ့ လူထုရဲ့ကံကြမ္မာကိုတစ်ဆစ်ချိုးပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ရာဇဝင်သမိုင်းမှာလည်းမော်ကွန်းတင်ကျန်ရစ်မှာမုချပါ။ဒီလိုမှ မဟုတ်လို့ စိန်ခေါ်မှုများကို
ရင်ဆိုကျော်လွှားနိုင်ခြင်းမရှိခဲ့ရင်၊ဒီမိုကရေစီကိုအစိုးရပထမသက်တမ်းကာလကထက်မြှင့်တင်ပေးနိုင်ခြင်းမရှိခဲ့ရင် မြန်မာလူထုရဲ့
မျှော်လင့်ချက်အိပ်မက်တို့ကို ဖျက်ဆီးသူအဖြစ် အများရဲ့ မုန်းတီးမှု၊ပြစ်တင်ဝေဖန်မှုတို့ကို မလွဲမသွေရင်ဆိုင်ရမှာပါ။

ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာဒီမိုကရေစီခရီးရှည်ကိုတည်တည်ငြိမ်ငြိမ်နဲ့ဆက်လက်ချီတက်နိုင်ဖို
အစိုးရသစ်နဲ့ နိုင်ငံတော်ကို ဦးဆောင်မယ့်ပုဂ္ဂိုလ် ကိုမှန်ကန်စွာရွေးချယ်တင်မြှောက်နိုင်ဖို့ဟာ
အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်တာကြောင့် သမ္မတရာထူးရည်မှန်းကြသူများနဲ့တကသက်ဆိုင်ရာနိုင်ငံရေးပါတီများအနေနဲ့ အထူးတလည်အလေးဂရုပြုဆောင်ရွက်သင့်ပါကြောင်းလူထုနဲ့ နိုင်ငံတော်အကျိုးကိုမျှော်လျက် လေးစားစွာတင်ပြလိုက်ရပါကြောင်း။  

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်