Subscribe to our RSS Feed

ရေလွှမ်းမိုးမှု ဖြစ်လာလျှင် ဘာလုပ်ရမလဲ (ဆောင်းပါး)

From : .. MOI

မိုးတွင်းကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှု၊ မုန်တိုင်းတိုက်ခတ်မှုနှင့် ရေကြီးရေလျှံမှုများ တွေ့ကြုံရလေ့ရှိရာ ဇွန်လကုန်နှင့်ဇူလိုင်လဆန်းတို့တွင် ရခိုင်ပြည်နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဇူလိုင် ဒုတိယပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေ လျှံမှုများ၊ ဆည်တာတမံ ရေလွှဲများ ရေထုတ်လွှတ်မှုများပြားမှုကြောင့် ကျေးရွာအချို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်။
ယင်းသို့ သဘာဝဘေး အန္တရာယ်ကြောင့် ရေလွှမ်းမိုးမှုများကို ကြိုတင် ကာကွယ်ရန်နှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ပါက လိုက်နာဆောင်ရွက်ရန် အချက်အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာလျက်ရှိသည်။
သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသော ဘေးဒုက္ခများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင် သူများမှ လိုက်နာဆောင်ရွက်ရန် အချက်များအဖြစ် ထုတ်ပြန်ကြေညာထား ရာ
ရေလွှမ်းမိုးနိုင်ခြေရှိသောဒေသနေပြည်သူများအနေဖြင့်-
ေ ရလွှမ်းမိုးမှုမတိုင်မီ
မိုးလေဝသသတင်းကို အမြဲမပြတ်နားထောင်ပါ။
ရွှေ့ပြောင်းထွက်ခွာရေးအိတ်တစ်ခုကို ပြုလုပ်ထားပါ။
ရွှေ့ပြောင်းထွက်ခွာရေး လမ်းကြောင်းများကို လေ့ကျင့်မှတ်သားထားပါ။
အိမ်မွေးတိရစ္ဆာန်များနှင့် မွေးမြူရေးတိရစ္ဆာန်များကို ဘေးကင်းရာ သို့ ရွှေ့ပြောင်းထားပါ။ သင့်နေအိမ် အား ခိုင်ခံ့အောင် ပြင်ဆင်ပါ။
သဘာဝဘေးအန္တရာယ် လျှော့ချရေး( Disaster Risks Reduction-DRR) ကဏ္ဍတွင် အရေးကြီးသည့် ကြိုတင်ပြင်ဆင်မှု အဖြစ် ရွှေ့ပြောင်း ထွက်ခွာရေးအိတ်( Migration Bag ) တွင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ အတွက် ရေလုံအိတ်၊ငွေစက္ကူနှင့် တန်ဖိုးရှိပစ္စည်းများအတွက် ရေလုံအိတ်၊တစ်ကိုယ်ရေသုံး ပစ္စည်း များနှင့်အဝတ်အထည် နှစ်စုံခန့်အတွက် ရေလုံအိတ်၊ အရေးပေါ်ချက်ပြုတ် စားသောက် ရန် အိုးခွက်နှင့် အစားအစာတို့ အတွက် ရေလုံအိတ်များ ကြိုတင်ပြင်ဆင်၍ ထုပ်ပိုးထားသင့်သည်။
အရေးကြီးဆုံးအချက်အနေဖြင့် ရေကြီးရေလျှံချိန်တွင် ရေနစ်သေဆုံးမှု များမဖြစ်ပေါ်စေရန် ရေပေါ် ပေါ်နိုင်သည့် ဗောကွင်း၊ ကျွတ်တာယာ၊ ရေသန့် ဘူးကြီးနှင့် ဝါးပိုးဝါးလုံးကြီးများကို ကြိုတင်ပြင်ဆင်ထားသင့်သည်။ရေတက်နေစဉ် အန္တရာယ်ရှိ၍ပြောင်းရွှေ့ရန်လိုအပ်ပါက စနစ်တ ကျပြောင်းရွှေ့ပါ။
အစားအစာများကိုသေချာစွာချက်ပြုတ်ပါ။ စနစ်တကျဖုံးအုပ်ပါ။
မတော်တဆ ထိခိုက်ဒဏ်ရာများနှင့် ရေကြောင့် ကူးစက်တတ်သော ရောဂါများ မဖြစ်ပွားစေရန်နှင့် အတူပါလာသော အဆိပ်ရှိ သတ္တဝါများ တုပ်ခြင်း၊ ကိုက်ခြင်းတို့ကို သတိထားပါ။ ဆုံရပ်သို့ သွားပါ။
မလိုအပ်ဘဲရေစိုမခံပါနှင့်။ အိမ်ထဲတွင်နေပါ။
