“မဟာဗျူဟာ သဘောဆောင်တဲ့ နိုင်ငံရေးပဋိဉာဉ်တစ်ခု ရှိဖို့လိုတယ်။
မြန်မာပြည်မှာ အဓိက လိုအပ်နေတာ အဲ့ဒါပဲ”
ဆရာကျော်ဝင်းနှင့် တွေ့ဆုံခြင်း
သမ္မတနိုင်ငံအဖြစ် ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာသည်မှာ မတ်လ ၃၁ရက်ဆိုလျှင် သုံးနှစ်ပြည့် ပြီဖြစ်သည်။ အစိုးရက နိုင်ငံရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးတို့တွင် အဓိကလုပ်ဆောင်ရန် လိုအပ်လျက် ရှိ သည့် နိုင်ငံရေးအကျပ်အတည်းများ နှင့်ပတ်သက်၍ မျက်မှောက်
မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက်လေ့လာ ရေးသားလျက်ရှိသည့် ဆရာကျော်ဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
- သမ္မတဦးသိန်းစိန် တာဝန်ယူခဲ့ရတဲ့ သုံးနှစ်တာအတွင်းမှာ နိုင်ငံရေး ယဉ်ကျေးမှုအသစ်ကို ဖော် ဆောင်နိုင်ခဲ့တယ်လို့ ပြောသွား ပါတယ်။ ဘယ်အချက်တွေက နိုင်ငံရေးယဉ်ကျေးမှုသစ်လို့ ပြောလို့ ရပါသလဲ။
သူပြောတဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ် ဆိုတာကတော့ ဆန့်ကျင်ဘက် အချင်းချင်း တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတာကိုပြောတာ ဖြစ်တယ်။ အဲ့ဒါကိုတော့ သဘောတူတယ်။ မြန်မာပြည်မှာ တောက်လျှောက် ရင်ဆိုင် ခဲ့ရတာက ထိပ်တိုက်ရင်ဆိုင်ရေးပဲ။
ဆန့်ကျင်ဘက်အချင်းချင်း အပြန်အလှန် ဖယ်ထုတ်ဖို့ကြိုးစားခဲ့ကြတာ ချည်းပဲ။ အဲ့ဒီအတွက် ထင်ရှားတဲ့ သာဓက ကတော့ ပြည်တွင်းစစ်ပဲ။ ဘာလို့လဲဆိုတော့ အစိုးရအဆက်ဆက်ကလည်း လက်နက်ကိုင် ဖြုတ်ချရေး၊ သူပုန် အမြစ်ဖြတ်ရေး၊ လက်နက်ကိုင်အင်အားစု အဆက်ဆက်ကလည်း အစိုးရဖြုတ်ချရေး။ တကယ်တမ်းကျတော့ တစ်ဖက်မှအမြစ်မပြတ်ဘဲ တိုင်းပြည်သာ စုတ်ပြတ်သတ်သွားတယ်။
အခု ဆန့်ကျင်ဘက်တွေ မျက်နှာချင်းဆိုင်တွေ့ပြီး ညှိနှိုင်းအဖြေရှာတဲ့နည်းကို သုံးလာတယ်။ အဲ့ဒါကြောင့် သူပြောတဲ့နိုင်ငံရေး ယဉ်ကျေးမှုအသစ် အကောင်အထည် ပေါ်လာခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ နည်းနည်းလေး ပြဿနာရှိလာတယ်။ သိပ်အားမကောင်း တော့ ဘူး။ နည်းနည်း လေး တင်းမာတဲ့လက္ခဏာတွေ တွေ့လာရတယ်။ ဘာပဲပြောပြော မြန်မာပြည်မှာ ဘယ်တုန်းကမှ အပေါ် စီးက မရတဲ့ နိုင်ငံရေး ပုံစံသစ် စမ်းသပ်ကျင့်သုံး လာတာတွေ့ရတယ်။
ဒါကိုတော့ ယေဘုယျ လက်ခံပါတယ်။
-နိုင်ငံရေးယဉ်ကျေးမှုသစ်က တဖြည်းဖြည်း အားနည်းလာတယ်ဆိုတာ ဘယ်လိုအချက်တွေကြောင့် လဲဆရာ။
