Subscribe to our RSS Feed

အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမှု ယာယီသာဖြစ်

From : ခေတ်လူငယ်


နိုင်ငံအတွင်း မီးသုံးစွဲသူဦးရေး တိုးတက်များပြားလာခြင်း၊ နိုင်ငံ/ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံများ တိုးတက်များပြားလာခြင်း၊ နွေရာသီအပူချိန် မြင့်မားသဖြင့် ရေခဲသတ္တာနှင့် လေအေးပေးစက်များ ပိုမိုသုံးစွဲလာခြင်းအပြင် ရေခဲစက်များ ပိုမိုလည်ပတ်လာရခြင်း တို့ကြောင့် ဓာတ်အား လိုအပ်ချက်မှာ မြင့်မားလျက်ရှိရာ တစ်နိုင်ငံလုံးဓာတ်အား လိုအပ်ချက်မှာ (၁၈၉၀) မဂ္ဂါဝပ်အထိ တိုးမြင့်လာပြီး ဓာတ်အားဖြန့်ဝေနိုင်မှုမှာ (၁၅၀၀) မဂ္ဂါဝပ်သာရှိခဲ့သည်။ ထိုသို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပိုမိုများပြားလာခြင်းကြောင့် ပြည်သူများ လျှပ်စစ်ဓာတ်အားကို ညီမျှစွာရရှိစေရေးအတွက် ဧပြီလမှစ၍ အလှည့်ကျ ဝန်အားလျှော့စနစ်ကို အသုံးပြု၍ ဓာတ်အားဖြန့်ဖြူးခဲ့ရာမှ ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့တွင်းမြို့နယ်များအား ၂၄ နာရီ စနစ်ဖြင့်လည်းကောင်း၊ မန္တလေးခရိုင် အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြို့နယ်အသီးသီးအလိုက် အုပ်စုသုံးစုခွဲ၍ အုပ်စုတစ်စုလျှင် ၆ နာရီ သာ အလှည့်ကျဓာတ်အား ဖြတ်ထားရကြောင်း၊ ထိုသို့ ပြည်သူများလျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများကို ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ ဓာတ်အားပိတ်ထား၍ လည်းကောင်း၊ စက်မှုဇုန်များတွင် အုပ်စုနှစ်စုခွဲ၍ နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အုပ်စုတစ်စုနှင့် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ အုပ်စုတစ်စုစသည်ဖြင့် အုပ်စုနှစ်စုခွဲကာ အလှည့်ကျ စနစ်ဖြင့်လည်ကောင်း၊ ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ စက်မှုဇုန်အားလုံးကို ဓာတ်အားပိတ်၍ လည်းကောင်း၊ သံရည်ကျိုလုပ်ငန်းများ၊ ရပ်ကွက်အတွင်းရှိ စက်မှုလုပ်ငန်းများအပါအဝင် စက်မှုလုပ်ငန်းအားလုံးကို ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ လျှပ်စစ်ဓာတ်အား ပိတ်၍လည်းကောင်း စနစ်တကျ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား ယခုထက် ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် စက်များကြံ့ခိုင်မှု တိုးတက်အောင် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းသို့ အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးခြင်းမှာလည်း ယာယီအခိုက်အတန့်သာဖြစ်ပြီး မကြာမီကာလအတွင်း ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးသွားနိုင်ရေး စီစဉ်လျက်ရှိကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်