Subscribe to our RSS Feed

အမျိုးသား အကျိုးစီးပွားအတွက် ရိုဟင်ဂျာအမည်ကို သန်းခေါင်စာရင်းတွင် ထည့်သွင်းမကောက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးခင်ရီ ပြောကြား

From : .... Eleven


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ သန်းခေါင်စာရင်း ကောက်ခံမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းစဉ်


တိုင်းပြည်၏ အမျိုးသား အကျိုးစီးပွားအတွက် ရိုဟင်ဂျာဟု ပြောဆိုပါက သန်းခေါင်စာရင်းတွင် ထည့်သွင်းမကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ဧပြီ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သော သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင် နိုင်ငံတကာသို့ ကောက်ယူပေးမည်ဟု ပြောကြားထားသော ရိုဟင်ဂျာလူမျိုးဟူသော အသုံးအနှုန်းကို ထည့်သွင်းကောက်ခံခဲ့ခြင်း မရှိသည့်အပေါ် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ၀န်ကြီးဦးခင်ရီက ယင်းကဲ့သို့ ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသည့် ကိစ္စကို လက်ခံထားခြင်း မရှိကြောင်း၊ နိုင်ငံတကာ စံချိန်စံနှုန်းများ ရှိသော်လည်း တစ်စတစ်စ သိမြင်လာခြင်းမျိုး ဆိုသည်လည်း ရှိကြောင်း၊ နိုင်ငံတကာ စံနှုန်းများကို လိုက်နာရသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံတော်၏ လုံခြုံရေး၊ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်အချုပ်အခြာ အာဏာများကို လိုက်နာရသည်များရှိကြောင်း၊ ယင်းနှစ်ချက်ကို ချိန်ဆဆောင်ရွက် ရခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ဝန်ကြီးဦးခင်ရီက "နိုင်ငံတကာစံနှုန်းတွေက ပြောတာကို ရေးရမယ်။ အဲဒါကို ရေးလိုက်ရင် တို့နိုင်ငံ ဘာဖြစ်သွားမလဲ။ အမျိုးသားအကျိုးစီးပွား ဘာဖြစ်သွားမလဲ။ လူတွေထပ်ပြီး သေကျေကုန်မယ်။ မီးတွေထပ်ပြီး လောင်ကုန်မယ်။ အဲဒီအခါမှာတို့က ဘယ်ဟာကို ရွေးရမလဲ။ အဲဒီတော့ ဒီဟာတစ်ခုကို မလိုက်နာတာ နိုင်ငံတကာ စံချိန်စံနှုန်း မမီဘူးလို့ ဘယ်သူကပြောမလဲ။ Principle of Progressive and Realization ဆိုတဲ့ ပြဿနာတွေကလည်း ရှိတယ်။ တစ်ဖက်ကလည်း နိုင်ငံတကာ စံချိန်စံညွှန်းဆိုတဲ့ အပိုင်းနဲ့ တစ်ဖက်ကလည်း အမျိုးသား အကျိုးစီးပွားဆိုတဲ့ အပိုင်းတွေရှိတယ်။ အဲဒီတော့ နိုင်ငံတော်မှာ ဘယ်ကိစ္စကို ဦးစားပေး ရွေးသင့်တယ်လို့ ထင်လဲ။ ဒီလိုအချက်တွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့က လက်ရှိအခြေအနေမှာတော့ အခုလုပ်လိုက်တဲ့ စနစ်သည် မှန်သလား၊ မမှန်သလား ဆိုတာကတော့ ဒီနေ့ရခိုင်ပြည်နယ်မှာ သွေးထွက်သံယို တစ်စက်မျှမရှိဘူးဆိုတော့ ဒီလိုရွေးချယ်တာ ကျွန်တော်တို့မှန်တယ်" ဟု ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုးဟု ပြောကြားခြင်းများမှာ ရခိုင်ပြည်နယ်တွင် သာမကဘဲ ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် နေရာအချို့တွင်လည်း ရှိခဲ့ပြီး အဆိုပါ ပြောဆိုသူများကို လူဦးရေ အရေအတွက်သာ ကောက်ယူထားပြီး သန်းခေါင်စာရင်းတွင် မထည့်သွင်းခဲ့ကြောင်း သိရသည်။

