Subscribe to our RSS Feed

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ၂၀၁၄ ခုနှစ်၊ မတ်လ (၂၆-၂၇) ရက်များတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအရ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

From : ..သတင်းထုတ်ပြန်ရေးအဖွဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် (  ၄  /၂၀၁၄ )

၂၀၁၄ ခုနှစ်၊  ဧပြီလ    ၉     ရက်

၁၃၇၅ ခု၊ တန်ခူးလဆန်း    ၁၀     ရက်

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ၂၀၁၄ ခုနှစ်၊ မတ်လ (၂၆-၂၇) ရက်များတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအရ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်


 ၁။     ရခိုင်ပြည်နယ် စစ်တွေမြို့၌ ၂၀၁၄ ခုနှစ်၊ မတ်လ(၂၆-၂၇) ရက်များတွင် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ရုံးများ၊ သိုလှောင်ရုံများနှင့် နေအိမ်များကို လူအုပ်စုဖြင့် အဓမ္မဝင်ရောက်ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ ယင်းသို့ ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရန်၊ ဥပဒေနှင့်အညီ ထိရောက်စွာ တုံ့ပြန် အရေးယူဆောင်ရွက်နိုင်ရန်၊ အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန်နှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရန်တို့ကို ရည်ရွယ်၍ နိုင်ငံတော်သမ္မတရုံး၏ ၂၈-၃-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂၄/၂၀၁၄) ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း က ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေး၍ ဖြစ်စဉ်ဖြစ်ရပ်နေရာများသို့ ကွင်းဆင်း စစ်ဆေးစေခဲ့သည်။

၂။     စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံတင်ပြမှုအရ အောက်ပါ အကြောင်းရင်းများကြောင့် အဆိုပါ ဖြစ်စဉ်ဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်-

 (က)နိုင်ငံတော်အစိုးရက သန်းခေါင်စာရင်းကောက်ယူရာတွင် ဒေသခံ တိုင်းရင်းသား အချို့ လက်မခံနိုင်သော ကိစ္စ အတွက် ဆန္ဒပြသည့်အနေဖြင့် Malteser International အဖွဲ့မှငှားရမ်း၍ ရုံးဖွင့်ထားသော ရခိုင်အမျိုးသားပိုင် အဆောက်အအုံတွင် အိမ်ရှင်ဖြစ်သူက ၎င်း၏သဘောဖြင့် သာသနာ့အလံကို လွှင့်ထူထားရာ၊ ယင်းသို့ ဆောင်ရွက်မှုသည် နိုင်ငံတော် အစိုးရအပေါ် ဆန့်ကျင်ဆောင်ရွက်သည့်သဘော သက်ရောက်သဖြင့် ထိုသို့ ဆောင်ရွက်၍မရသော ၎င်းတို့အဖွဲ့အစည်း၏မူအရ အဆိုပါအဖွဲ့မှ နိုင်ငံခြားသူ Ms. Yvonne Dunton သည် သဘောရိုးဖြင့် အလံကို ဖြုတ်သိမ်းခဲ့သည်။ နိုင်ငံရေး လှုပ်ရှားမှု ရှုပ်ထွေးချိန်တွင် ယင်းနိုင်ငံခြားသူ၏ သဘောရိုးဖြင့် ဆောင်ရွက်မှုသည် ဥပဒေချိုးဖောက်မှု မပေါ်ပေါက်သော်လည်း မမှန်မကန် စည်းရုံး လှုံ့ဆော်သူ အချို့၏ ပယောဂကြောင့် ဒေသခံတိုင်းရင်းသားအချို့မှ နိုင်ငံတကာ အဖွဲ့အစည်းများအပေါ် အထင်အမြင်လွဲမှားမှု ပိုမိုမြင့်တက် လာခြင်း ဖြစ်ကြောင်း သိရသည်။

 

(ခ)အဆိုပါ နိုင်ငံခြားသူသည် မြန်မာနိုင်ငံသို့ ၁၉၉၃ ခုနှစ်ကတည်းက ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံရှိ ပြည်သူများ၏အကျိုးကို အကူအညီ ပေးလိုသောကြောင့် ဆန္ဒပြု၍ တာဝန် ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရသည်။ ၎င်းကိုယ်တိုင် လွန်ခဲ့သည့် နှစ် ၂၀ ခန့်မှစ၍ ဗုဒ္ဓဘာသာ တရားတော်ကို ယုံကြည်စွာ လေ့လာ ဆည်းပူးနေသူဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားသည့် သာသနာ့အလံကို မဖွယ်မရာ ပြု­လုပ်လိုသော စိတ်ဆန္ဒ အလျဉ်းမရှိကြောင်း ပေါ်ပေါက်သည်။

(ဂ)ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိကြသော ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့မှ ဝန်ထမ်းအချို့၏ တာဝန် ထမ်းဆောင်မှုအပေါ် ဒေသခံတိုင်းရင်းသားအချို့က သံသယ ဝင်ကာ ယုံကြည်မှု လျော့ပါးလျက်ရှိသည်။ ထိုအချိန်တွင် သာသနာ့အလံကို သဘောရိုးဖြင့် ဖြုတ်ယူ သိမ်းဆည်းခဲ့ခြင်းအပေါ် ကောလာဟလ သတင်းများ ဖြန့်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများအား ဒေသခံတိုင်းရင်းသားများက အထင်အမြင်လွဲမှားမှု ပိုမိုမြင့်တက်လာအောင် စည်းရုံး လှုံ့ဆော်၍ စစ်တွေမြို့ပေါ်တွင် ရှိသော ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများပိုင် ရုံးနှင့် ရုံးသုံးပစ္စည်းများ၊ နေအိမ်များ၊ ထောက်ပံ့ရေးသိုလှောင်ရုံများနှင့် ပစ္စည်းများ၊ ယာဉ်များကို အချိန်တိုအတွင်း လူအုပ်စုဖွဲ့၍ အဓမ္မ ဖျက်ဆီးခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။


