Subscribe to our RSS Feed

ကုလသမဂ္ဂ၏ ဒုတိယမြောက် ထောက်ပံ့ရေးယာဉ်တန်း ကေအိုင်အို ထိန်းချုပ်နယ်မြေသို့ ထပ်မံသွားရောက်ခဲ့

 From:မြန်မာ့တိုင်းမ်



အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို သယ်ဆောင်သွားသည့် ကုလသမဂ္ဂယာဉ်တန်းသည် ကချင်ပြည်နယ်တွင်းရှိ ပဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသများသို့ လွန်ခဲ့သည့် ရက်သတ္တပတ်က ရောက်ရှိသွားကြောင်း သိရသည်။ “ကုလသမဂ္ဂက အစိုးရနဲ့အပြင် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)တို့နဲ့ စဉ်ဆက်မပြတ် ဆွေးနွေးမှုတွေ နောက်ပိုင်းမှာ ဒါဟာကြီးမားတဲ့ တိုးတက်မှု တစ်ခုဖြစ်ပါတယ်” ဟု ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သူ Mr. Ashok Nigam က ရန်ကုန်မြို့တွင် ပြောသည်။ ကုန်တင်ယာဉ်လေးစီးနှင့် ကုလ၏ အခြားယာဉ်နှစ်စီးပါဝင်သည့် ယာဉ်တန်းသည် ကေအိုင်အိုက ထိန်းချုပ်ထားသည့် ရှာဒန်မြို့နယ်သို့ မြစ်ကြီးနားမြို့မှတစ်ဆင့် မတ်လ ၂၄ ရက်နေ့တွင် ရောက်ရှိခဲ့သည်။ လူ ၁,၀၀၀ ကျော်အတွက် တစ်လစာရိက္ခာများကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး လာမည့် မေလတွင် စတင်ဖွယ်ရှိသည့် မိုးရာသီအတွက် လိုအပ်မည့် ပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်နိုင်မည် ဖြစ်သည်။ အစိုးရတပ်များနှင့် ကေအိုင်အိုတို့ လက်နက်ကိုင်တိုက်ပွဲများ စတင်ချိန်မှ စတင်ခါ ကေအိုင်အို ထိန်းချုပ်နယ်မြေဘက်သို့ ကုလသမဂ္ဂကို သွားရောက်ရန် အစိုးရက ခွင့်ပြုခဲ့ခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။ ကုလ၏ ခန့်မှန်းချက်အရ လူပေါင်း ၆၀,၀၀၀ ခန့်မှာ ပဋိပက္ခကြောင့် နေရပ်များ စွန့်ခွာကာ ရွှေ့ပြောင်းနေထိုင်နေကြရသည်။ ထိုအထဲမှ ၂၀,၀၀၀ ခန့်မှာ အစိုးရထိန်းချုပ်ဒေသများတွင် ဖြစ်ကာ ကျန် ၄၀,၀၀၀ မှာ ကေအိုင်အိုနယ်မြေတွင် ဖြစ်သည်ဟု ဆိုသည်။ အခြားထောင်ပေါင်းများစွာသော လူများမှာလည်း တရုတ်နိုင်ငံဘက်ခြမ်းတွင် လက်ခံထားသည့် မိသားစုများနှင့်အတူ နေထိုင်နေကြရသည်ဟု ခန့်မှန်းထားသည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာတွင် အစိုးရ၏ အကူအညီပေးရန် တောင်းဆိုချက်အရ ကုလသမဂ္ဂသည် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့များ၏ အကူအညီဖြင့် အစိုးရထိန်းချုပ်နယ်မြေရှိ မြို့နယ်ငါးခုမှ ဒေသတွင်း ရွှေ့ပြောင်းနေထိုင်နေရသူ ၆,၀၀၀ ခန့်အား လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အဓိကလိုအပ်မှုများမှာ အရေးပေါ် ပစ္စည်းများ၊ ရေနှင့်မိလ္လာ၊ အစားအစာ၊ ဆေးဘက်ဆိုင်ရာ အကူအညီနှင့် ပညာရေးဆိုင်ရာ ပစ္စည်းများ လိုအပ်နေသည်ကို တွေ့ရှိခဲ့ကြသည်။ ရွှေ့ပြောင်းလာကြသူများအနေဖြင့် ၎င်းတို့၏ လယ်ယာများကို စွန့်ခွာခဲ့ကြရပြီး စိုက်ပျိုးထားသည်များ ဆုံးရှုံးခဲ့ရသဖြင့် ၂၀၁၃ ခုနှစ် အကုန်အထိ စားနပ်ရိက္ခာ မလုံလောက်မှု ကြုံတွေ့ရနိုင်သည်ဟု သိရသည်။ ထို့ပြင် နေရပ်ဒေသများတွင် ၎င်းတို့၏ ဘဝများကို ပြန်လည်ထူထောင်ပေးနိုင်ရန်အတွက် ရေရှည်အကူအညီများလည်း လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။ 

Myanmar Express 

1 comments:

နှစ် ပေါင်းများစွာ SSA, NMSP, ALPစတဲ့ဗုဒ္ဒဘာသာအ များစုအဖွဲ့တွေရဲ့ နယ်မြေတွေကလူ.အခွင့် အရေးချိုးဖောက်တာတွေ ကိုဘာမှလုပ်မပေးပဲKIAနဲ့မှဘာလို့ ဒီလောက်အသဲအသန်ဖြစ်နေ ကြတာလဲ စဉ်းစားကြပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်