အဓိကကတော့ နှစ်ချက်ပေါ့။ တစ်ချက်က လွှတ်တော်နဲ့ ထိပ်တိုက်တွေ့မှုတွေ များလာတယ်။ အမှန်တော့ မဖြစ်သင့်ဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာ လွှတ်တော်နဲ့အစိုးရ အားပြိုင်ကြတယ်ဆိုတာမျိုးက အပြန်အလှန် ထိန်းကျောင်း တဲ့ သဘော။ အခုဟာက သာမန်အားပြိုင်မှုမျိုး မဟုတ်တော့ဘူ။ အပြန်အလှန် ထိန်းကျောင်း တာမျိုး မဟုတ်တော့ဘူး။
ထိပ်တိုက်ရင်ဆိုင်မှုတွေက ၂၀၁၃ အတွင်းမှာ နည်းနည်းစိပ်လာခဲ့တယ်။ ပါတီ၊ လွှတ်တော်ခေါင်းဆောင် တွေနဲ့ အစိုးရခေါင်းဆောင်တွေ ဆိုတာ တစ်ပါတီ တည်း။ သူတို့လာရာကို ကြည့်ရင်လည်း အားလုံးက တပ် မတော်သားဟောင်း တွေ။ သူတို့ အချင်းချင်းကလည်း ကာလုံမှာအမြဲတမ်းတွေ့နိုင်တာပဲ။ အဲ့ဒီကြားထဲမှာမှ ပွတ်တိုက်မှုတွေ သိပ်များလာတာကတော့ နိုင်ငံရေး ယဉ်ကျေးမှုသစ်က အားကောင်းတယ်လို့ ဆိုဖို့ခက် တာ ပေါ့။ နောက်တစ်ခုက အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး သွေးအေးလာတာ လူ တိုင်းသိတယ်။ ဒီအချက်တွေကို ပြောမယ်ဆိုရင်တော့ နိုင်ငံရေးယဉ်ကျေးမှုသစ် က ၂၀၁၃ ကလောက် အားမကောင်းတော့ဘူး။
- ကျန်သက်တမ်းမှာ နိုင်ငံရေးယဉ်ကျေးမှုအသစ် ဘယ်လို ဖော်ဆောင်သွားဖို့ လိုမလဲ။
အဓိကကတော့ မကြာခဏတွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ပါ။ သဘောထားကွဲလွဲမှုတွေရှိရင် များများတွေ့ ပေးဖို့လိုတယ်။ လွှတ်တော်နဲ့ ပွတ်တိုက်မှုတွေ ကျော်ဖို့ဆိုရင်လွှတ်တော်နဲ့ များများတွေ့ဖို့ လိုတယ်။အတိုက် အခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထားကွဲလွဲမှုတွေ မဖြစ်ဖို့ဆိုရင်လည်း ခဏခဏတွေ့ပေးဖို့ လို တယ်။
ဘာလို့လဲဆိုတော့ အခုထိပ်တိုက်တွေ့ နေရတာက အခြေခံဥပဒေပြဿနာ။ အခု သမ္မတရဲ့မိန့်ခွန်းထဲမှာ လည်း အခြေခံဥပဒေကို ပြင်ရမယ်။ ဒါပေမဲ့ အခန်း ၁၂ပါ မူဘောင်အတိုင်း ပြင်ရမယ်။ ပြဋ္ဌာန်းချက်အတိုင်း ပြင်ရမယ်ဆိုတော့ အဓိကက ပုဒ်မ -၄၃၆အတိုင်း ပြင်ရမယ်ဆိုတဲ့ သဘောပေါ့။ တကယ့် လက်တွေ့မှာ အင်န်အယ်လ်ဒီနဲ့ ရှစ်လေးလုံးအုပ်စုတွေက ဒီ ၄၃၆ ပြင်တာက စရမယ်လို့ ပြောထားတယ်။ ၄၃၆ က ပြင် ချင်သပဆိုရင် ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီပြီးတော့မှ ဆန္ဒခံယူပွဲလုပ်၊ ဆန္ဒခံယူပွဲမှာ မဲပေးနိုင်သူ အားလုံးရဲ့ တစ်ဝက်ရမှဆိုတော့ လက်တွေ့မှာတော်တော် ပြင်ရခက်တဲ့ သဘောရှိတယ်။ ကာချုပ်နဲ့ သမ္မတ ပြောတာကိုကြည့်ရင် ဒီဟာကိုပြင်ပေးချင်တဲ့ သဘောထား သိပ်မရှိဘူး။
