Subscribe to our RSS Feed

အမေရိကန်က အာဖဂန်စစ်ဘက်စစ်ဆေးရေးဂိတ်ကို မှားယွင်း ဗုံးကြဲမိသဖြင့် ၁၀ ဦးသေဆုံး

From : .. ဆင်ဟွာ။

အာဖဂန်နစ္စတန်အရှေ့ပိုင်း လိုကာပြည်နယ်ရှိ စစ်ဘက်စစ်ဆေးရေးဂိတ်ကို အမေရိကန် ရဟတ်ယာဉ်၏ မှားယွင်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရသောကြောင့် တပ်ဖွဲ့ဝင် ၁ဝ ဦး သေဆုံးခဲ့ရကြောင်း အာဖဂန်နစ္စတန်နိုင်ငံ စစ်ဘက် အရာရှိတစ်ဦးက ဇူလိုင် ၂ဝ ရက်နေ့တွင် ပြောကြားခဲ့သည်။
အမေရိကန် ရဟတ်ယာဉ်များသည် ယနေ့နံနက် ပိုင်းတွင် စစ်ဘက်စစ်ဆေးရေးဂိတ်ကို ဗုံးကြဲတိုက်ခိုက် ခဲ့ကြကြောင်း၊ အနည်းဆုံး တပ်ဖွဲ့ဝင် ၁ဝ ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုတိုက်ခိုက်မှုသည် မှားယွင်းတိုက်ခိုက်မှုဖြစ်ပြီး အဆိုပါစစ်ဆေးရေးဂိတ်သည် အမေရိကန်၏ တိုက်ခိုက်ရေးပစ်မှတ်မဟုတ်ခဲ့ကြောင်း အမည်မဖော်လိုသူစစ်ဘက်အရာရှိတစ်ဦးက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံကာကွယ်ရေးဌာန ပြောရေး ဆိုခွင့်ရှိသူက ယခုဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည် မှားယွင်းတိုက်ခိုက်မှုဖြစ်ခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် စစ်ဘက်ဆိုင်ရာမှ ယခုကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ဦးဆောင်သော အနောက်အုပ်စု မဟာမိတ်အဖွဲ့သည် ၂ဝ၁၄ ခုနှစ် နှစ်ကုန်တွင် အာဖဂန်နစ္စတန်နိုင်ငံ စစ်ဆင်ရေး တရားဝင်ပြီးဆုံးခဲ့ပြီး လက်ရှိ အချိန်တွင် စစ်သည် ၁၃ဝဝဝ ထားရှိပြီး ဒေသတွင်းလုံခြုံရေး တပ်ဖွဲ့အား လေ့ကျင့်ရေးနှင့် ညွှန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်