"နိုင်ငံတကာ စံချိန်စံညွှန်းကို ကျွန်တော်တို့က ချိုးဖောက်ခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံတကာစံချိန်စံညွှန်းကို နှစ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ ဆုံးရှုံးသွားမယ့် အသက်၊ အိုးအိမ်၊ စည်းစိမ် ပျက်လိုပျက်စီးဖြစ်သွားမယ့် ကိစ္စတွေ၊ အချုပ်အခြာ ပိုင်စိုးမှု လွတ်ကင်းသွားတော့မယ့် ကိစ္စတွေ၊ ဒါတွေနဲ့ နှိုင်းယှဉ်ပြီးတော့မှမျှတစွာ စီမံဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းကို မျက်ကွယ်ပြုခြင်း မဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွားကို နှိုင်းယှဉ်ချိန်ဆပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်" ဟု ၀န်ကြီးဦးခင်ရီက ပြောကြားသည်။

အဆိုပါ အကောက်မခံသူများမှာ ၎င်းတို့ကိုယ်တိုင်သာ အကောက်မခံခြင်းဖြစ်ပြီး ၎င်းတို့က ကောက်ခံခဲ့ကြောင်း၊ ရိုဟင်ဂျာဟု ပြောဆိုခြင်းမှလွဲ၍ နည်းပညာ ကြန့်ကြာမှုကြောင့် ဆက်လက်စောင့်ပေးမည့်အချိန် ရှစ်ပတ်အတွင်း အချိန်မရွေး ပြန်လည်ကောက်ခံ ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောကြားသည်။

၎င်းနှင့် ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားတို့ ၂၀၁၂ ခုနှစ် ဧပြီ ၃၀ ရက်တွင် လက်မှတ်ထိုးစဉ်က ရိုဟင်ဂျာကိစ္စမှာ မရှိသေးကြောင်း၊ ၂၀၁၂ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်၌ အဖွဲ့အစည်း နှစ်ခုကြား ပြဿနာဖြစ်ပွားပြီးသည့်အခါ ခိုးဝင်သည့်သူရှိမရှိ စစ်ဆေးစဉ်ကလည်း ဘင်္ဂါလီဟုသာ ထွက်ဆိုကြကြောင်း၊ ၁၉၃၁ ခုနှစ်၊ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်များတွင် သန်းခေါင်စာရင်း ကောက်ယူစဉ်ကလည်း ဘင်္ဂါလီဟုသာ ထွက်ဆိုထားပြီး နိုင်ငံတော် ပြန်တမ်းများလည်းရှိကြောင်း ဦးခင်ရီက ပြောကြားသည်။

ထို့ပြင် ၂၀၁၂ ခုနှစ် မေလက အစိုးရသစ်လက်ထက် ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးကို ကောက်ယူစဉ်ကလည်း ဘင်္ဂါလီဟုသာ ထွက်ဆိုထားကြောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ဒုတိယအကြိမ် ပြဿနာဖြစ်သည့် အကြိမ်ကျမှသာ အစပိုင်းတွင် ဘင်္ဂါလီဟု ပြောပြီး နောက်ပိုင်းတွင် ရိုဟင်ဂျာဟု ပြောဆိုခြင်းဖြစ်ကြောင်း၊ ယင်းရိုဟင်ဂျာ ပြဿနာကြောင့်ပင် တိုင်းပြည်၌ လူပေါင်းများစွာ သေကျေပျက်စီးခဲ့ပြီး ဒဏ်ရာပေါင်းများစွာရကာ အိုးအိမ်များ မီးလောင်ပျက်စီးခဲ့ရပြီး လူပေါင်းတစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း၊ ရိုဟင်ဂျာဟု ပြောဆိုနေကြသူ အားလုံးမှာလည်း ရိုဟင်ဂျာ ဖြစ်ချင်သူများ မဟုတ်ကြကြောင်း၊ ၎င်းတို့တွင်လည်း ဖိအားပေး ခြိမ်းခြောက်ခံရမှုများ ရှိနေကြောင်းလည်း ၎င်းက ပြောကြားသည်။

1 comments:

NBC News A woman was taken into custody after allegedly throwing what she says is a shoe at Hillary Clinton during a Las Vegas speech. Published April 11th 2014, 5:27 am

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်