လျှပ်စစ်မီးခလုတ်ကို ပိတ်ပါ။ အိမ်မှ ထွက်ခွာလျှင် လုံခြုံရေးအတွက် ပြတင်းပေါက်များကို ပိတ်ထားပါ။
ရေပြန်ကျပြီးနောက်
ရေကြီးခဲ့သော နေရာ အဆောက်အအုံသို့ ချက်ချင်းပြန်မသွားရ၊
မှောင်နေပါက လက်နှိပ်ဓာတ်မီး အသုံးပြုပါ။
နေအိမ်အနီး လျှပ်စစ်ဓာတ်ကြိုးများ၊ တယ်လီဖုန်းကြိုးများ ပြတ်ကျနေသည်ကို တွေ့ရှိပါက သက်ဆိုင်ရာဌာနသို့ အကြောင်း ကြားပါ။
ရေမြုပ်နေသော လျှပ်စစ်ပစ္စည်းများကို တွေ့ရှိပါက ခလုတ်မဖွင့်ပါနှင့်။ လျှပ်စစ်ကျွမ်းကျင်သူအား အရင်စစ်ဆေးခိုင်းပါ။
ရေကို ကျိုချက်သောက်ပါ။
စသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ဖော်ပြထားသည်။
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီဆိုလျှင် သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့်
ကယ်ဆယ်ရေးစခန်းများ အမြန်တည်ထောင်ရန်နှင့် ခြောက်သွေ့သည့် နေရာ၊ ရေဘေးလွတ်ကင်းနိုင်သည့်နေရာ၊ ကျယ်ဝန်းသည့်နေရာများ (ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း)တွင် ခေတ္တနေရာချထားခြင်း၊
သန့်ရှင်းသောရေအရင်းအမြစ်များ ရှာဖွေပြင်ဆင်ခြင်း၊ အများသုံး ရေချိုးခန်း၊ အိမ်သာများ ကျား၊ မ ခွဲ၍ အမြန်ဆုံးတည်ဆောက်ခြင်း၊
ကျန်းမာရေး ဆေးပေးခန်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးနှင့် သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါဝေဒနာသည်များအား အမြန် ဆုံးနေရာချထားနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊
သောက်သုံးရေနှင့် အစားအစာများ ချက်ပြုတ်ကျွေးမွေးနိုင်ရန် အမြန်ဆုံး စီစဉ်ခြင်း၊
အိုးခွက်ပန်းကန်များ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းများနှင့် အဝတ်အထည်များ ဝေငှနိုင်ရန် စီစဉ်ခြင်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးမည့် စေတနာ့ဝန်ထမ်းများ စုစည်းပြင်ဆင် ခြင်း၊
ယင်းလုပ်ငန်းများဆောင်ရွက်ဆဲတွင် တစ်ဖက်မှလည်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများက ရေဘေးသင့်သူများ ရှာဖွေခြင်း၊ ယာယီကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်ပေးခြင်း၊ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသူများကို စနစ်တကျ စာရင်း ပြုစု၍ ကျား၊ မ ခွဲခြားနေရာချ ထားခြင်း၊ ထောက်ပံ့ပစ္စည်းတွေ စနစ်တကျ ဝေငှခြင်း၊ ဆေးဝါးကုသပေးခြင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာဖြန့်ဝေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ခြင်း၊
သဘာဝဘေးအန္တရာယ်မှ ကျော်လွန်ကာလများတွင် သဘာဝဘေး ဒဏ်ခံပြည်သူများအတွက် ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကြိုတင်စီမံခြင်း။
လုပ်ငန်းများကို ရေတိုစီမံခန့်ခွဲမှုများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်လိုကြောင်း သိရသည်။
စိုးမိုး


.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်