ဒီဘက်က ပြင်စေချင်တယ်။ အတိုက်အခံဘက်က စဉ်းစားရင် ၄၃၆ က ဆုံချက် အကျဆုံး။ နောက်ထပ် ဘာမှပြင်ဖို့ဆိုတာ လက်တွေ့မှာမလွယ်ဘူး။ အတိုက်အခံဘက်က စဉ်းစားတာလည်း အပြစ်လို့ပြောမရ ဘူး။ ဒါကလည်း မှန်နေတယ်။
သမ္မတနဲ့တပ်ဘက်ကလည်း ဒါကိုဘာကြောင့် မလျှော့ချင်ရတာလဲဆိုတော့ လျှော့လိုက်ရင် အခြေခံဥပဒေ ကိုတောက်လျှောက် အကုန်လုံးပြင်သွားမှာကို စိုးရိမ်နေပုံရတယ်။ တစ်နည်းပြောရင်တော့ မယုံတာပဲ။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ လွယ်မယောင်နဲ့ခက်နေတာက အပြန်အလှန် ယုံကြည်မှု မရှိလို့ပဲ။ အပြန်အလှန်ယုံကြည်မှုမရှိရင် သူပြောတဲ့ နိုင်ငံရေး ယဉ်ကျေးမှု အသစ်နဲ့ပဲဖြေရှင်းရမယ်။ အဲ့ဒါလုပ်ဖို့လို တယ်။ ဒီအနေအထားကို မရှင်းဘဲနဲ့ နှစ်ဘက်စလုံးတင်းခံနေကြရင် ၂၀၁၄ က အ လားအလာ မကောင်း နိုင်ဘူး။ ဒါကြောင့် နိုင်ငံရေး ယဉ်ကျေးမှုဟာ ၂၀၁၄ မှာ ထွန်းကားဖို့ အရေးကြီးတယ်။
- အတိုက်အခံနဲ့ အစိုးရကြားက တင်းမာမှုက နိုင်ငံရေးအကျပ်အတည်း ဖြစ်နိုင်မလား။
၄၃၆ကို မူတည်ပြီး နိုင်ငံရေးအကျပ်အတည်းကို ဦးတည်သွားနိုင်တယ်။ အဲ့လို ဦးမတည်ချင်ဘူးဆိုရင်၊ ဒီနိုင်ငံရေးအကျပ်အတည်းကို ရှောင်ချင်သပ ဆိုရင်တော့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပဲ ရှိတယ်။ သို့သော် အပြန်အလှန် မယုံကြည်မှုတွေက သက်တမ်းတွေ သိပ်ကြာလာပြီဆိုတော့ တစ်ခါနှစ်ခါတွေ့ရုံ နဲ့တော့ ပြေလည်ချင်မှ ပြေလည်လိမ့်မယ်။ မပြေလည်မချင်း တွေ့ ပြီးဆွေးနွေး ရမှာပဲ။ ဒီနည်းကပဲ အခြေ အနေကို ဒီထက်ဆိုးမသွားစေမယ့်နည်းပဲ ဖြစ်တယ်။ အရေးကြီးတာက ကောင်းမလာရင်တောင် ဆိုး မသွားဖို့ အရေးကြီးတယ်။
- ၄၃၆ မပြင်နိုင်ခဲ့ရင် နှစ်ဖက်အင်အားစုကြားမှာ နိုင်ငံရေးအားပြိုင်မှုတွေ ပိုပြီးကြီးထွားလာနိုင် မလား။
အခုအနေအထားအရ အခြေခံဥပဒေ နဲ့ပတ်သက်ရင် ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် ရဲ့ရိုက်ခတ်မှုက နီးစပ်တယ်။ ထပ်တူကျ၊ မကျတော့မသိပေမယ့် အများကြီး နီးစပ်တယ်။ သို့သော် သမ္မတ နဲ့ ကာချုပ် တို့နဲ့ကတော့ သိပ်မနီးဘူးပေါ့။ သာမန်ကြည့်ရင်တော့ အားပြိုင်မှု တစ်ခုဖြစ်နေတယ်။ ဘာပဲဖြစ် ဖြစ် အားပြိုင်မှုဆိုတာ မဆန်းဘူးဆိုပေမဲ့ မဖြေရှင်းနိုင်ရင် မကောင်းဘူး။ ဖြေရှင်းဖို့ ကလည်း တွေ့ဆုံဆွေး နွေးရေး နည်းတစ်နည်းပဲ ရှိတယ်။ ဒါပေမဲ့ အသက်ရှူချောင်သွားတာက ဒေါ်စုနဲ့ သမ္မတလည်း တွေ့တယ်။ ဦးရွှေမန်းနဲ့လည်း တွေ့တယ်ဆိုတော့ ဒါမျိုးတွေ ခပ်စိပ်စိပ်တွေ့ ပေးဖို့တော့ လိုလိမ့်မယ်။