(ဃ)ဒေသခံတိုင်းရင်းသားအချို့၏ ဖျက်ဆီးမှုကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သောအဖွဲ့အစည်း ၁၈ ဖွဲ့တို့၏ ရုံး ၁၄ ရုံး၊ နေအိမ် ၁၆ လုံး၊ သိုလှောင်ရုံ ၁၅ လုံး၊ မော်တော်ယာဉ် ၁၄ စီး၊ ရေယာဉ် ၂ စီး၊ မော်တော်ဆိုင်ကယ် ၂၉ စီးနှင့် ရုံးသုံး ပစ္စည်းများ ခန့်မှန်းတန်ဖိုး ကျပ်သန်း ၄၃၀ ခန့်နှင့် အမေရိကန်ဒေါ်လာ ၄၃၀,၀၀၀ ခန့် ပျက်စီး ဆုံးရှူံးခဲ့ကြောင်း သိရသည်။


(င)ဒေသအာဏာပိုင်အဖွဲ့အနေဖြင့် အချိန်တိုအတွင်း ထိရောက်သော ကာကွယ်မှုများ မပေးနိုင်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ သော်လည်း၊ နိုင်ငံခြားသား ဝန်ထမ်းများအား လုံခြုံမှုရှိအောင် ကာကွယ်ေ ဆာင်ရွက်ပေးနိုင်သဖြင့် ထိခိုက်ဒဏ်ရာ ရရှိမှု မဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိ ရသည်။

၃။     နိုင်ငံတော်အစိုးရအနေဖြင့် အောက်ပါအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံတကာနှင့် အများပြည်သူတို့ သိရှိနိုင်ရန် သတင်းထုတ်ပြန် အပ်ပါသည်-


(က)စစ်တွေမြို့တွင် ကျန်ရှိနေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်း များမှ နိုင်ငံခြားသားဝန်ထမ်းများ၏ လူပုဂ္ဂိုလ် လုံခြုံရေး၊ ရုံးနှင့် နေအိမ်များ လုံခြုံရေး၊ တာဝန်ထမ်းဆောင်သည့် လုပ်ငန်းခွင်လုံခြုံရေးများအတွက် ထိရောက်စွာ အကာအကွယ် ပေးဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့ပြင် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားသော နိုင်ငံခြားသား ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းခွင်သို့ လုံခြုံစွာဖြင့် ပြန်လည်တာဝန် ထမ်းဆောင်နိုင်ရေး ကိုလည်း ကူညီပေးသွားမည် ဖြစ်သည်။


(ခ)ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားသော အကူအညီ ပေးရေးလုပ်ငန်း များဆောင်ရွက်လျက် ရှိသည့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်း များအနေဖြင့် ရည်မှန်းချက်တာဝန်များကို မူလအခြေအနေအတိုင်း လုံခြုံစိတ်ချစွာ ထမ်းဆောင်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့ ညှိနှိုင်း၍ လုံခြုံရေးပြည့်ဝစွာ ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ပြီး ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှု များကိုလည်း တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်သည်။

(ဂ)ပြည်နယ်အစိုးရသည် ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားချင်း လျင်မြန်ထိရောက်စွာ တုံ့ပြန် အကာအကွယ်ပေးနိုင်မှု အားနည်းကြောင်းတွေ့ရှိရသဖြင့် နောင်တွင် အလားတူမဖြစ်ပွား စေရေး အာဏာပိုင်အဖွဲ့များနှင့် လုံခြုံရေး တပ်ဖွဲ့များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စု အစိုးရအဖွဲ့သည် အရေးပေါ်အခြေအနေများဆိုင်ရာ အထောက်အကူပြုအဖွဲ့ကို ဆောလျင်စွာ ဖွဲ့စည်း တာဝန်ပေး၍ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

(ဃ)ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများပိုင် ရုံးအဆောက်အအုံများ၊ နေအိမ်များ၊ သိုလှောင်ရုံများ၊ ယာဉ်နှင့်ပစ္စည်းများကို လူစုလူဝေးဖြင့် အဓမ္မ ဖျက်ဆီးခဲ့ရာတွင် ပါဝင်ကျူးလွန်သူများကို လည်းကောင်း၊ ထိုသို့ဖြစ်ပွားရန် မမှန်မကန် သတင်းဖြန့်၍ စည်းရုံး လှုံ့ဆော်သူများကို လည်းကောင်း ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

2 comments:

အော် ဖြစ်မှ ဖြစ်ရလေ။

Ms. Yvonne Dunton is lying. I do not believe that she is a Buddhist. The committee only took her words. Did the committee ask her to recite BUDDHAN THATANAN GISSARMEE, DARMAN THARENAN GISSARMEE, THANGHAN THARANAN GISSARMEE? Did the committee ask her to recite AUKAR THA PHAYAR SHEE KHOO? Did the committee ask her to recite GOAN DAW KOE PAR? Can she Shee-Kho properly to Buddha or Monks? I do not think so.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်