Subscribe to our RSS Feed

ပါတီတွင်အသုံးပြုထားသည့်ဒေါင်းတံဆိပ်သည် ရန်လိုနေသည့်ဒေါင်းမဟုတ်ဟု အမျိုးသားတိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာနေဇင်လတ်ပြောကြား

From : ..မြေးချစ်ညို

အမျိုးသားတိုးတက်ရေးပါတီအမှတ်တံဆိပ်အဖြစ်အသုံးပြုထားသည့် ဒေါင်းတံဆိပ်မှာ ရန်လိုနေသည့် ဒေါင်းမဟုတ်ပဲ ကဒေါင်းကိုသာရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာနေဇင်လတ်ကပြောကြားသည်။

“ ဒေါင်းတွေထဲမှာ ပုံစံအမျိုးမျိုးရှိတယ် ၊ ကျနော်တို့ရွေးလိုက်တဲ့ဒေါင်းက အမျိုးသားရေးလက္ခဏာဖြစ်တဲ့ ကဒေါင်းကိုရွေးထားတာက ညီညွတ်မှုအပေါ်အခြေခံထားလို့ဖြစ်ပါတယ် ၊ ရန်လိုနေတဲ့ဒေါင်းပုံမဟုတ်ပါဘူး” ဟု ဒေါက်တာနေဇင်လတ်က မန္တလေးမြို့ အမျိုးသားတိုးတက်ရေးပါတီရုံးခွဲဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ဇူလိုင်လ ၁၉ရက်နေ့ကကျင်းပပြုလုပ်သည့် အမျိုးသားတိုးတက်ရေးပါတီ မန္တလေးရုံးတွင် ဥက္ကဌဖြစ်သူ ဒေါက်တာနေဇင်လတ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပါတီအနေဖြင့် တည်ထောင်သည့်ကာလမှ ၂လသက်တမ်းသာရှိပြီဖြစ်သော်လည်း ပါတီဝင်နေသူစာရင်းမှာ တစ်ရက်လျှင်သောင်းဂဏန်းမျှရှိနေကြောင်းကိုလည်း ယင်းက ပြောကြားသည်။

“ ပါတီဝင်စာရင်းက နေ့တိုင်းအပြောင်းအလဲဖြစ်နေတယ် ၊ တစ်ရက်ကိုသောင်းဂဏန်းထိဝင်နေတယ် ၊ အတိအကျပြောလို့မရသေးဘူး” ဟု ဒေါက်တာနေဇင်လတ်ကပြောကြားသည်။

ဒေါက်တာနေဇင်လတ်အနေဖြင့် ၎င်း၏ပါတီတွင်သုံးထားသည့်ဒေါင်းမှာ ရန်လိုနေသည့်ဒေါင်းမဟုတ်ဟု ပြောဆိုခဲ့ခြင်းအပေါ် မန္တလေးမြို့မှ ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ညီညီကျော်က ဒေါက်တာနေဇင်လတ် အနေဖြင့် ထိုကဲ့သို့ပြောဆိုခြင်းသည် ခွဲခြားဆက်ဆံခြင်းဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့သည်။

“ ဒေါင်းကို အမျိုးသားရေးတစ်ရပ်အနေနဲ့သုံးကြတယ် ၊ အဲဒီနေရာမှာ ဘယ်ဒေါင်းဟာ ရန်လိုတယ် ၊ ဘယ်ဒေါင်းဟာ သိမ်မွေ့နှုးညံ့တယ်လို့တော့ မရှိပါဘူး ၊ ဒါကိုက ခွဲခြားမှုပါပဲ” ဟု ညီညီကျော်က တုန့်ပြန်ခဲ့သည်။

ကျောင်းသားလှုပ်ရှားမှုတွင် စတင်ခဲ့သည့် ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးများကို စော်ကားသည့်အသုံးအနှုံးများထွက်လာခြင်းသည် ပါတီဥက္ကဌဖြစ်ဖြစ် သာမန်အရပ်သားဖြစ်ဖြစ် ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိကြောင်းကိုလည်း ယင်းကဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒေါင်းတံဆိပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ၈၈မျိုးဆက်သစ်ကျောင်းသားလူငယ်များပါတီ ၊ ဒီမိုကရက်တစ်ပါတီ မြန်မာပြည် တို့တွင်လည်း အသုံးပြုထားခဲ့ပြီး ယခု အမျိုးသားတိုးတက်ရေးပါတီအပါအ၀င် ဒေါင်းတံဆိပ်အသုံးပြုသည့်ပါတီလေးခုရှိပြီဖြစ်သည်။


.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်