-ေ လးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးက နည်းလမ်းကောင်း ဖြစ်မလား။
ဒီနည်းလမ်းက ကောင်းပါတယ်။ ကျွန်တော့သဘောကတော့ လူသိရှင်ကြား လေးပွင့်ဆိုင် တွေ့နေဖို့ မလိုပါဘူး၊ ဘယ်လိုပုံမျိုး နဲ့တွေ့တွေ့ ထိပ်တိုက် သဘောဆောင်နေတဲ့ အယူအဆမတူတဲ့ အင်အားစုတွေ တွေ့တာ ကောင်းပါတယ်။ ချက်ချင်းမတွေ့ရင်တောင် ဖြေးဖြေးချင်းတွေ့လာနိုင်တယ်။ လုံးဝမတွေ့တာ မျိုးတော့ ဖြစ်လာမယ်မထင်ဘူး။
- အစိုးရရဲ့သုံးနှစ်အတွင်း နိုင်ငံရေး၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားနည်းချက်၊ အား သာချက် ဘာတွေရှိခဲ့လဲ။
အခုသွားနေတာကိုက သုံးပွင့်ဆိုင်။ သုံးခုစလုံးမှာ အောင်မြင်တာရော၊ မအောင်မြင်တာရော ရှိတယ်။ နိုင်ငံရေးမှာ နိုင်ငံရေး ယဉ်ကျေးမှုသစ်ကိုတော့ လက်တွေ့ စလုပ်လာတာတွေ့တယ်။ ဒါပေမဲ့ ပြည့်ပြည့်၀၀ အောင်မြင်မှုမျိုး ရောက်အောင် လုပ်ဆောင်နိုင်တာ မတွေ့ရဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေ ကောင်းလာပါတယ်။
သို့သော် အခုထိအပစ်အခတ်ရပ်စဲရေးက သမ္မတမျှော်မှန်းထားသလို မလုပ်နိုင်သေးဘူး။ နောက်ပြည် တွင်း အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်။သို့သော် အဖြေတစ်ခုရတဲ့အထိမျိုး မရောက် သေးဘူး။ နောက်အဓိက အကျဆုံးအချက် က နိုင်ငံရေးမှာ မြန်မာပြည်အတွက် အဓိက လစ်ဟာနေတဲ့ အချက် တစ်ချက်ရှိတယ်။ အပြောင်းအလဲတစ်ခု ညင်သာ ချောမွေ့ဖို့ဆိုရင် အစိုးရဘက်က ပြုပြင်ပြောင်းလဲ ရေး ၀ါဒီတွေနဲ့ အတိုက်အခံဘက်ကပျော့ ပြောင်းသူတွေကြားမှာ မဟာဗျူဟာသဘော ဆောင်တဲ့ နိုင်ငံရေး ပဋိဉဉ်တစ်ခု ရှိဖို့လိုတယ်။ မြန်မာပြည်မှာ အဓိက လိုအပ်နေတာ အဲ့ဒါပဲ။ အခုချိန်ထိ မြန်မာပြည်မှာ နိုင်ငံ ရေးပဋိဉဉ် မရှိသေးဘူး။ ဒါကြောင့် အပြောင်းအလဲက မညင်သာသေးတာ။ ဒါက ယေဘုယျနိုင်ငံရေးကို ချုပ် ပြောတာ။
နောက် စီးပွားရေးမှာ အောင်မြင်မှုကတော့ မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ပြောရမယ်။ ဒါပေမဲ့ သူမူလ စခဲ့တဲ့ ဆင်းရဲမှု တိုက်ဖျက်ရေးနဲ့ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုတာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မအောင်မြင်သေးဘူး။ မအောင်မြင်တဲ့ အပြင်ထပ်ပြီး ပြဿနာတွေတက်နေတာက မြေကိစ္စတွေ။ နောက် စီးပွားရေးမှာ အဆိုးဆုံးလစ်ဟာမှုက စီးပွားရေးတစ်လုံးပြုပြင် ပြောင်းလဲမှု အတွက် တစ်ခုလုံးကိုခြုံငုံနိုင်တဲ့ Master Plan အခုထိမရှိဘူး။ ကြုံသလို ကျပန်းလျှောက်လုပ်နေသလို ဖြစ်နေတယ်။
နောက်တစ်ခုက တွေ့ဆုံဆွေးနွေးပွဲ အများကြီးလုပ်ခဲ့ပါတယ်။ အခုတစ်ခံနေတဲ့ ဟာကတော့ အစိုးရဘက် ကသွားမယ့် အပစ်ရပ်ရေးလက်မှတ်ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့မူနဲ့ လက်နက်ကိုင်တွေဘက် က နိုင်ငံရေးဆွေးနွေးပြီးမှ အပစ်ရပ်လက်မှတ်ထိုးမယ်ဆိုတဲ့ကိစ္စမှာ ဒါနဲ့ ဇာတ်မျောကြီးဖြစ်နေတယ်။ ဒါက သိပ်မျောနေရင်လည်း မကောင်းဘူး။
- မဟာဗျူဟာကျတဲ့ နိုင်ငံရေးပဋိဉာဉ်တစ်ခု ပေါ်လာနိုင်ဖို့ အလားအလာတွေ ရှိလား။
နှစ်ဖက်စလုံးမှာ ပြဿနာရှိတယ်။ လုပ်မယ်ဆိုရင် လုပ်နိုင်ပေမယ့် မသေချာဘူး။ အဲ့ဒါကတော့ သူတို့အပေါ် မှာပဲ မူ တည်ပါတယ်။ လုပ်နိုင်ရင်တော့ တိုင်းပြည် အတွက် ကောင်းတာပေါ့။ အဲ့ဒီမှာ အခြေအနေ သုံးခု ပြည့်စုံမှ အပြောင်း အလဲက ညင်သာမှာ။ ပထမအခြေအနေက ပြုပြင် ပြောင်းလဲလိုသူတွေက ပြုပြင်ပြောင်း လဲရေး မလိုလားသူတွေကို ထိန်းနိုင်ရမယ်။ အစိုးရတစ်ရပ်မှာ ပြုပြင်ပြောင်းလဲရေး မလိုလားသူတွေအပေါ် စီးရသွားလို့ မဖြစ်ဘူး။ ဒီလိုပဲ အတိုက်အခံတွေမှာလည်း ပျော့ပြောင်းတဲ့သူတွေက တင်းမာတဲ့သူတွေ အပေါ်ထိန်းနိုင်ရမယ်။ ဒီလိုမထိန်းနိုင် ရင် အတိုက်အခံဘက်ကလည်း အလွန်အကျွံတွေ ဖြစ်သွားနိုင်တယ်။ ဒါက သီအိုရီကိုပြောတာ။ ဒီလိုနှစ်ချက်ပြည့်စုံမှ တတိယအချက်အနေနဲ့ အစိုးရဘက်က ပြုပြင် ပြောင်းလဲရေးကို
လိုလားသူတွေနဲ့ အတိုက်အခံဘက်က ပျော့ပြောင်းတဲ့ သူတွေကြားမှာ နိုင်ငံရေးပဋိဉဉ် တစ်ခု ထွက်လာမှာ။ ဒီသုံးချက်ပြည့်စုံမှ အပြောင်းအလဲကညင်သာနိုင်မယ်။
ခက်တာက မြန်မာပြည်မှာ အခုထိ အဲ့ဒီသဘောမျိုးဆောင်တာ မတွေ့ရ သေးဘူး။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Mizzima - News in Burmese

2 comments:
Mr. Kyaw Win ignores the entire people (90%+) who voted for 2008 constitution. These voters expected the Government. MPs, Tat-Ma-Daw to do strictly in accordance with the 2008 Constitution. Only 4 persons (Su Kyi, Shwe Mann, Kar-Choke, and Thein Sein and their hench men and women won't do.
U Kyaw Win seems to consider silent individual majority as non entities and only please political activists because he is scared of their criticisms. He is not a man of integrity. He is a coward.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်